Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဗန္ဓတ်
အစ/အဆုံး
သစ္စာနီ

ကျွန်တော်နှင့် သူ ထိုင်နေသော စားပွဲပေါ်ကို ပိုးဟပ်တစ်ကောင် တွားတက်လာသည်။ သူက လက်ဝါးဖြင့် ဖြန်းခနဲရိုက်လိုက်ကာ ထိုပိုးဟပ်ကို ကောက်၍ ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။ သူ့အပြုအမူမှာ ပြုရိုးပြုစဉ်သဖွယ် ပေါ့ပေါ့ပါးပါး ရှိလှသော်လည်း မြင်ရသူ ကျွန်တော်အဖို့မူ အော့အန်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရ၏။

“ခင်ဗျား အင်းဆက်တွေကို စားသလား...”

“ကမ္ဘာပေါ်မှာ အင်းဆက်စားနေတဲ့ သူတွေ အများကြီးပဲ... ကျွန်တော်တို့နိုင်ငံမှာ လူကြိုက်များတဲ့ ပုရစ်ဆိုတာလည်း အင်းဆက်ပဲ မဟုတ်လား”

“ဒါပေမယ့် အစိမ်းမဟုတ်ဘူး၊ ကြော်ထားတာ ပြီးတော့ ပိုးဟပ်ဟာ ပုရစ် မဟုတ်ဘူး…”

သူကတော့ အတူတူပါပဲဗျာဟု ပြောကာ ပြုံး၍နေလေသည်။

သူ့တွင် အများနှင့်မတူသော ထူးခြားချက်များရှိကြောင်း မြင်စကပင် သတိပြုခဲ့မိ၏။ သူ့ကိုယ်ပေါ်တွင် အနက်ရောင် ကုတ်အင်္ကျိ ပွပွ ရှည်ရှည်ကြီး တစ်ထည်ကို အမြဲလိုလို ဝတ်ဆင်လျက်တွေ့ရသည်က ပထမဦးဆုံး ထူးခြားချက် ဖြစ်သည်။ မျက်ခုံးအစပ်ထိအောင် အုပ်ဆောင်း ထားလေ့ရှိသော ဦးထုပ်အနက်အောက်မှ သူ့မျက်လုံးများမှာလည်း ထူးထူးခြားခြား စူးရှတောက်ပြောင်နေတတ်သည်။ ဗြုန်းခနဲ ကြည့်လျှင် အနောက်တိုင်း ဇာတ်ကြမ်းကားများထဲတွင် တွေ့ရလေ့ရှိသော ကြေးစားသေနတ်သမားတစ်ယောက်၏ ပုံပန်းသဏ္ဍာန်နှင့် အတော်ပင် တူညီသည် ဟု ဆိုနိုင်သည်။ သို့သော် သူကား မအောင်မြင်သော ပန်းချီဆရာတစ်ဦးသာ ဖြစ်လေသည်။

ကျွန်တော်သည် ပန်းချီပြခန်းများနှင့် ထိစပ်မှုရှိလှသူ မဟုတ်။ သူ့အခန်းကို ပထမဦးဆုံးအကြိမ် အလည်အပတ် ရောက်ရှိသွားသော အခါကျမှသာ သူရေးဆွဲထားသည့် ပန်းချီကားများကို စတင်တွေ့ဖူးခဲ့သည်။ ပန်းချီပညာကို နားလည်တတ်ကျွမ်းသူ မဟုတ်သဖြင့် သူ့လက်ရာများ ကို အကဲဖြတ်ဝေဖန်ရန် မစွမ်းသော်လည်း ထူးခြားမှုတစ်ခုကိုကား သတိထားခဲ့မိသည်။ ထိုအချက်မှာ သူ့ပန်းချီကားများ အားလုံးလိုလိုပင် ကောင်းကင်အမြင့်မှ ကြည့်ရေးထားသော အပေါ်စီးမြင်ကွင်းမျိုး ဖြစ်နေသည် ဆိုသော အချက်ဖြစ်သည်။ Bird's eye view ဟုခေါ်သည့် ငှက် တစ်ကောင်၏ ရှုထောင့်ဖြစ်သည်။

သူ့ပန်းချီကားတွေထက် ပို၍ ကျွန်တော့် စိတ်ဝင်စားမိသောအရာမှာ သူ့ခုတင်ကိုသာ ဖြစ်သည်။ ထို ခုတင်ခေါင်းရင်းတွင် သူ့မွေ့ရာ လိပ် ခေါက်ထားသည်ကို တွေ့ရလေသည်။ ထိုမွေ့ရာကို ဘယ်တုန်းကမှ မဖြန့်ခင်းဖူးခဲ့သည့်အလား၊ ထိုနေရာတွင် သူ ဘယ်တုန်းကမှ မအိပ်စက် ဖူးသည့်အလား ခုတင်မှာ ဖုန်အလိမ်းလိမ်း တင်ကျန်ကာ တချို့နေရာများတွင် ပင့်ကူမျှင်များပင် ထူထဲစွာ စွဲငြိနေကြသည်။ ခုတင်ကိုကြည့်၍ သူ့ကို ကျွန်တော် မေးလိုက်သည်။

“ခင်ဗျား မနေ့ညက ဘယ်မှာအိပ်ခဲ့သလဲ...”

“သစ်ပင်ပေါ်မှာ...”

သူက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပန်းချီကားများကို ပြန်လည်သိမ်းဆည်းနေရာမှ အမှတ်မထင် ပြောလိုက်သည်။

“သစ်ပင်ပေါ်မှာ... ဟုတ်လား...”

သူက ကျွန်တော့်စကားကို စိုးစဉ်းမျှ ဂရုစိုက်ဟန် မပြဘဲ ကျွန်တော့်ဘေးတွင် လာထိုင်ရင်း...

“တစ်ဆိတ်လောက် ခင်ဗျားရဲ့ စီးကရက်မီးခိုးငွေ့တွေကို ကျုပ်ဘက် မှုတ်မထုတ်ပါနဲ့ဗျာ...” ဟု ပြောသည်။ ဆက်၍...

“လူတွေဟာ ဘာလို့ဒီလို အရည်မရ အဖတ်မရ ကိစ္စတွေကို စွဲလမ်းနေရသလဲ ...”

“အရည်အဖတ် မရပေမယ့် အငွေ့ရလို့ပေါ့...”

သူ ဆေးလိပ်၊ အရက်သောက်သည်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပေ။ သူက ကုတ်အင်္ကျိအိတ်ထဲမှ ပန်းသီးတစ်လုံးကို ထုတ်ကာ အားရပါးရ ကိုက်ဝါးနေသဖြင့်...

“ခင်ဗျား ပန်းသီး ကြိုက်သလိုပေါ့...”

“ကျွန်တော်က အသီးဆို အကုန်ကြိုက်တာပဲ... ကျွန်တော် အကြိုက်ဆုံးက ညောင်သီးဗျ... တကယ်”

“ခင်ဗျား ပြက်လုံးက မရယ်ရဘူးဗျာ...”

သူက ကျွန်တော့်ကို စူးစိုက်ကြည့်လိုက်ကာ...

“အင်းလေ... လူတွေဟာ နားလည်ရ အခက်ဆုံး သတ္တဝါတွေပဲ...”

“အသိဥာဏ်အရှိဆုံး သတ္တဝါတွေလည်း ဖြစ်တယ်လေ...”

ကျွန်တော့်က အတွန့်တက်လိုက်သည်။ သူက ခေါင်းကို ခါယမ်းလိုက်ကာ

“အဲဒိ အသိဥာဏ်ဆိုတဲ့စကားလုံးကို ကျွန်တော် သံသယရှိတယ် လူ့သမိုင်းတစ်လျှောက်မှာ အလှတရားကို ဖျက်ဆီးမှုတွေ... လောဘရမ္မက်တွေ ဖိနှိပ်ချုပ်ချယ်မှုတွေ... တစ်ကိုယ်ကောင်းစိတ်တွေ... စစ်ပွဲတွေ တိုးချဲ့တီထွင်ခဲ့ကြတာကို ခေါ်တာလား...”

“ခင်ဗျားက အဆိုးမြင်ဝါဒသမားပဲ...”

“တကယ်တော့ လောကမှာ အဆိုးလည်း မရှိဘူး... အကောင်းလည်း မရှိဘူးဗျ... သဘာဝဓမ္မပဲရှိတယ်”

“ကျွန်တော်က သာမန်လူတစ်ဦးပါ... အမေရိကားက ခေတ်သစ်ဒဿနပညာရှင် မက်လူးဟန်ရဲ့စကားတစ်ခွန်းကိုတော့ ကိုးကား ပြောချင်တယ် သူက ပြောဖူးတယ်... ရေကို ဘယ်သူရှာဖွေတွေ့ရှိခဲ့တယ် ဆိုတာကို သူ မသိပါဘူးတဲ့၊ ဒါပေမယ့် သူ သေသေချာချာ ပြောနိုင်တာ တစ်ခုတော့ ရှိတယ် အဲဒါဟာ ငါးတစ်ကောင်တော့ မဖြစ်နိုင်ဘူးတဲ့”

သူက သဘောကျစွာ ရယ်လိုက်ကာ...

“ဟုတ်တယ်၊ ခင်ဗျားရော ကျွန်တော်ပါ ဖန်ဆင်းရှင်တွေ မဟုတ်ကြဘူး။ ဒါပေမယ့် အဖန်ဆင်းခံ သတ္တဝါတွေလည်း မဟုတ်ကြဘူး ဗျ”

သူနှင့် ကျွန်တော် ဆက်လက် ငြင်းခုံမနေတော့ပါ။ သူ့တွင် ထူးခြားသော အများနှင့်မတူသည့် အယူအဆ တချို့ရှိကြောင်းကိုသာ မှတ်သားထားလိုက်ပါသည်။ တစ်ခါကတော့ အတူတကွ ထိုင်နေရင်း သူ ယခုလို ပြောဖူးသည်။

“ကြည့်စမ်း... ထောင်ထောင်မတ်မတ်နဲ့လျှောက်သွားနေလိုက်ကြတာ လောကမှာ လူတွေဟာ ရုပ်အဆိုးဆုံး သတ္တဝါတွေပဲဗျ။ ခင်ဗျား ဘယ်လို ထင်သလဲ”

“မထင်တတ်ပါဘူး”

သူက လေးနက်သော လေသံဖြင့် ဆက်ပြောသည်။

“သတ္တဝါတွေထဲမှာတော့ မြင်းဟာ အလှဆုံးပဲ၊ ခင်ဗျား ပြိုင်မြင်းတစ်ကောင်ကောင် တွေ့ဖူးမှာပေါ့၊ ဘယ်လောက် အချိုးအစား ကျန ပြေပြစ်သလဲ”

“ခင်ဗျား မြင်းတစ်ကောင် ဖြစ်ချင်တယ်ပေါ့”

“ဟင့်အင်း... ကျွန်တော် ဖြစ်ချင်တာက ငှက်တစ်ကောင်ပဲ... ငှက်ဟာ အထူးခြားဆုံး သတ္တဝါဗျ... သူတို့မှာ ကမ္မဇိဒ္ဓိတန်ခိုး ရှိတယ်... လေထဲမှာပျံနိုင်တာ ကြည့်ပေါ့၊ အခြားသတ္တဝါတွေလို ကုန်းပေါ်မှာလည်း နေနိုင်တယ် တင်ကျီးလို ငှက်မျိုးဟာ ရေထဲလည်း ငုပ်နိုင်တယ်”

နောက်ပိုင်းတွင် သူနှင့်ကျွန်တော် ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွင် ဆုံတွေ့ကြတိုင်း သူသည် ထူးထူးခြားခြား သတ္တဝါတွေ အကြောင်းကိုသာ ပြောနေတတ်သည်။

“အီဂျစ်က စဖင့်ဆိုတာ တော်တော်ထူးတဲ့ သတ္တဝါဗျ၊ ယောင်္ကျားခေါင်းနဲ့ ခြင်္သေ့ကိုယ်ပေါ့၊ ကျွန်တော်တို့ဆီက မနုဿီဟနဲ့ ဆင်ဆင်တူမယ် ဂရိက စဖင့်ကတော့ တစ်မျိုးဗျ၊ ခေါင်းက မိန်းမခေါင်း၊ ရင်သားလည်းပါတယ် ပြီးတော့ အတောင်ပံလည်းပါတယ်၊ တချို့လူခေါင်း ခွေးကိုယ်နဲ့မြွေအမြီး တပ်ထားတဲ့စဖင့်တွေလည်း ရှိသေးတယ်”

သူသည် ကိန္နရာ၊ နဂါး၊ ရေသူမ၊ ပဉ္စရူပဆိုသော သတ္တဝါတွေအကြောင်းလည်း ပြောတတ်သည်။ အိုဒက်စီ ကဗျာရှည်ကြီးမှ လူစွမ်းကောင်း ယူလီစီးခရီးစဉ်၊ တစ်ထောင့်တစ်ည သင်္ဘောသားဆင်းဗတ်၏ ခရီစဉ်များမှ တွေ့ကြုံရသော သတ္တဝါဆန်းတွေ အကြောင်းလည်း ပြောတတ် သည်။ သူ့လက်ထဲတွင် Handbook of Fantastic Zoology ဆိုသော စာအုပ်ကိုလည်း တကိုင်ကိုင် တွေ့ရသည်။ ကြာတော့ ကျွန်တော် ငြီးငွေ့လာသည်။

“ဒါတွေဟာ ယုံတမ်းပုံပြင်ထဲက သတ္တဝါတွေပါဗျာ...”

“ဘုရားရှင်က စိတ်ဆန်းကြယ်သလောက် လောကဟာ ဆန်းကြယ်တယ်လို့ဟောခဲ့သားပဲဗျာ၊ ကျွန်တော်ကတော့ ဒါတွေဟာ တကယ်ရှိတဲ့ သတ္တဝါတွေ ယုံကြည်တယ်၊ တစ်နေ့ကျရင် ခင်ဗျားကို လက်တွေ့ပြမယ်”

“အေးဗျာ၊ ခင်ဗျား ရေသူမတစ်ကောင်လောက် ဖမ်းမိရင် ကျွန်တော့်ဆီ ခေါ်လာခဲ့စမ်းပါ”

တစ်ကြိမ်တွင်မူ သူ ကျွန်တော့်ထံသို့ တကယ်ပင် ခေါ်ဆောင်လာခဲ့သည်။ သို့သော် ရေသူမတစ်ကောင်တော့ မဟုတ်။ လှပချောမော သော မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူ မိတ်ဆက်ပေးသဖြင့် ထိုမိန်းကလေးသည် တက္ကသိုလ် တစ်ခု၏ သတ္တဗေဒဌာနမှ လက်ထောက်ကထိက တစ်ဦးမှန်း သိခဲ့ရသည်။ ထိုမိန်းကလေးသည် Bird watcher ခေါ် ငှက်များကို ချောင်းမြောင်း စောင့်ကြည့်ခြင်း၌ ဝါသနာပါ သူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။ (ထိုသူများသည် မှန်ဘီလူးတစ်လက်၊ ကင်မရာ တစ်လုံးဖြင့် ငှက်များကို လိုက်လံ ရှာဖွေ ကြည့်ရှုကာ ငှက်တို့၏ သဘာဝကို လေ့လာ မှတ်တမ်းတင်လေ့ရှိသူများ ဖြစ်ကြသည်။) သူတို့နှစ်ဦး မည်ကဲ့သို့တွေ့ဆုံခဲ့ကြသည်ကို ကျွန်တော်မသိ။ မိန်းကလေးက သူ့ကို အထင်ကြီး လေးစားစွာ ဆက်ဆံတာ တွေ့ရသည်။

မိန်းကလေးက ကျွန်တော့်ကို ပြောပြသည်။

“သူက ငှက်တွေ အကြောင်းကို ပရောဖက်ဆာ တစ်ယောက် နီးပါး ကျွမ်းကျွမ်းကျင်ကျင် ပြောပြနိုင်တယ်... ကျွန်မအဖို့ သူနဲ့တွေ့ရတာ ကျေးငှက်ဗေဒ စွယ်စုံကျမ်းတစ်ဆူ ကောက်ရသလိုပဲ”

သူက ပြုံးကာ...

“မင်းကို မင်း တစ်ခါမှ မမြင်ဖူးတဲ့ ငှက်တစ်ကောင်ပြမယ်"

“ဘယ်တော့လဲဟင်”

“တစ်နေ့နေ့ပေါ့”

နောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဖြင့် ကျွန်တော် နယ်သို့ထွက်ခွာသွားခဲ့ရသဖြင့် သူတို့နှင့် အချိန်အတော်ကြာအောင် ပင် အဆက်အသွယ်ပြတ်နေခဲ့သည်။ ကျွန်တော် ရန်ကုန်သို့ပြန်ရောက်ရောက်ချင်း ကြားရသည့် သတင်းမှာ သူ့အဖော် လက်ထောက် ကထိက ဆရာမလေး စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိနေသည်ဆိုသော သတင်းဖြစ်သည်။ ကျွန်တော်သည် ဝတ္တရား တစ်ခုလိုပင် သဘောထားကာ ထို မိန်းကလေးထံသို့ သွားရောက် တွေ့ဆုံခဲ့သည်။ လှပသော မျက်ဝန်းများ အနည်းငယ် ကြောင်စီစီနိုင် နေသည်က လွဲ၍ မိန်းကလေးကို ကြည့်ရသည် မှာ ရူးသွပ်နေသော လက္ခဏာ မတွေ့ရချေ။ သူမက တိုးညင်းသော လေသံဖြင့်

“အားလုံးက ကျွန်မပြောတာ မယုံကြဘူး။ ရှင်ကတော့ နားလည်နိုင်လိမ့်မယ် ထင်ပါတယ်၊ သူ... သူဟာ လူတစ်ယောက် မဟုတ်ဘူး၊ ငှက်တစ်ကောင်ပဲ၊ အင်းလေ ဘယ်လိုပြောရမလဲ၊ လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါပါပဲ ကုတ်အင်္ကျိအနက်ကြီးကို သူ အမြဲဝတ်ထား တယ်ဆိုတာ အလကား မဟုတ်ဘူးရှင့်၊ သူ့ကျောမှာ ပေါက်နေတဲ့သူ့ရဲ့အတောင်ပံတွေကို ဖုံးကွယ်ထားဖို့”

မိန်းကလေးကိုပြောရမည့် နှစ်သိမ့်စကားကို ရုတ်တရက် ကျွန်တော် ရှာမရသဖြင့် နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ ထိုသို့ ပြန်မည် ပြုစဉ် မိန်းကလေး လက်တစ်ဖက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော အရာဝတ္ထုတစ်ခုကို ကျွန်တော် သတိပြုမိလိုက်သည်။ ထိုအရာ သည်ကား ရွှေရောင်တောက်ပနေသော ငှက်တောင်မွေးလေး တစ်ချောင်းသာ ဖြစ်လေသည်။

(နောက်ဆက်တွဲ ဖြည့်စွက်ချက်)
ထိုအချိန်ကစ၍ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသည့်အလား ကျွန်တော့် မိတ်ဆွေ ပန်းချီဆရာကို ဘယ်သောအခါမှ ပြန်လည် မတွေ့ရတော့ပါချေ။

သစ္စာနီ
ဟန်သစ် မဂ္ဂဇင်း၊ စက်တင်ဘာ လ၊ ၁၉၉၆

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။