Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကျွန်တော့်ဆံပင်တွေ ရှည်တုန်းက
အစ/အဆုံး
သစ္စာနီ

(၁)
ကျနော်ဆံပင်တွေရှည်တုန်းက...
ကျနော် အရပ်မရှည်ပါ။ ကျနော့်အင်္ကျီကော်လံကတော့ ရှည်ပါသည်။ ကျနော်ကြိုက်သော ကောင်မလေးကလည်း ရှည်ပါသည်။ (သူမအရပ်အမောင်းကိုမှီရန် သို့မဟုတ် မီသည်ဟု အထင်ရောက်စေရန် ကျနော်သည် ခွာလေးလက်မခန့် မြင့်သော ဟိုက်ဟီး ရှူးဖိနပ်ကို သူမနှင့်ဆုံရန် ရှိတိုင်း ဂရုပြုကာ စီးလေ့ရှိပါသည်။) ကျနော့်ရည်းစားစာကလည်း ရှည်ပါသည်။ သို့သော် ကျနော်၏ တစ်ဖက်သတ် အချစ်ဇာတ်လမ်းကတော့ မရှည်ပါ။ ကောင်မလေးသည် သူမ၏ချစ်သူ (ကျနော့်ထက်ရော သူမထက်ပါ အရပ်ပိုရှည်သောငနဲ) နှင့် လက်ဆက်သွားပါသည်။ သူတို့၏ အိမ်ထောင်ရေးသက် ရှည်မရှည် ကျနော်မသိပါ။ ကျနော့်အလွမ်းတွေ ရှည်နေခဲ့သည်မှာ နောက်ထပ် ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက်နှင့်ကျနော် တွေ့ဆုံခွင့်ရသည့် အချိန်ထိဖြစ်လေသည်။

(၂)
ကျနော်ဆံပင်တွေရှည်တုန်းက...
ကျနော့်ခြေထောက်တွေလဲ ရှည်ပါသည်။ (လမ်းများခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ကျနော့်အဖေကတော့ အလည်လွန်နေလျှင် ကျနော်ကိုယ်တာ ထမင်း၊ဟင်းများကို နောက်ဖေးလမ်းကြားသို့ လွှင့်ပစ်လိုက်ပါသည်။ သတ်မှတ် ချိန်ထက် နောက်ကျပြန်လာလျှင် (သူ့သတ်မှတ်ချိန်မှာ ည ကိုးနာရီဖြစ်ပါသည်။) တံခါးဝတွင် ကြိမ်လုံးနှင့် စောင့်ကြိုနေ တတ်သည်။ သို့မဟုတ် တံခါးဖွင့်မပေးဘဲ ထားကာ အိမ်အပြင်တွင် အိပ်စက်စေသည်။ သူ့အပြစ်ပေးမှုများမှာ ကျနော့် အတွက် ထူးခြားထိရောက်မှုမရှိပါ။ သူက ကျနော့်ဆံပင်ရှည်သည်ကို ကြည့်မရ။ အတန်းတစ်တန်းတွင် နှစ်အရှည်ကြီး နေတာကို မနှစ်မြို့။ (ကိုးတန်းတွင် ၅ နှစ်နှင့် ဆယ်တန်းတွင် ၅ နှစ်နေထိုင်ခဲ့သည်။) ကျနော့် ကျောင်းသုံးဗလာစာအုပ် များမှာ ကဗျာအကြမ်းများနှင့် ပြည့်ကျပ် ထူပိန်းနေသည်။ ကျနော် မိုးရေထဲတွင် လမ်းအရှည်ကြီး လျှောက်ခဲ့သည်။ ထိုလမ်းသည် အဖေလျှောက်စေချင်သော လမ်းမဟုတ်။ သူနှင့်ကျနော့် ကြားမှ အဆင်ပြေမှုများသည် သူကွယ်လွန်သည့် အချိန်ထိ ရှည်လျားနေခဲ့သည်။

(၃)
ကျနော့်ဆံပင်တွေ ရှည်တုန်းက...
ကျနော့်သူငယ်ချင်းများလည်း ဆံပင်ရှည်ကြသည်။ ဘီတဲလ်တို့လည်း ဆံပင်ရှည်ကြသည်။ ရိုလင်းစတုန်းတို့လည်း ဆံပင်ရှည်ကြသည်။ ကမ္ဘာပေါ်ရှိ လူငယ်များလည်း ဆံပင်ရှည်ကြသည်။ ကျနော်တို့ (ဆံပင်ရှည်များ) မိန်းမနှင့် ကလေးများက ကြောက်လန့်ကြပြီး ဆံပင်တိုသော ယောက်ျားများက ရွံ့မုန်းခဲ့ကြသည်။ လမ်းသရဲဟု အမည်တပ်ကြသည်။ ကျနော်တို့သည် စတီရီယိုဟုခေါ်သော သီချင်းများကို ဆိုကြသည်။ လမ်းမများပေါ်တွင် ရန်ဖြစ်ကြသည်။ အိမ်တွင် မပျော်ပိုက်ကြ။ ပုန်ကန်သူများဖြစ်ကြသည်။ ဘုရားမရှိခိုးသူများ ဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ထူထောင်သူများ ဖြစ်ခဲ့ကြသည်။ ဂျင်းဘောင်းဘီဝယ်ရန် အိပ်မက်မက်ခဲ့သည်။ ကျနော်အသက်သည် ၂၀ ကျော်ဖြစ်သည်။ တိုက်ပုံဝတ်သူများကို စစ်ကြေငြာခဲ့သည်။

(၄)
ကျနော့်ဆံပင်တွေ ရှည်တုန်းက...
လပေါ်ကို လူတို့ ခြေချခဲ့ကြသည်။ မာက်စ်ဝါဒသည် မျိုးဆက်သစ်တို့ ဖက်ရှင်ဖြစ်ခဲ့သည်။ လက်ဖက်ရည်တစ်ခွက်၏ တန်ဖိုးမှာ တစ်မက်ဖြစ်သည်။ အိုင်စတိုင်း၏ ရီလီတီးဗစ်တီ သီအိုရီကို ကြားခဲ့ဖူးသည်။(နားမလည်ပါ။) အင်းယားကန် ထဲတွင် ရေကူးခဲ့ကြသည်။ သမ္မတကနေဒီ သေနတ်ဖြင့် အပစ်ခံရသည်။ ကက်သရင်းဒညုကို လက်ထက်ချင်နေခဲ့သည်။ ကျနော့်တွင် တက်ထရွန်အင်္ကျီ နှစ်ထည်ရှိနေခဲ့သည်။ ကျနော့်ကို ကျနော် အရေးပါသောသူဟု ထင်နေခဲ့သည်။ ပန်းချီကို ဆရာမရှိဘဲ ရေးနေခဲ့သည်။ ဟောလီးဝုဒ်ကားများ ရုံတင်သည့် ရုပ်ရှင်ရုံများတွင် အချိန်ကုန်နေခဲ့သည်။ ဘော်ဘီဖစ်ရှား၏ စစ်တုရင်အကွက်များကို လေ့လာနေခဲ့သည်။ ချီဂွေဗားရား အတ္ထုပတ္တိကို ငါးခါပြန်ဖတ်နေခဲ့သည်။

(၅)
ကျနော့်ဆံပင်တွေ ရှည်တုန်းက...
ဘရစ်တနီစပီယား နှင့် အိန္ဒြာကျော်ဇင်တို့ကို မမွေးသေးပါ။ စကြဝဠာ နှင့် အချိန်၏ အစ (မဟာပေါက်ကွဲမှု) ကို ရှာဖွေ မတွေ့သေးပါ။ ဘာလင်တံတိုင်းကြီးကို မဖြိုဖျက်ရသေးပါ။ ရုပ်မြင်သံကြား မကြည့်ဖူးသေးပါ။ အိုဇုန်းလွှာလည်း မပေါက်ပြဲ သေးပါ။ မဟာစည် ဆရာတော်ဘုရား ပျံလွန်တော်မမူသေးပါ။ ကျနော် စာကြည့်မျက်မှန် အသုံးမပြုသေးပါ။ သန်လျင် နှင့် ရန်ကုန်ကို တံတားမထိုးရသေးပါ။

ကျနော့်ဆံပင်တွေရှည်တုန်းက...
ကျနော် ယခုလိုဆံပင်မတိုပါ။

သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>