Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

နှုတ်ဆက်သူ
အစ/အဆုံး
သူဝေး

သာမန်အနေအထားနဲ့ကြည့်လိုက်ရင်တော့ သူဟာသာမန်လူတစ်ယောက်ပေါ့။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာစည်းမျဉ်းတွေ စစ်တမ်းတွေ အရဆိုရင်တော့ သူဟာ လူအဖြစ်ကယုတ်လျော့နေသူ (သို့) သွေဖယ်ဖို့ကြိုးစားနေသူလို့ လူတွေကသတ်မှတ်ရမလို ဖြစ်နေတယ်။

ပြဿနာကတော့ သူဟာ လူတွေကိုအကြောင်းမဲ့ကြောက်ရွံနေမိတာပဲ။ သူလူမှန်းသိတတ်စကတည်းက လူတွေကို ကြောက်လာတယ်။ လူတွေက နေကောင်းလားလို့ လှမ်းမေးရင်တောင် မင်းသေတော့မယ်လို့ ခြိမ်းခြောက်လိုက်သလို သူကြားရပြီး ကြောက်ရွံနေမိတယ်။ အဲ့ဒီကြောက်ရွံမှုဟာ အထီးကျန်စည်းဝိုင်းကလေးထဲကို သူ့ကိုယ်သူတွန်းပို့နေသလို ဖြစ်လာပါတယ်။ သူ့မှာခလုတ်တိုက်လို့ ' ဥုံဖွ ' လုပ်ပေးမယ့်မိတ်ဆွေသူငယ်ချင်းတောင်မရှိရှာခဲ့ပါဘူး။လမ်းလျှောက်သွားရင်လူတွေနဲ့ပခုံးချင်းမတိုက်မိအောင်သူအမြဲကြိုးစားနေမိတယ်။ ဈေး၊ပွဲတော်နဲ့ မြို့လည်ခေါင်တွေဟာ သူမသွားချင်ဆုံးနေရာတွေပေါ့။ ထွက်ပြေးနေတဲ့သူအဖြစ် သူ့ကိုသုံးသပ်ကြမှာလား။

သူ့အမေကတော့ သူ့ကို အရိပ်တကြည့်ကြည့်နဲ့စိုးရိမ်နေရှာတယ်။ လူ့ပတ်ဝန်းကျင်နဲ့နီးစပ်တဲ့ပုံပြင်တွေဖတ်ပြ၊ သီချင်းတွေဆိုပြတယ်။ သူ့ရောဂါအခြေအနေ တိုးတက်ဖို့ အမေက ထောင့်စုံအောင်ကြိုးစားခဲ့တယ်။ အဖွားဖြစ်တဲ့သူကတော့ မင်းဟာ ကြွက်ကလေး တစ်ကောင်လို အစားအစာကလွဲရင်ကျန်တာကို ကြောက်ရွံနေတာပဲလို့ ပြောတယ်။ အဲ့ဒီအချိန်ကစပြီး သူ့ကိုကြွက်ကလေးလို့ ခေါ်ကြ ပါတော့တယ်။

တစ်ခါက အမေက ကြွက်ကလေးကို မြို့ထဲအတင်းခေါ်သွားကြည့်တယ်။ မြို့ထဲရောက်တော့လမ်းလျှောက်ရင်း သူ့မျက်ဆံလေးတွေဟာ မည်းနက်လာတယ်။ နေရာစုံကို ကတုန်ကရင် ရွေ့ချားလှည့်ပတ်ကြည့်နေတယ်။ သူ့အတွက်ကမ္ဘာမြေဟာ လုံခြုံမှုတစ်စက်မှ မပေး နိုင်ဘူးလို့ သူထင်မြင်နေတယ်။ ဘတ်စ်မှတ်တိုင်တွေနား သူမသွားရဲဘူး။ တက္ကစီကို သူတားမဆီးရဲဘူး။ လိပ်တစ်ကောင်ကသူ့အခွံထဲကို ခေါင်းပုဝင်နေသလို သူကလည်း သူ့အကျီင်္ထဲကို ခေါင်းပြန်လျှိုးဝင်ဖို့ပဲ ကြိုးစားနေတယ်လေ။ နောက်ထပ် မြို့ထဲ ခေါ်မသွားတော့တာပဲ ကောင်းတယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ရေရွတ်ပြောဆိုသေးတယ်။

သူအိမ်မှာ T. V ကြည့်ရင်လည်း လူပုံတွေမပါတဲ့ တိရိစ္ဆာန်ကာတွန်းကားတွေကို ရွေးကြည့်တယ်။ တစ်ခါတစ်ခါ ပြန်စဉ်းစားဖို့လိုတာက သူဟာလူတွေကို ကြောက်တာအပြင် မုန်းတာများရှိနေမလားလို့ ဖြည့်စွက်ယူဆချင်စရာပဲ။ ဒါပေမယ့်သူ့ငယ်ဘဝကလည်းနာကျည်းချက် စွန်းစွန်းထင်းထင်းတွေမရှိလှပါဘူး။ အတန်ငယ်ချမ်းသာတဲ့မိသားစုကနေ သားသမီးတစ်ယောက်အဖြစ် ပေါက်ဖွားတာတာပဲ။

သူ့ဆီမှာ ညီမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီညီမလေးနဲ့လည်း သူအတွေ့မခံနိုင်ဘူး။ သူ့ညီမလေး သူ့အနားတိုးကပ်လာရင်လည်း သူထွက်ပြေးတယ်။ အဲ့ဒီအခါညီမလေးက အူတူတူနဲ့ သူ့အစ်ကိုကို နားမလည်နိုင်ရှာခဲ့ဘူး။

သူနဲ့ နီးနီးကပ်ကပ်နေခွင့်ရတာ သူ့အမေရယ်၊ သူ့ကို အစဉ်တစိုက်အကဲခတ်နေတဲ့ ဆရာဝန်ကြီးရယ်ပဲ။ ဆရာဝန်ကြီးဟာ စိတ်ရောဂါ အပြင် အခြားဝိညာဉ်လောကနဲ့တမလွန်ဘဝတွေကိုလည်း လေ့လာစူးစမ်းနေသူပါ။

သူ့မျက်လုံးရှေ့မှာချိန်သီးကလေးကို ဖွဖွရမ်းရင်းဆရာဝန်ကြီးက ပြောနေတယ်။
" ကောင်လေးမင်းမျက်လုံးတွေ လေးလာပြီမင်းအိပ်ချင်လာပြီအိပ်တော့မယ်မင်းအိပ်တော့မယ် "
ကြွက်ကလေး အိပ်ပျော်သွားချိန်မှာဆရာဝန်ကြီးက မေးမြန်းပါတယ်။
" မင်းဘာလို့လူတွေကို ကြောက်တာလဲ "
" မသိဘူး "
" မင်းဘာလို့လူတွေကိုမုန်းတာလဲ "
" မသိဘူး "
စိတ်ညှို့ပြီး မေးခံရသည့်တိုင် သူ့ဆီက ကျေနပ်စရာကောင်းတဲ့အဖြေမရရှိခဲ့ပါဘူး။ နောက်ဆုံးတစ်ခွန်းကိုလည်း ဆရာဝန်ကြီးက မေးသေးတယ်။
" မင်းအရင်ဘဝကဘာဖြစ်ခဲ့သလဲ "
" လူ ... "
" အဲ့ဒီ အရင်ဘဝက ဘာဖြစ်ခဲ့သလဲ "
" လူ ... "
စိတ်တိုင်းကျစရာအဖြေမဖြစ်ခဲ့ပေမယ့်စဉ်းစားစရာတစ်ခုတိုးလာတာကတော့အမှန်ပဲ။ သူဟာ ဘဝအတော်များများမှာ လူဖြစ်ခဲ့ရတာမို့ အခုလူဖြစ်ရတာကို ငြီးငွေ့နေတာလား။ လူတွေနဲ့ဆက်ဆံရမှာကို ပျင်းရိစရာလို့ယူဆပြီး ရှောင်ရှားနေသလား။ ဖြစ်နိုင်ခြေနည်းတဲ့ ဖြစ်နိုင်မှုတစ်ခုပေါ့။

သူ့ရဲ့အချိန်တော်တော်များများကို ခြံထဲကလွှဲဒန်းကလေးပေါ်မှာ ကုန်ဆုံးပစ်တတ်တယ်။ ပီကေလို့ခေါ်တဲ့ ကြာရင်အရသာမရှိတော့တဲ့ စားစရာတစ်ခုကိုလည်း သူအမြဲဝါးနေတတ်တယ်။ ပီကေကို အသံကျယ်ကျယ်မြည်အောင် ဖောက်တတ်တယ်။ လေဘော်လုံးကြီးကြီး ရအောင်လည်း သူမှုတ်တတ်တယ်။ အခုလည်း သူဟာ ပီကေကို လျှာဖျားလေးနဲ့ချိုင်ပြီး ဘော်လုံးအကြီးကြီးရအောင် ကြိုးစား မှုတ်နေတယ်။

ဒါကို ပြတင်းပေါက်ကနေ ညီမလေးက လှမ်းမြင်နေတယ်။ သူ့အမေကိုလည်း လှမ်းခေါ်ပြလိုက်သေးတယ်။
“ မေမေ ဟိုမှာ ကိုကိုပီကေမှုတ်နေတာ”
သိပ်ထူးဆန်းမှုမဟုတ်ပေမယ့် အမေကလည်း ကော်ဖီမွှေရင်းနဲ့ သူ့သမီးလေးအနား ခေါင်းတိုးကပ်ပြီးကြည့်တယ်။
" အင်း .... သမီးအစ်ကိုက အဲ့ဒီလိုလုပ်တာမှာ အတော်ဆုံးပေါ့ "
အေးစက်စက်ကြည့်နေတုန်းမှာပဲ သမီးလေးက မေးပြန်တယ်။
" ကိုကို အသက်ဘယ်လောက်ရှိပြီလဲဟင် "
" အောက်တိုဘာမှာ (၂၁) နှစ်ပြည့်မှာလေ "
" အို ... ဒါဆိုသူလက်ထပ်လို့ရပြီပေါ့ "
သမီးလေးက ပျော်စေရွှင်စေပြောလိုက်မိပေမယ့် အမေလုပ်သူကတော့ အတွေးတစ်ခုရသွားသည်။ သူ့အမေ အနားက ထွက်သွား သည့်တိုင် သူကတော့ ဒန်းကလေးပေါ်က သူ့အစ်ကိုကို ငေးကြည့်နေတုန်း။ တဖြည်းဖြည်းနဲ့ သူ့အစ်ကိုမှုတ်နေတဲ့ လေပူဖောင်းက ကြီးကြီးလာတော့ သူစိုးရွံ့လာတယ်။ လေပြင်းပြင်းတိုက်လိုက်ရင် လေပူဖောင်းနှင့်အတူ သူ့အစ်ကိုပါ ဟိုးမိုးသားထဲ ဝဲပျံသွားမှာ သူစိုးရိမ်နေတယ်။ သူ့ကိုဆက်မကြည့်ရဲတော့ပဲ အိပ်ခန်းထဲ ပြေးထွက်ခဲ့ပါတော့တယ်။

ကြွက်ကလေးကတော့ ပီကေလေးကိုဝါးရင်းနဲ့ပဲ သစ်ပင်ကြီးတွေ၊ တိမ်သားဖြူဖြူကြီးတွေ၊ ခေါင်မိုးအစွန်းမှာလာနားတဲ့ ငှက်ကလေး တွေကို ရှာဖွေငေးမောနေခဲ့တယ်။ သူ့မြင်ကွင်းထဲမှာ လူဆိုတဲ့အရာဝတ္ထုမပါဖို့ပဲ သူအားထုတ်နေတယ်။ သူဒီလိုထိုင်နေရင်းက သူ့နှာခေါင်းက ယားယံလာသလိုခံစားမိတယ်။ ပိုမွှားတစ်ကောင်လာကပ်တာလို့ သူထင်လိုက်ပြီး လက်ချောင်းလေးနဲ့ ဖယ်လိုက်တယ်။
"သြော်" သူ နည်းနည်းပဲအံ့သြသွားတာပါ။ သူ့လက်ချောင်းမှာပါလာတာက သွေးတွေလေ။ သူ့စိတ်ကိုပဲအဓိကထား စောင့်ကြည့် စောင့်ရှောက် နေကြတော့ သူ့ကိုယ်ခန္ဓာက ဘာတွေချို့ယွင်းနေပြီလဲဆိုတာ တခြားလူတွေသတိမထားမိကြတော့ဘူးလေ။ သူ့ပုံကို ကြည့်ရတာ ဒီလိုနှာခေါင်းသွေးယိုတာတောင် နှစ်ခါထက်မနည်းလောက်တော့ပုံပဲ။

အမေလုပ်သူက ဆရာဝန်ကြီးနဲ့ ဆွေးနွေးကြည့်တယ်။ ဟိုတစ်ခါ သူ့သမီးလေး သူ့ကိုအမှတ်တမဲ့ ပြောလိုက်တဲ့စကားကို အခြေခံ ပြီးတော့ပေါ့။ ဆရာဝန်ကြီးကလည်း ခေါင်းတညိတ်ညိတ်နဲ့ တွေးတောနေတယ်။
" အင်း ... သူ့ကိုမိန်းမပေးစားဖို့ အင်း ... စမ်းကြည့်ရမှာပေါ့လေ "
အားကိုးတကြီးနဲ့စမ်းသပ်ခဲ့ကြပါတယ်။ သူ့ကို အမျိုးသမီးတစ်ယောက်နဲ့ တွဲစေခဲ့တယ်။ ထင်တဲ့အတိုင်း အဆင်မပြေပါဘူး။ အတူတူ လမ်းလျှောက်ရင်းထွက်ပြေးတယ်။ ကားအတူစီးရင် သူ့ခန္ဓာကိုယ်ကို တစ်ဘက်လှည့်ထားတတ်တယ်။ ထွက်ပြေးလို့ မလွယ်လောက်တဲ့ ရုပ်ရှင်ရုံကို ခေါ်သွားရင် ကုတ်အကျီင်္ကို ခေါင်းမြီးခြုံပြီး မျက်လုံးစုံမှိတ်နေတတ်တယ်။ သူနဲ့တွဲတဲ့အမျိုးသမီးက စိတ်ရှည်ရှာလို့ပေါ့။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲ့ဒီစိတ်ရှည်မှုက အဆုံးသတ်သွားခဲ့ပါတယ်။

ဧည့်ခံပါတီပွဲလေးတစ်ခုပေါ့။ သူ့ကိုဝတ်ကောင်းစားလှတွေဝတ်ပြီး ခေါ်သွားရတာ ဒုက္ခကို ဖြီးသင်ပြီးပန်ဆင်ရသလို ဖြစ်နေမှန်း သူတို့သိရဲ့သားနဲ့။ ခန်းမထဲမှာ ဝိုင်ခွက်ကလေးကိုင်ပြီး ဟိုလျှောက်ဒီလျှောက် လျှောက်နေရတာ သူအတော်မွန်းကြပ်လာတယ်။ တချို့တွေကတော့ တွဲကလို့၊ စကားစမြည်ပြောလို့။ အဲ့ဒီအချိန် သူ့နှာခေါင်းဖျားက ယားယံလာပြန်တယ်။ သူသိလိုက်တယ်။ သူနဲ့တွဲတဲ့အမျိုးသမီးလစ်တုန်း သန့်စင်ခန်းဘက် သူထွက်ပြေးခဲ့တယ်။ သန့်စင်ခန်းထဲအထိ ဝိုင်ခွက်ကပါလာမိတယ်။ ရေပိုက်ခေါင်းကို အသာလှည့်ပြီး နှာခေါင်းသွေးတွေကို ဆေးချနေမိတယ်။ နှာခေါင်းသွေးတွေက ဟိုးအရင်ကထက် ပိုစေးပျစ်လာတယ်။ အဲ့ဒီတော့မှ သူသိလိုက်တာ ဒါ အမျိုးသမီးသန့်စင်ခန်းပဲဆိုတာ။ သူ ကမန်းကတန်း ဟန်ကိုယ့်ဖို့ ဝိုင်ခွက်ကိုလှမ်းဆွဲလိုက်တယ်။ ကပျာကယာနဲ့မို့ ဝိုင်ခွက်က ကြွေဇလုံထဲကျသွားတယ်။ သူမသိလိုက်တာက ကြွေဇလုံထဲမှာသူ့ရဲ့စေးပျစ်နေတဲ့သွေးတွေဟာ ရေတွေနဲ့ ရောထွေးပြီး သွေးရည်တွေအဖြစ် ပြန့်ကျဲနေတယ်ဆိုတာပဲ။ သူမသိလိုက်မသိဘာသာနဲ့ပဲ ဝိုင်ခွက်ကို ပါးစပ်နား ကောက်တေ့လိုက်တယ်။

အခုမှဝင်လာတဲ့မိန်းမကြီးက သူ့ကိုမြင်ပြီးသိပ်ထိတ်လန့်သွားတယ်။ သူ့လက်မှာ သွေးတွေ။ ပါးစပ်မှာလည်း သွေးတွေ ( ဝိုင်ခွက်နဲ့ တေ့လိုက်လို့ ) ပေကျံညစ်ပတ်နေတယ်။ အဲ့ဒီသွေးတွေနဲ့ သူ့ကို ရုတ်တရက် တွေ့သွား တဲ့မိန်းမကြီးက အဆင်ခြင်မဲ့စွာ ကြောက်လန့်တကြား အော်ဟစ်ပြေးပါတော့တယ်။

" အံမယ်လေး သွေးစုပ်ဖုတ်ကောင်ကြီးတော့် "

ခန်းမတစ်ခုလုံး ယောက်ယက်ခတ်သွားတာပေါ့။ သူလည်းထွက်ပြေးပါတော့တယ်။ လူတွေဟာ အလွဲတွေနဲ့ နေသားကျနေတာပဲ။ အဲ့ဒီလူတွေဆီက ထွက်ပြေးတာသူမမှားဘူး။ အဲ့ဒီလိုတွေးပြီး သူထွက်ပြေးပါတော့တယ်။ အဲ့ဒီလိုထွက်ပြေးတာကလည်း လွဲမှားမှုတစ်ခု ဖြစ်နေပြန်သလိုပဲ။

နောက်ဆုံးတော့ သူ့ကို မိန်းမပေးစားမယ့်အစီအစဉ်လည်း အထမမြောက်ဘဲ တစ်ခန်းရပ်ထားခဲ့ရတယ်။ သူ့ဘာသာသူ နေမြဲအတိုင်း ခြံကလေးထဲမှာ၊ ဒန်းကလေးပေါ်မှာ၊ လူတွေနဲ့နီးကပ်စွာ ဝေးတဲ့နေရာမှာ၊ အရင်လိုပဲပေါ့ ခုတော့လဲ။ တစ်ခါတစ်လေလည်း တိမ်တွေနဲ့ လိုက်သွားချင်မိတယ်။ တိမ်တွေကပဲ သူ့ကိုမျှားနေသလို၊ တိမ်တွေက သူ့ကိုလူတွေမတွေ့နိုင်တဲ့ ကျွန်းတစ်ခုမှာပစ်ချခဲ့မလားလို့ သူတစ်ဖက်သတ်မျှော်လင့်နေတယ်။

ဟိုတွေးသည်တွေးနဲ့ သူ့ရင်ဘတ်ဟာ အောင့်လာတယ်။ သူ့ကိုဆေးတိုက်မယ့်သူမရှိဘူး။ သူမနာကျင်ဟန်ဆောင်ရင်း နာကျင်နေတယ်။ သူ့ညီမလေးက ခါတိုင်းလို ပြတင်းပေါက်ကလေးကနေ မေးထောက်ရင်းကြည့်နေတယ်။ သူညီမလေးကိုချစ်တယ်။ ဒါပေမယ့်မသွားရဲဘူး။ ညီမလေးပျော်အောင် သူပီကေနဲ့ ဘော်လုံးမှုတ်ပြလိုက်တယ်။ ညီမလေးပြုံးနေတာကို သူတွေ့နေရတယ်။ သူ့မျက်လုံးတွေ မှေးလာတယ်။ မြင်ကွင်းတွေ ဝေဝါးလာတယ်။ သူ့ခေါင်းက ရိပ်ခနဲရိပ်ခနဲ ဖြစ်လာတယ်။ သူဒန်းကြိုးကလေးကို အားတင်းဆုပ်ကိုင်ပြီး သတိရှိနေရတယ်။ ဘာမှန်းမသိတဲ့သူ့ရောဂါက အတော်ဆိုးနေပြီ။ နှာခေါင်းဖျားကယားယံလာပြီ။ ညီမလေးမမြင်အောင် မျက်နှာကို တစ်ဘက်လွှဲ နေလိုက်တယ်။

ရာသီဥတုက အထူးတလည်သာယာတဲ့နေ့တော့မဟုတ်ပါဘူး။ ဒီလိုပါပဲ။ နေရောင်ဖျော့အေးအေးမှာ တိမ်သိုးကောင်ကလေးတွေ ဖွဖွပြေးနေတာ။ သစ်ပင်တွေစိမ်းစိမ်းစိုစိုရှိနေတာကိုတော့ သတိထားမိကောင်းပါရဲ့။

အဲ့ဒီနံနက်မှာ သူနိုးထလာတယ်။ ဒီတစ်ခါ သူနိုးထလာပုံဟာ သူဖြတ်သန်းလာသမျှ နေ့ရက်တွေနဲ့ ခြားနားစေပါတယ်။ ဆုံးဖြတ်ချက် အသစ်နဲ့ နိုးထလာခြင်းမျိုးပေါ့။ သူမျက်နှာသစ်ရင်း ရှေ့ကမှန်ထဲမှာ သူ့ပုံရိပ်ကို မြင်ရတယ်။ သူအင်အားတွေကိုစုပြီး လူတွေနဲ့ အကောင်းဆုံးရင်ဆိုင်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။

" ကြွက်ကလေး နွားနို့သောက်မလား၊ ကော်ဖီသောက်မလား "

အမေကလှမ်းမေးတယ်။သူက ' နွားနို့ ' လို့လှမ်းပြောပြီး ညီမလေးဆီလျှောက်သွားတယ်။ ညီမလေးကတော့ သူ့ကိုအံ့သြနေတယ်။ ခါတိုင်း သူ့ရှေ့ကထွက်ပြေးနေတဲ့ အစ်ကိုက အခုသူရှေ့ရောက်လာလို့လေ။ ' စွေ့ ' ခနဲ သူ့ညီမလေးကို ပွေ့ချီပြီး ပါးကလေးကို နမ်းရှုံ့လိုက်တယ်။ ညီမလေးက မယုံနိုင်ပေါင်။ ပါးပြင်ပေါ်က သူနမ်းလိုက်တဲ့ နေရာကလေးကိုတောင် လက်ကလေးနဲ့ ပွတ်ကြည့် နေမိသေးတယ်။ အလိုလိုလည်း ပြုံးလာတယ်။ အမေနဲ့အဖွားလုပ်သူကလည်း အံ့သြတကြီး သူ့ကိုငေးတယ်။ သူကတော့ ဘာမှမဖြစ်သလိုပါပဲ။ အဖွားလုပ်သူကိုလည်း ပခုံးဘက်က ဖေးဖက်ပြီး နံနက်စာစားမယ့်စားပွဲမှာထိုင်စေတယ်။ အမေကတော့ သူ့ကိုမယုံနိုင်လွန်းစွာ ကြည့်နေတာပေါ့။

" ကြွက်ကလေးဒီနေ့မင်းထူးခြားနေတယ် "
သူ့နွားနို့နဲ့မုန့်ကို တဇွတ်ဇွတ်စားရင်း ပြုံးပြလိုက်တယ်။ ခပ်သွက်သွက် စားအပြီးမှာပဲ သူအပေါ်အကျီင်္ထပ်ဝတ်ပြီး အရှေ့တံခါးကို ဖွင့်လိုက်တယ်။

" ဘယ်သွားမလို့လဲ "
" မြို့ထဲ "

သူ့အဖြေကြောင့် သူ့အမေ ပျော်သွားမှန်း သူသိပါတယ်။ ဒါ့ကြောင့်လှည့်ကြည့်ပြီး ပြန်ပြုံးပြခဲ့သေးတယ်။ လန်းဆန်းပြီး ယုံကြည်မှု ရှိနေတဲ့ သူ့ခြေလှမ်းတွေကိုသူပြန်အားရနေတယ်။ မြို့ထဲမှာ လူတွေအများကြီးပေါ့။ လူတွေကို နှုတ်ဆက်ဖို့ သူဆုံးဖြတ်ခဲ့ပြီလေ။ ဈေးခြင်းတောင်း မနိုင့်တနိုင်ဆွဲလာတဲ့မိန်းမကြီးက သူပထမဆုံးလက်ဆွဲနှုတ်ဆက်သူပေါ့။ မိန်းမကြီးက ကြောင်ကြည့်ပြီး ဒေါသလည်း ထွက်နေတယ်။ ဈေးခြင်းတောင်းနဲ့အလုပ်ရှုပ်နေရတဲ့ကြားထဲပေါ့။ သူ တွေ့သမျှလူကိုနှုတ်ဆက်တယ်။ အလုပ်နောက်ကျနေတဲ့ ရုံးဝန်ထမ်းတစ်ယောက်ကိုလည်း နှုတ်ဆက်တယ် ( ဆဲခံရသေးတယ် )။ မီးပွိုင့် ယဉ်ထိန်းရဲကြီးကိုလည်း နှုတ်ဆက်တယ် ( ယဉ်ထိန်း ရဲကြီးက သူရုတ်တရက် မမှတ်မိတဲ့ အသိတစ်ယောက်နေမှာပဲဆိုပြီး ပြန်နှုတ်ဆက်သေးတယ် ) ။ သတင်းစာကို ဇောက်ထိုးဖတ်နေတဲ့ အရူးကြီးကိုလည်း သူနှုတ်ဆက်တယ် ( အရူးကြီးက တွဲတောင်ကလိုက်သေး ) ။ ကျောင်းသူကောင်မလေးကိုလည်း နှုတ်ဆက်သေး ( ကောင်မလေးက ကြောက်လန့်တကြားထွက်ပြေး ) ။ ကော်ဖီဆိုင်ထဲလည်း ဝင်နှုတ်ဆက်ပြန် ( မောင်းထုတ်ခံရ ) ။ ဗလ ကောင်းကောင်းနဲ့လူကြီးကိုလည်းနှုတ်ဆက် ( ဆွဲထိုးခံရတော့မလို့ ) ၊ တက္ကစီမောင်းသူကိုလည်း နှုတ်ဆက် (ဒရိုင်ဘာက အလိုက်အထိုက် အေးဆေးစွာ ) ။ ဖက်ရှင်ဆိုင်က အမျိုးသမီးကြီးကိုလည်း နှုတ်ဆက် ( အမျိုးသမီးက နားမလည်စွာ ရယ်မော ) ၊ ထို့ထက်များစွာများစွာတို့ကို နှုတ်ဆက်ပြီးအချိန်မှာ သူခေါင်းတွေ တော်တော်မူးလာတယ်။ နှာခေါင်းနားကလည်း ယားယံလာတယ် (သွေးယိုလာပြီ) ။ သူ့ ခြေလှမ်းတွေ ယိုင်ခွေလာပြီဆိုတာကိုလည်း သူသိတယ်။ လူတွေကိုကြည့်ပြီး အရိပ်တွေပဲ မြင်တော့တယ်။ မျက်လုံးတွေလည်း လေးလံလာတယ်။ ခြေစမ်းလက်စမ်းနဲ့ သူဆက်လှမ်းလျှောက်နေချိန်မှာပဲ လူတစ်ယောက်က သူ့ကို စတင် နှုတ်ဆက်လာတယ်။ အဲ့ဒီလူက ခေါင်းစွပ်အမည်းရောင်အကျီင်္နဲ့ပါ။

အဲ့ဒီလူနဲ့ နှုတ်ဆက်ပြီး ပြီးချင်းမှာတော့ ' ဘိုင်း ' ခနဲ သူလဲကျသေဆုံးသွားပါတော့တယ်။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။