Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အလှ နှင့် ဘဝ
အစ/အဆုံး
ကြည်အေး

နွေဦးအစမှာ သာလှသည်။ သပိတ်လွယ်ငှက်က "သူငယ်ချင်းရေ ထ ထ ထ" ဟု နှိုးပြီးနောက် တကယ်ပင် ဘယ်သူနိုးနိုး မနိုးနိုး သူတစ်ယောက်တည်းပင် အသက်မရှူအားအောင် စကားများလေတော့သည်။

လက်ပံပင်တွင် ဆက်ရက်သာမက ငှက်တကာပါကျသည်။ ကျီးတို့က ရှက်စနိုးနှင့် နှုတ်ဆိတ်နေဆဲ ဥဩသည် အသည်း ကွဲသည့် ရည်းစားသည်ခမျာပမာ ဘယ်သူ့နာမည်ဝှက်ကိုလည်း မသိ။

ဆင့်ကဲ ခေါ်အော်နေလေရာ အမိလေး၏ မျက်စိများ သီဝေလာသည်။

အမိလေးသည် အမြဲတမ်း ချစ်စိတ်တွေ ဖြိုးဝေတတ်သည့် မိန်းမငယ်ကလေးပင်။ အလှကို မြင်၏။ ကြား၏။ မြတ်နိုး၏။

သစ်ရွက်ရနံ့ဖြင့် ကြိုင်ပျံ့သော လေတစ်ဝေ့မှန်သမျှကို ကြိုယူနမ်းရှုပ်တတ်လေ၏။ မူယာများသော လျော့ပြေစ နှင်းဆီ ပွင့်ဖတ်များကို နှုတ်ခမ်းနှင့်ကပ်ကာ ခွဲခွါလို့မရချင်ပါကလားဟု ထင်မိသည်။

အတောင်တဖျတ်ဖျတ်ခါသော လိပ်ပြာတို့သည်လည်း အမိလေးနှင့် တစ်ဘဝတည်းက လာကြသူများ ဖြစ်တော့သည့်ပမာ။

သူ့လည်တိုင်စမှာ လာ၍နားတတ်ပြန်ရာ ထိုအခါတွင် သူ့နှလုံးကလည်း တဆတ်ဆတ်လိုက်ခုန်ပြီး နှစ်ခုသည် ရောသွား လေသည်။

လိပ်ပြာက ရင်ထဲရောက်ကာ တောင်ပံနှစ်ဖက်ကို ပြိုင်တူ ရိုက်ခတ်နေဆဲ။ နှလုံးက အပြင်မှာ မြူးခုန်နေသည်ဟု ထင်မှတ် သည်။

ထို့ကြောင့် အမိလေးသည် အစဉ်ပင် မောအီ၍ ညည်းညူသံ ပြုနေတတ်သည်မှာ သဘာဝကျလှသည်။

လောကသုံးပါးတွင် နှစ်ပါးနှင့် အကျွမ်းဝင်သည်။

သူသည် မြတ်နိုးသည်။ လှသည်ဆိုသော စကားနှစ်လုံးကို သီချင်းလုပ်၍ ဆိုလေ့ရှိကာ သူ့သီချင်း၌ သာယာတတ်သူလည်း အသင့်အတင့် ပေါ်ခဲ့ပေသေးသည်။

ဘယ်တော့မှ နားထောင်လို့ မမောနိုင်ပြီဘူးဟု ဆိုသူကတော့ ယခု မြေမှုန့်ဖြစ်နေသော ဘဘပါပဲ။

ဘဘ၏ ဖြူပြောင်သောသျှောင်ကို ငွေစင်လို ရွှန်းပသည်ဟု ထင်၏။

အမိလေးသည် ဆိုးနွဲ့ချင်အားကြီးနှင့် ကျစ်ကျစ်ပါအောင် ထုံးပါလျက်က မဝင်နိုင်၍ ကောက်လိမ်ထိုးထောင်နေသော ဆံတိုစကောက်ကောက်များကို ဆွဲဆန့်၍ ကစားတတ်၏။

"ဘဘ ဘဘ နတ်သမီးပုံပြင် ပြောပါဦး" ရယ်လို့ ကမ္ဘာဦးကစ၍ အကလေးမှန်သမျှ ပူဆာခဲ့ကြသောအသံကို အုပ်လုံး သိမ်း၍ ဆံရှည်နှင့် ဆံတို ညီသည်အထိ ဆွဲခဲ့သည်။

ဘဘက ပတ္တလားခေါက်၍ ပုံပြောလေသည်။ သီတာမာယာနှင့် ငှက်ပုံပြော၏။

ဒေါလေလေနက၊ နက ဒေါနက သင်းတယ်လေးနှင့် ဖေဇော်ဂျီပုံပြော၏။ ဘုန်းဆင့်ဆင့်တိုးနှင့် ရှင်ဘုရင်ပုံ ပြော၏။

သို့သော် တုတ်တံကိုကိုင်ကာ အဖျားတုတ်သည့် လက်ချောင်းများသည် ကြည်နူးခြင်းနှင့်မျှမက အိုမင်းခြင်းနှင့်ပါ တုန်တခိုက်ခိုက်ဖြစ်လာဆဲ။

"ညာခြေပင်လှလှ တောင်တောငယ်တခို၊ ရှူတိုင်းငယ်စို၊ ညိုစိမ်းမြမြ၊ လှရွှေငယ်ဆန်း၊ ပင်နန်းသာထွေ၊ ရော်ရွက်ကယ်ကြွေ၊ နွေသင်းစစ" စသည်ဖြင့် လဲ့သံကို ကြော့မဆုံးခင်ပင် အမိလေးနှင့် အကျွမ်းမဝင်သော အမိလေး မလိုက်ချင်သော သင်္ခါရ လောကသို့ ဘဘကူးပြောင်း အိမ်သစ်ဆောက်သည်။

ထိုအခါကစ၍ "လှသည် လှသည်"လို့ တစ်ယောက်တည်းပင် ပြောရသည်။ ကြာတော့ "လှသည် လှသည်"လို့ ပြောတတ် သူကိုလည်း တွေ့ချင်သည်။

"လှသည် လှသည်" လို့ပြောတာ နားထောင်တတ်လျှင်ပဲ တော်ပါပြီဟု လျှော့ပေးပြန်သည်။

ဘဘသည် ဂီတကိုပြု၍ အမိလေး၏ ယိုစိမ့်ကျလာသော မျက်ရည်များကို သောက်ချိုးခဲ့ရာ ယခုတော့ မြေကြီးသာလျှင် စိုထိုင်းရလေပြီ။

အမိလေးသည် သေလွန်ပြီးသူ၏ လက်ရာခြေရာများနှင့် ကြာရှည်စွာနေထိုင်ပြီးသည်၏ တစ်နေ့၌ "ညည်းလှချည်ရဲ့" ဆိုသည့် စကားကို စိတ်ဆင်းရဲခံ၍ ဖြောင့်မတ်စွာဆိုသည်မှာ မှာတမ်းရေးလေ့ရှိသူနှင့် ဆုံတွေ့လေသည်။

မှာတမ်းရေးသူမှာ အသက်ငယ်ရွယ်၍ စိတ်ကူးကို တိမ်တိုက်နှင့် လွင့်သူပေတည်း။ သို့သော် ရိုးဖြောင့်ခြင်းမရှိချေ။ အမိလေးသည် တုန့်ပြန်၍ မုသားဆိုလေသည်။ နှစ်ယောက်လုံး ဟန်ဆောင်ကြသည်တကား။ ဒေါသကြီးစွာဖြစ်သည်ကို ဖုံးထားနိုင်နိုင်သော်လည်း မှာတမ်းရေးသူကို ချစ်စိတ်ဖြိုးဝေနေသည်ဟု မှတ်စွဲခြင်း၏ ဘီလူးဇာတ်ပေါ်လေ၏။

သူ့ရဲ့ အနှစ်ကြာရှည်ခံမည်မဟုတ်သည့် မှာတမ်းများကို မာနကြီးသော အမိလေး ဘာကြောင့် အလွတ်ကျရမလဲ။

"ရေထဲမျှောပစ်စမ်းပါနော်" ဟု ဆိုညည်းလျှက် ချောင်းရေစကို အမိလေး လက်ညှိုးညွှန်ပြမိသည်။ ချောင်းစပ်တွင် ရေပန်းဂယက်များ ဖွာကြဲပေါက်စဉ်၍နေသည်။

မြက်ပင်များတွင် ပုစဉ်းနား၍ သာသာ လှုပ်ဆဲ လွှဲဆဲကို မှိုနတိုပင်တို့၏ လေးပွင့်ဆိုင် ကတ္တီပါ ရွက်စိမ်းတို့သည် မတော်တဆ ရေထဲငုပ်မိလျှင် ပြဒါးရောင်လိမ့်၍ပေါ်သည်။ ဆင်း၍သေချင်စရာပါတကား။

"ဒီလောက်လှတဲ့ ရေစခန်းမှာ အချစ်ကြီးချစ်တတ်တဲ့ မင်းနန္ဒာသာ မျှောထိုက်ပါရဲ့၊ သူ့မှာတမ်းကို မမျှောတန်ပါဘူး" ဟု နှမြောနမဲ့ရှိသေး၏။

အမိလေးသည် စိတ်ပျက်ခြင်းဖြင့် အဝတ်အစားပလွှားကာ မေ့မေ့ပျောက်ပျောက်နေပါတော့မယ်ရယ်နှင့် ကြေးငွေ ချမ်းသာသူ မိန်းမဖော်များနှင့် ဈေးနားအဝယ်ထွက်ပြန်လေသည်။

သို့သော် ငွေနှင့်မီးခိုးရောင်တွဲစပ်သည့် ဖဲထည်ကို ချစ်စိတ်ဝေဖြိုးပြန်ရာက ကိုယ်ပေါ်တင်ပြန်တော့ မှန်တွင် ထင်လာသော လှပသေးသည့်ကိုယ်ကို ကူးစက်ချစ်ခင်သွားပြန်သည်။

စိတ်ရှုပ်စွာပင် အရောင်များ တစ်ခုနှင့်တစ်ခု ကူးစက်ပုံ၊ ပြောင်းလဲပုံများကို ရင်တထိတ်ထိတ်နှင့် မောမောပန်းပန်း ကြည့်ရသည်။

နူးညံ့သမှုကြောင့် တို့ထိလို့မရသည့် ယမမင်း၏ ဝိညာဉ်ထောင်သည့် တိမ်ကွန်ယက်ပမာ ခြုံပဝါတစ်ထည်ကို တမ်းတ ပြန်သည်။

ထိုခဏ၌ သူသည် မိန်းမဖော်တို့နှင့် စကားသင့်အောင်မဆိုနိုင်တော့ချေ။

သို့သော် အချစ်စိတ်ဝေဖြိုး၍ မရလျှင် သေမတတ်ဖြစ်ရသူမို့ သူ့ပုံတူကို ဆွဲမိသူတစ်ယောက်နှင့် တွဲဖက်ပျော်ရွှင် ကြည့်ပြန်သည်။

သို့လျှင် တစ်နွေလဲသော် အဟောင်းကြွေ၍ မိုးဦးဖျန်းမှ အသစ်စွေသည်၊ နွေများပေါင်းသော် သစ်ပင်မှာ ကြွယ်ဝခြင်း လျော့ကာ အားကုန်လာလေ၏။

တစ်ညချမ်းဝယ် အမိလေးသည် နောက်ဆုံးပြန်၍ ပြန်၍ရောက်လာမြဲသော အထီးကျန်သည့်အဖြစ်နှင့် ထိုင်၍ နောက်ဆုံး အကြိမ် ငိုယိုလေ၏။

ပတ္တလားခေါက်စပြုလေ၏။ ပုံပြောချင်လာလေ၏။ နားထောင်မည့်ကလေးတစ်ယောက် လာပေလိမ့်ဦးမည်။ "ဘွားဘွား နတ်သမီးပုံပြင်ပြောပါ" ရယ်လို့တော့ ချက်ချင်းကြားရဦးမည် မဟုတ်သေးချေ။ အကြောင်းကား သူသည် ဂီတကို မပြုရသေးချေ။

ဆံပင်တို့သည် ငွေစင်လို ရွှန်းပဖို့ လိုသေး၏။

တကယ်တော့လည်း သိပ်ကြာမှာမဟုတ်ပါဘူး။ မေ့လျော့ခြင်းသည် အကယ်ကြီးမားလာလျှင်တော့ တစ်နေ့သ၌ ကြည်နူးခြင်းနှင့်သာမက အိုမင်းခြင်းနှင့်ပါ တုန်တခိုက်ခိုက်ဖြစ်လာသော လက်ချောင်းများကို ကြည့်ကာ အံ့ဩမိ ပေတော့မည်။

အမိလေးသည် ကြက်သီးချမ်းမြထလေ၏။ ပျော်သည်၊ ပျင်းသည်ရယ်လို့မရှိ၊ လှတာကိုသာ မြင်သည်။

အလှကို သူက ရွေးချယ်လေသလား၊ သူ့ကိုပင် ဘယ်သူကမှန်းမသိ ရွေးချယ်၍ အလှကြိုက်စေသေးသလားတော့ မပြောတတ်ချေ။

ကြည်အေး
သွေးသောက်မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၇

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။