Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဆင်းရဲခြင်းပုံပြင်
အစ/အဆုံး
ကြည်အေး

သေဆုံးသူ အဘိုးကြီး၏ နာမည်ကို မသိရသေးပါ။ သို့သော် သူနှင့် ကျွန်မသည်ပင် အိမ်ချင်းကပ်၍ နေထိုင်ခဲ့သည်မှာ ကြာပြီ။ သူ့နာမည်ကို ကျွန်မလိုပင် မသိသူလည်းများလှသည်။ သူသည် ကျော်ကြားသူမဟုတ်။ သည်လိုပင် မသိလိုက် မသိဘာသာနေပြီး မသိလိုက်မသိဘာသာပင် သေဆုံးရှာပြီး မသေခင် သူ့အကြောင်းကို အရေးတယူပြောဆိုသူလည်း မရှိ။ သေပြန်တော့လည်း သေပြီဆိုသည့်အကြောင်းလည်း၊ သေခြင်းတရားကသာ လူအနည်းငယ်ကို ခြောက်ခြားစေပြီး ကာယကံရှင်သေသူက တိမ်မြုပ်နေသည်။

လွန်ခဲ့သော သုံးရက်က အိမ်သားတစ်ယောက်သတင်း ရလာသည်။

"ဟိုဘက်အိမ်က အဘိုးကြီး လေဖြတ်လို့တဲ့"

ဘယ်သူမှ ထိတ်ခနဲ ဝမ်းမနည်းဘဲရှိကာ

"အသက်ကြီးလာရင် ဒီရောဂါနဲ့ပဲ သေတတ်တာပဲ" ဟု တစ်ယောက်က မှတ်ချက်ချပြီး ပြီးစီးသွားသည်။

တစ်ဖန် အနည်းငယ် သေချာသောသတင်းကို ရပြန်၏။

"ဦးနှောက်ထဲက သွေးကြောပြတ်သွားတာတဲ့၊ အလွန်ဆုံး သုံးရက်ပဲ ခံမယ်လို့ ဒေါက်တာသာလှက ပြောတယ်၊ ကုလို့ ရတာမျိုးလည်း မဟုတ်ဘူးဆိုပဲ"

ကျွန်မလည်း ခုမှ စိတ်ဝင်စားကာ ဘယ်သူဘယ်ဝါရယ်လို့ မေးမြန်းရသည်။

"ဘယ်အဘိုးကြီးလဲ၊ ဟိုဘတ်က ဂေါ်ရင်ဂျီတွေနေတာ၊ မြန်မာကဘိုးကြီးရှိသလား"

"အောက်ကဘုံဘိုင်မှာ ရေလာလာချိုးနေတာကော၊ ပိန်ပိန်နှုတ်ခမ်းမွေးနဲ့ ခေါင်းတုံးနဲ့"

"သံပုံးနဲ့ ရေဆွဲသွားတတ်တဲ့ အဘိုးကြီးလား"

"အသက် ၅၀လောက်လေ"

"၆၀ ရှိပြီ" ဟု အမေက ဝင်၍ထောက်သည်။

ကျွန်မသည် ပြန်လည်မှန်းဆသော် ပိန်ပိန်ခေါင်းတုံးနှင့် ဘုံဘိုင်အောက်မှာ ရေလာလာချိုးပြီး သံပုံးနဲ့ ရေဆွဲသွား တတ်သည့် အဘိုးကြီးကို မြင်မိ၏။ သို့သော် နှုတ်ခမ်းမွေးရှိ မရှိ ခုထိ စဉ်းစား၍မရ။

အဘိုးကြီးကို နီးနီးကပ်ကပ်တစ်ခါမြင်ဖူးလိုက်သည်။ တစ်နံနက်ခင်းမှာ ကလေးရေချိုးပေးဖို့ နေပူစာရှိသော အောက် ဘုံဘိုင်ကြီးသို့ ကျွန်မဆင်းသည်။ ထိုအဘိုးကြီးက ရေချိုးစပဲ ရှိဦးမည်။

ကျွန်မက စောင့်ဖို့ရာ ဝန်မလေးသည်မို့ သူ ယုံကြည်ဟန်မတူ။ အောက်ကျို့ချိုပြုံးသောမျက်နှာဖြင့် ရေကမန်းကတန်း ချိုးကာ သံပုံးဖြင့် ရေဆွဲသွားသည်မှာ ခါးညွတ်လျက်ရှိလေသည်။ ကျွန်မသည် ဘာမှလည်း စကားတစ်လုံးမထွက်ဖြစ်ဘဲ အားနာစွာ ကျန်ရစ်ခဲ့ပါသည်။

သေဆုံးသူ အဘိုးကြီးအတွက် ကျွန်မ၏ မှတ်စုမှာ ဒါမျှသာတည်း။ သို့သော် ယောက်မဖြစ်သူက ပြောစရာ အနည်းငယ် ရှိသေး၏။

"အစတုန်းက သူတို့အဖေမှန်းတောင် မသိပါဘူး"

"ဟို တရုတ်မိန်းမနဲ့ သူ့အစ်မတွေက သူတို့အဖေလား"

"အင်း ဒါပေမယ့် တရုတ်မိန်းမရဲ့ အဖေဖြစ်ပေမယ့် သူ့အမတွေရဲ့ ပထွေးလေ၊ အဘွားကြီးရဲ့ နောက်လင်ကိုး"

"အစကတော့ အဘွားကြီး သေမလို ဖြစ်တာဆို"

"အဘွားကြီးကိုတော့ ဂရုစိုက်ကြသားပဲ၊ အဘိုးကြီးကိုတော့ ဆက်ဆံပုံက အဖေလို့တောင်မထင်ရဘူး၊ ဟိုတလောက နှစ်ယောက်အိပ် ခြင်ထောင်ကြီး လျှော်ခိုင်းပြီး မတတ်သာလို့ခိုင်းရတယ်၊ စိတ်တိုင်းနည်းနည်းမှမကျဘူး ဘာဘူးနဲ့ မာန်မဲနေပါကောလား၊ သူ့သမီးအရင်းကတောင်"

ကျွန်မသည် သေဆုံးသူအတွက် ဘာကူရမည်လဲစဉ်းစားဆဲ အစ်ကိုဖြစ်သူက မသာအိမ် မမှောင်မည်းရန် အိမ်မှ မီးသွယ် ပေးနေသည်။ လကုန်ခါနီးမို့ စိတ်ရှိသလောက် ငွေမပါနိုင်သည်ကို ညည်းညူသည်။ အမေက ငွေသွားကူသည်။

ဝရန်တာမှ ကျွန်မထွက်ကြည့်သော် ဂေါ်ရင်ဂျီ၏ တစ်ဖက်ခန်းရှေ့၌ မြေကြီးပေါ်တွင် ပေါလစ်ကွာသော ခုတင်ကို ပြင်ပြီးပြီ။ အဝါရောင်ခေါင်းလည်း တင်သည်။ အစ်ကိုဖြစ်သူက သူသိသမျှသော အဘိုးကြီး၏ တစ်ကဏ္ဍကို ပြောပြပြန်သေးသည်။

"အဘိုးကြီးကတော့ သေတာဝမ်းနည်းမယ်မဟုတ်ပါဘူး၊ အရင်ကတည်းက ' ငါသေသွားရင်ကောင်းမယ် ' လို့ ပြောပြောနေတာ၊ သူ့ကို ဘယ်သားသမီးကမှ သဒ္ဓါကြည်ဖြူတာမဟုတ်ဘူး၊ ထမင်းထည့်ပေးရင် ' ဒီငါးတစ်တုံးနဲ့ လောက်အောင်နော် ' အဲဒီလို ကျွေးတာ၊ ဪ ကိုယ့်ဝမ်းမဝတော့ ခွဲဝေပေးရတာ မိဘပေမယ့်လည်း မသဒ္ဓါဘူးပေါ့၊ အဘိုးကြီးက ပြောတယ်တဲ့ ' ငါ့အပေါ် မယားလည်းမကောင်းဘူး၊ သမီးလည်းမကောင်းဘူး၊ အဲ တစ်ယောက်ပဲ ကောင်းတယ်၊ လူမျိုးခြားသမက်ကွ ' တဲ့၊ ' ငါ အလုပ်လုပ်နိုင်တုန်းကတော့ ရသမျှပိုက်ဆံ မယားအပ်ပြီး မယားပါသမီးရော၊ ငါ့သမီးရောစားကြသောက်ကြပေါ့ကွယ် ' အဘိုးကြီးက အရင်က ကျောင်းဆရာဆိုပဲ "

အဘိုးကြီး၏သမက် တရုတ်ကလေးက အတော်ယဉ်သည်။ သူ့ကို တစ်ခါက ခေါက်ဆွဲတွေ ဆန်ကာနှင့် ကိုင်သွားတာ သတိထားလိုက်ဖူးသည်။

တရုတ်ကလေးက တစ်လတစ်ရာကျော် လခစားဆိုသည်။ လခထုတ်လာလျှင် အဘိုးကြီးဖို့ ကောင်းနိုးရာရာကလေး ဝယ်ခြမ်းလို့ ကျွေးသည်။

အနွေးထည်ကလေးများ လမ်းမဈေးက ရွေးချယ်လာသည်။ ယခု အဘိုးကြီးသေတော့ သူက မယားနှင့် မရီးများကို ဆိုပြော သေးသည်မှာ

"ဟင် ငါက ဘာကလေး ညာကလေးဝယ်လာတော့ တရုတ်လူပါးဝတယ် ပြောတယ်၊ တရုတ်ဖြုန်းတယ် ပြောတယ်၊ အဘိုးကြီးကို တရုတ်မြှောက်ပေးတယ် ပြောတယ်၊ ခု အဘိုးကြီး သေပြီ၊ နင်တို့ ဘာကျွေးချင်လဲ ကျွေးကြ၊ သူ ထစားမလား ကျွေးကြလေ"

မနက်ကတော့ ဘယ်သူ့ကောင်းမှုလည်း မသိပါ။ သေသူ့ခေါင်းပေါ်၌ နွမ်းရိသော ပုဆိုးအနီကွက်၊ ရှပ်အင်္ကျီနှင့် ချည်ခေါင်းစွပ်ကလေးများ ဖြန့်ထားသည့် အပေါ်မှာ လက်ဖက်ရည်တစ်ခွက်နှင့် ပေါင်မုန့်ထောပတ်သုတ်တစ်ချပ် တင်ထားသည်ကို စိတ်ညစ်စရာ တွေ့ရပေသည်။

ကျွန်မလည်း အဘိုးကြီး၏ သမက်၌ စိတ်ဝင်စားလာပြန်ပါသည်။ သူ့ရဲ့အရိပ်အခြည်ကို စောင့်၍ ကြည့်ရပြန်သည်။

သူသည် အလုပ်မသွားခင်ကလေးမှာ အဘိုးကြီး၏ ခေါင်းကို စက္ကူအဝါနုဖြင့်ဖြန့်ကပ်သည်။ ရွှေစက္ကူ ငွေစက္ကူဖြင့် ပန်းပွင့်ညှပ်သည်ကို ထိုပန်းစက္ကူပေါ်၌ အစီအရီ တပ်ဆင်သည်။

ခဏချင်းမှာ မသာခုတင်သည် အနည်းငယ် ခမ်းနားလာပါသည်။

နဂိုက ခြင်ထောင်ဖြစ်ဟန်ရှိသော ပိတ်ကျဲအနားဖွာဖွာကို ခုတင်ခြေရင်း၊ ခေါင်းရင်း၌ အလယ်ခွဲကန့်လန့်ကာဆင်သည်။

ခုတင် ဘေးနှစ်ဖက် နှစ်ချက်မှာတော့ ပခုက္ကူစောင်ဟောင်းများဖြင့် ဖြန့်ကာလျက် ထားရှိလေ၏။

အစ်ကိုကတော့ ပူပင်နေပြန်သည်။

"မသာ ဘယ့်နှယ်လုပ်ချမလဲ၊ ခုထိ ဧည့်သည်လာလို့ ကော်ဖီတစ်ခွက် တိုက်စရာမရှိဘူး"

ညကလည်း တစ်ချက်ထိုးမှ အိမ်ပြန်လာသည်။ သူ့ပါးစပ်မှ ဗျစ်တောက် ဗျစ်တောက်နှင့် ဆိုသည်။

"မျက်နှာကြီး မသာများတော့ကွာ မသာလိုက်ပို့ပါတယ်ဆိုတောင် ပို့ရုံနဲ့မပြီးသေးဘူး၊ သိအောင် မျက်နှာစောင့်ပြရ သေးသဗျ"

မနက်ကလည်း မျက်နှာမသစ်ခင် ဖိနပ်မှားစီးပြီး မသာအိမ်သို့သွားသည်။ တစ်ခေါက်ပြန်လာလျှင် တစ်ခေါက်ပြောစရာ ရှိပြန်သည်။

"မသေခံနိုင်ရိုးလားကွ၊ အိမ်ပြင်ထွက်အိပ်တာ လေးညရှိပြီတဲ့"

"ဟို စာကြည့်တိုက်ကလေးထဲ ဝင်အိပ်ရောပေါ့"

"အဲဒီထဲလဲ ဂေါ်ရင်ဂျီ မြွေခဲနေတာ"

"ခုတလော ဘယ်လောက်အေးသလဲ၊ ရာသီက သိပ်ကြမ်းနေတာ"

"အဏုမြူခေတ်လေ"

"အိမ်ရှေ့အိမ်က လာအိပ်ပါလို့ခေါ်သားနဲ့ အဘိုးကြီးက အားနာတယ်တဲ့"

"မရဲဘူးပေါ့ကွယ်၊ ညစဉ်ရက်ဆက်ဆိုတော့လဲ"

"ဟာ သေတာကောင်းတယ်၊ ဘာလုပ်ဖို့ ဆက်နေမလဲ"

"ကျန်ခဲ့တဲ့သူတွေကလည်း ဒီလိုပဲ သဘောထားဟန်တူတယ်၊ သေသာသေတယ် တိတ်တိတ်ဆိတ်ဆိတ်"

"ဟ သေတာက ဝမ်းသာစရာဟ၊ မွေးလာမှ ငိုချင်းချရမှာ"

သည်လိုပင် ကျွန်မတို့အိမ်သားတစ်စုက တစ်ယောက်တစ်ပေါက် ပြောကြပြန်သည်။

ကျွန်မလည်း တွက်ချက်နေမိသည်။

အိမ်ကလေး၌ ပြွတ်သိပ်၍နေသည်။ ရန်လည်းဖြစ်ကြသည်။ သေလည်း ခဏခဏ သေသည်။ ပျမ်းမျှကြေး သုံးပတ်တစ်ယောက်တော့ သေသည်ထင်သည်။

ဂေါ်ရင်ဂျီကုလားများသေလျှင် ကုလားမငိုသံ ကျွတ်ကျွတ်ညံလေ့ရှိပြီး ကုလားမသေလျှင် ခပ်ဆိတ်ဆိတ်ပင်တည်း။

ဂေါ်ရင်ဂျီကလေးငယ်များက ပို၍သေသည်။ တစ်ခါမြင်ဖူးသည်မှာ ကလေးတစ်လသားခန့် မနက်၃နာရီခန့်ထ၍ နာရီဝက်မျှစိမ်၍ နေ့စဉ်ရက်ဆက် ရေချိုးပေးလေရာ "သေဖြင့်ပါတော့မယ်"ဟု ပူပင်ဆဲ ၄-၅ရက်မျှကြာလျှင် ကလေးငယ်သည် မသာအလောင်း ဖြစ်လေသည်။ အဲသည်တော့မှ မအေက ထွန့်ထွန့်လူးကာ နှမြောနှမိ ငိုချေသည်။

သည်လိုပင် ဂေါ်ရင်ဂျီအလောင်းများသည် ထိုင်လိုက်တချို့၊ သချူင်္ိင်းမြေသို့ ခြေတိုက်လျက်တချို့ မကြာခဏ အချပြတ်ဆဲ၍ အဘိုးကြီးက ဝင်ဖောက်၍ သေသည်တည်း။

တစ်ညသိပ်ပြီးသော်ကား အဘိုးကြီးမသာသည် အနည်းငယ်အယောင်အဆောင် ပြည့်စုံလာသည်။ ခေါင်းပေါ်၌ ကျောက်ဖယောင်းတိုင် ထွန်းညှိသည်။

မသာအိမ်ရှိ ပြာမှောင်ထိုင်းသိပ်သောမြေကြီးပေါ်၌ ထောင့်ကျိုးပြတ်နေသော အမှေးပွန်းသော သင်ဖြူးခင်းလျက်ရှိသည်။ အိမ်ခေါင်မိုးစပ်၌ သဘောင်္စေးဆေးနီသုတ်သော အလျားတစ်ထွာနှင့် တစ်မိုက်ခန့်၊ အနံတစ်မိုက်ခန့်ရှိ သံဖြူပြားထိုးသည်။ ထိုဆိုင်းဘုတ်ကို မသာချခါနီးမှာ ခေါင်း၌ သံနှင့်ကပ်မည် ထင်ပါသည်။

ကျွန်မသည် ဝရန်တာမှ မျက်စိမှုန်မှုန်ဖြင့်ဖတ်သော် ပြည့်ကျပ်ပြွတ်သိပ်သော မညီမညာ ကမ္ပည်းစာကို မြင်ရသည်မှာ

ဦးရှန် ၊ အသက် ၆၀နှစ်
၁၃- ခုနှစ် ၊ နတ်တော်လဆုတ်
( )ရက်၌ ကွယ်လွန်သည်။

ကျွန်မသည် ဘာကြောင့်လဲမသိ ခေါင်းတွင်းရှိ အဘိုးကြီး၏မျက်နှာထားနေပုံကိုပဲ မှန်းဆနေမိသည်။ ပြုံးဖြဲဖြဲရှိမည်လို့ ထင်သည်။ စိတ်၌လည်း မသက်မသာဖြစ်လှပါသည်။

ဟော ယခုပင် သူ့သမက်ကလေးက ဆေးပေါ့လိပ်နှင့် မီးခြစ်ပန်းကန်ကို ခေါင်းပေါ်၌ လာတင်ပြန်ပြီ၊ သူ့မျက်နှာမှာ သွေးသားအရင်းတို့ထက် ညှိုးငယ်သည်။

မသာခုတင်အောက်၌ ဝင်၍ ဝပ်ကာ အမြီးနှန့်နေသော ခွေးနက်မကို ခြောက်ထုတ်၏။ ခွေးနက်မက ထွက်သွားလည်း သူ့သားကလေးများက အချင်းချင်းပူးသတ်လုံးထွေးကာ ဆော့နေကြသည်မှာ ဖျဉ်၍မရ၊ တရုတ်က တုတ်ကလေးဖြင့် ရွယ်ပြီး မရိုက်ဖြစ်ချေ။ ခွေးကလေးများကတော့ ဆော့ကစားမြဲ ရှိသည်။

အစက ၁၅ကောင်လောက်ရှိတာ၊ ယခု တစ်ဝင်ထက်ပိုမည် မထင်။ သူတို့က အအေးမိရုံ၊ စားစရာမရှိရုံမက လူလောက် အသိဉာဏ်မရှိလေတော့ အန္တရာယ်မရှောင်တတ်သည့်အတွက် ပို၍သေသည်။ လမ်းထဲ၌ သွားလာနေကြသော ကားများက ခဏခဏ တက်ကြိတ်သည်။

ကြည်အေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>