Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဂိတ်စ- ဂိတ်ဆုံး
အစ/အဆုံး
မင်းလူ

ဗျိုင်းတို့သည် ဟိုယခင်အခါဆီက လည်ပင်းမရှည်ကြသေးချေ။ ကြည့်ကောင်းရုံ အနေတော်လောက်သာ ဖြစ်၏။
မိကျောင်းတွေ ဘာကြောင့် လျှာမပါတာလဲ၊ ပျံလွှားငှက် ဘာကြောင့် အမြီးနှစ်ခွ ဖြစ်နေတာလဲ၊ စသော ကိစ္စတွေလို သူတို့မှာလည်း နောက်ကြောင်းရာဇဝင် ရှိ၏။ ဗျိုင်းတွေ လည်ပင်းရှည်လာကြခြင်းမှာ ဘတ်စ်ကား စောင့်ရခြင်းကြောင့် ဖြစ်လေ၏။
ကားမှတ်တိုင်မှာ ခရီးသည်တစ်အုပ် ဘတ်စ်ကား စောင့်နေကြသည်။ သူတို့သည် ကားလာမည့်ဘက်သို့ လည်တစ်ဆန့်ဆန့် မျှော်နေ ကြ၏။ ကျောင်းချိန်၊ အလုပ်ချိန် ဖြစ်သောကြောင့် ခရီးသည်တွေ စုပုံနေသည်။
အလွှာ ပေါင်းစုံ၊ အတန်းအစား ပေါင်းစုံ ပါဝင်သည်။ မော်ဒယ်လ်လို ပိန်ပိန်သွယ်သွယ် လှပသော ဗျိုင်းမလေးမှာ ကျောင်းသူ ဖြစ်ပုံရ၏။ သားရေတု ပခုံးသိုင်း အိတ်ကလေးကို လွယ်ထားသည်။ ခြေကျင်းဝတ်မှာတော့ ရွှေဖုဒ်ချိန်း မျှင်မျှင်လေး ဝတ်ဆင်ထား၏။ ဘတ်စ်ကား စီးသူ တစ်ယောက်အတွက် ဆွဲကြိုးတို့၊ ဟန်းချိန်းတို့ထက် စာလျှင် ဖုဒ်ချိန်းက ပိုပြီး အန္တရာယ် ကင်းသည်ဟု ဆိုရမည်။ ခါးပိုက်နှိုက်များ၊ အလစ်သုတ်သမားများ အနေဖြင့် လူတွေ ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ်မှာ အောက်ကိုကုန်းပြီး ခြေထောက်က ဖုဒ်ချိန်းကို ဖြုတ်ယူဖို့ မလွယ်ဘူး မဟုတ်လား။
ဘဲငန်းကြီး တစ်ကောင်သည် ဗျိုင်းမလေးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေ၏။ တောကျီးကန်းကြီး တစ်ကောင်ကတော့ လက်ဆွဲအိတ် တစ်လုံးကို ဆွဲပြီး ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ပုံပန်းအရ ရှေ့နေဖြစ်ဟန် တူ၏။ ကြက်တူရွေး တစ်ကောင်ကတော့ ကွမ်းတံတွေး တစ်ပျစ်ပျစ် ထွေးနေသည်။ သူ့အာခေါင်မှာ နီရဲနေ၏။ မှတ်တိုင်မှာ ခရီးသည်တွေ များနေသော်လည်း သိပ်ဆူဆူညံညံ မရှိ။ ဘတ်စ်ကား ကိုသာ မျှော်နေကြသဖြင့် စကား သိပ်မပြောဖြစ်ကြ။ ပျင်းစရာတောင် ကောင်းနေသည်။
သာလိကာမလေး တစ်သိုက် ရောက်လာတော့မှပင် စိုစိုပြည်ပြည် ဖြစ်သွား၏။ သူတို့သည် စက်ရုံ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီ သွားမည့် အလုပ်သမကလေးများ ဖြစ်ပုံရသည်။ ဗီဒီယို ဇာတ်ကားတွေ အကြောင်း၊ ရုပ်မြင်သံကြားမှ လာသော တရုတ် ဇာတ်လမ်းတွဲတွေ အကြောင်း၊ ဂျာနယ်ထဲမှာ ပါသော မင်းသား မင်းသမီးတွေ အကြောင်း၊ သူတို့၏ အလုပ်သမားခေါင်း ဖြစ်သော သိမ်းငှက်ကြီး မျက်စိ အလွန်စူးရှတဲ့ အကြောင်းတွေ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။
ဘတ်စ်ကားက မလာသေး။ “ကြာလိုက်တာ” ဟု ခိုတစ်ကောင်က ညည်းလိုက်၏။ ကြက်ဖကြီးက လက်မှနာရီကို ကြည့်ပြီး “အစည်းအဝေးက နောက်ကျလို့ မဖြစ်ဘူး” ဟု တစ်ကိုယ်တည်း ရေရွတ်နေသည်။
ကိုယ်ပိုင်ကားတွေ ကတော့ တဝီဝီ ဖြတ်သန်းသွားလာ နေကြသည်။ ဝက်ဝံ မည်းမည်းကြီး တစ်ကောင်သည် ပါဂျဲရိုးကားကို ကိုယ်တိုင်မောင်းရင်း လက်ကိုင်ဖုန်းနှင့် စကားပြောနေသည်။ ဘေးမှာတော့ ပန်ဒါဝက်ဝံမ လှလှလေး ပါလာ၏။
“အဲဒီလိုကားမျိုးနဲ့ အလုပ်သွားရရင် သိပ်ကောင်းမှာပဲ” ဟု သာလိကာမလေး တစ်ကောင်က ပြောသည်။ နောက်တစ်ကောင်က “နင်က အဲဒီဝက်ဝံကြီးကို မကြောက်ဘူးလား” ဟု မေးသည်။
“ကိုယ်ပိုင်ကား စီးရမယ် ဆိုလို့ကတော့ ဝက်ဝံကြီး မပြောနဲ့၊ ရေမြင်းကြီးတောင် မကြောက်ပေါင်”
တခစ်ခစ် ရယ်သံတွေ ထွက်ပေါ်လာသည်။
ကြက်ဖကြီးသည် နာရီကိုကြည့်ပြီး..
“နောက်ကျရင် အဟောက်ခံရဦးမယ်၊ ဒီက ဘယ်လို လာရသလဲ ဆိုတာ ထည့်တွက်မှာ မဟုတ်ဘူး”
ဟု ရေရွတ်ပြန်သည်။
“ဟော.. လာပြီ”
ဆိုသော အသံကို ကြားရသည်။
ဘတ်စ်ကား တစ်စင်းသည် လေဖြတ်ထားသူ တစ်ယောက်လို စောင်းစောင်းကြီး မောင်းလာနေသည်။
“အင်္ဂဝိဇ္ဇာ သဘောနဲ့ ပြောရရင် ကားပေါ်မှာ အပြည့်ပါလာတာပဲ”
စာကလေး တစ်ကောင်က အရေးထဲ ဗေဒင်ဟောနေသည်။ သူ မဟောလည်း ဒီအချိန် ကားကျပ်မယ်ဆိုတာ အားလုံး.သိပြီးသား။
ဘတ်စ်ကား မရပ်ခင်မှာပင် စပယ်ယာက ခုန်ဆင်းလိုက်သည်။ ဒီလို စပယ်ယာ အလုပ်ကို မျောက်လွှဲကျော်တွေသာ လုပ်နိုင်သည်။ ရှေ့ပေါက်က ခုန်ဆင်းလိုက်၊ နောက်ပေါက်က ပြန်တက်လိုက်၊ အရှိန်နှင့် ထွက်သွားသော ကားကို လွှားခနဲ လှမ်းဆွဲခိုလိုက် လုပ်နိုင်ဖို့က သူတို့လို လျင်မြန် ဖျတ်လတ်ပြီး လက်မြဲမှသာ ဖြစ်မယ် မဟုတ်လား။
ဘတ်စ်ကား အိခနဲ ရပ်လိုက်တာနဲ့ ခရီးသည်တွေ အတင်း တိုးဝှေ့ တက်ကြသည်။
“ဆင်းတဲ့သူတွေကို စောင့်ပါ၊ နောက်ပေါက်ကလည်း မျှတက်ကြဦး၊ အတွယ် မတင်ဘူးနော်၊ တောင်းနဲ့အစ်မကြီး ... မရဘူး”
စပယ်ယာက တရစပ် ပြောနေ၏။ တောင်းကြီး တစ်လုံးကို ရွက်ထားသော ဘဲမကြီးက ...
“တောင်းဖိုးပေးမယ်လေ”
“ဟာ.. ဒီလောက် လူကျပ်နေတာ ခင်ဗျားတောင်းကြီး ဘယ်နားသွားထားမလဲ”
“ရွက်ထားမှာပေါ့တော့”
“ဟာ ... မရဘူး၊ မရဘူး၊ ဆွဲ ဆရာရေ”
ဘတ်စ်ကား ထွက်သွားသည်။
“ဟင်း ... ကျုပ်ကျတော့ မရဘူးတဲ့၊ ဟို ကြက်မတန်းမလေး ကျတော့ ညီမလေး ... လာ လာ ဆိုပြီး ခါးကိုတောင် ဆွဲတင်ပေးလိုက်သေး တယ်”
ဘဲမကြီးသည် မကျေမနပ် ရေရွတ်ရင်း ကျန်ခဲ့သည်။ ရွက်ထားသော တောင်းထဲမှာတော့ ဒီမနက်ကမှ လောလောလတ်လတ် ဥထားသော ဘဲဥတွေ။
* * *
ဘတ်စ်ကားသည် နဂိုကပင် ကျပ်ပြီးသား ဖြစ်၏။ နောက်ထပ် ခရီးသည်တွေ တက်လိုက်သောအခါ ပိုကျပ်သွားသည်။ ထိုင်ခုံတွေမှာ ဂိတ်စကတည်းက နေရာဦးလာခဲ့သော ငါးသေတ္တာ ငါးတွေ အစီအရီ ထိုင်နေကြသည်။ နောက်ဆုံးတန်း ထောင့်ခုံမှာတော့ ဇီးကွက်ကြီး တစ်ကောင် အိပ်ငိုက်နေသည်။ ညအလုပ်ဆင်းရာမှ ပြန်လာခြင်း ဖြစ်ဟန်တူ၏။ ဇီးကွက်တို့သည် ညစောင့် အလုပ်ကို မျိုးနှင့်ရိုးနှင့် လုပ်ကြသူများ ဖြစ်၏။
“ကဲ ... ကားခလေးတွေ ပေးမယ်နော်၊ ငါးရာတန်တွေ ပေးရင်တော့ ပြန်မအမ်း နိုင်သေးဘူး၊ အမေ့ခံထား လိုက်မှာပဲ၊ ကဲ ကဲ ... ကားခလေးတွေ ထုတ်ထားမယ်၊ လက်တို့တော့မှ ရှက်လို့ မဖြစ်ဘူးနော်”
စပယ်ယာက တစာစာ အော်တောင်းသည်။ မလှမ်းမကမ်းမှာ ရှိသော ငါးရှဥ့် တစ်ကောင်သည် ခရီးသည်တွေ ကြားထဲ လျှောခနဲ တိုးဝင်ပြီး နောက်နား ကျကျမှာ ခပ်ကွယ်ကွယ် ရပ်နေလိုက်သည်။ ခရီးသည်တွေက ကားခပေးကြသည်။ ယုန်တစ်ကောင်ကတော့ ကူပွန်စာရွက်ကို မရဲတရဲ ပေးလိုက်သည်။ စပယ်ယာက လှမ်းယူရင်း ...
“အကြွေတော့ ပြန်မအမ်းနိုင်ဘူးနော်”
ဟု ပြုံးစစ ပြောသည်။ ယုန်ကလေး၏ ထောင်နေသော နားရွက်မှာ ဖျတ်ခနဲ ကုပ်ကျသွားသယောင် ထင်ရ၏။
ကားအတွင်းဘက်က အခြေအတင် ပြောသံဆိုသံတွေ ထွက်ပေါ်လာသည်။ သမင်တစ်ကောင်၏ ဦးချိုက ဘေးမှ ခရီးသည်တွေကို လျှောက်တိုက်နေသောကြောင့် ဖြစ်၏။
“အို ... ဘယ်နှယ့်လဲ၊ ရှင့်ချိုကြီးက ဟိုတိုး ဒီတိုးနဲ့”
ဝက်မကြီးက ပြဿနာရှာသည်။
“ခင်ဗျားအမြီးကလည်း ကျုပ်ကို တဖတ်ဖတ် လာရိုက်နေတာပဲ”
ဟု သမင်က ပြန်ပြော၏။ သစ်တောက်ငှက် တစ်ကောင်ကလည်း ဝါသနာကို မဖျောက်နိုင်ဘဲ မှန်ကို တဒေါက်ဒေါက် ခေါက်နေသဖြင့် ...
“ဟေ့ ... နှုတ်သီးမဆော့ပါနဲ့ဗျ”
ဟု စပယ်ယာက တားရသည်။ အရေးထဲ မှတ်တိုင် တစ်ခုမှာ ဖြူတစ်ကောင်က ကားပေါ်တက်မည် လုပ်နေသဖြင့် ...
“ဟာ ... ခင်ဗျားကိုယ်က ဆူးတွေနဲ့၊ အလိုလိုကမှ ဒီမှာ ပြဿနာ တက်နေရတဲ့ ကြားထဲ၊ မရဘူး”
“ဟာဗျာ ... မွေးကတည်းက ဆူးတွေ ပါလာတဲ့ဟာပဲ၊ ဒါ အပြစ်လားဗျ”
“ချောင်တဲ့ကားကျမှ စီးဗျာ” ဆိုပြီး ထားခဲ့ရသည်။
“ဟေ့ကောင်.. အတွယ်တွေ အထဲ ဝင်ခိုင်းစမ်း၊ ရှေ့မှာ ဆပ်ပလိုင်းချက်စ် ရှိတယ်”
ဒရိုင်ဘာ မြင်းနက်ကြီးက လှမ်းသတိပေးသည်။ ရှေ့နားက သစ်ပင်ရိပ် အောက်မှာ ချောင်းနေသော ပိုလာဝက်ဝံ နှစ်ကောင်ကို လှမ်းမြင် လိုက်ရသောကြောင့် ဖြစ်၏။ သူတို့ရှေ့က အဖြတ်တွင် ကားအရှိန် လျှော့လိုက်ပြီး လွန်လာတော့မှ ပြန်တင်သည်။
“ဟင် ... နံလိုက်တာ၊ ဘာနံ့ကြီးလဲ”
“ဟုတ်ပါ့ ... ဒီလောက် ကားကျပ်တဲ့ ကြားထဲမှာ ... တော်တော်ယုတ်တယ်”
နောက်နားဆီက အသံတွေ ထွက်လာ၏။
“ငါးပြေမတွေ ကားကျပ်လို့ ငါးပိ ဖြစ်ကုန်ပြီ ထင်တယ်”
ဆိတ်တစ်ကောင်က နောက်လိုက်သည်။
လမ်းဆုံ မှတ်တိုင်မှာ ခရီးသည် တော်တော်များများ ဆင်းသည်။ ထို့အတူ အတော်များများ ကလည်း ကားပေါ်တက်ဖို့ တာစူနေသည်။ အောက်က တိုးဝှေ့ တက်လာတော့မှ ...
“နေပါဦး ... ဒီမှာ ဆင်းတောင် မဆင်းရသေးဘူး”
လိပ်တစ်ကောင်သည် ခရီးသည်တွေကြားက ခေါင်းပြူထွက်ရင်း လှမ်းပြောသည်။ စပယ်ယာက ...
“ခက်တာပဲ၊ ခင်ဗျားတို့ လိပ်တွေဟာ နေရာတကာ တုံ့နှေးတုံ့နှေးနဲ့၊ စောစောကတည်းက တိုးထွက်ထားပါလား”
“တိုးတာပဲ ... နို့ပုံးကြီးက ကန့်လန့်ခံနေလို့”
“အလိုတော် ... ဘယ့်နှယ် ကျုပ်နို့ပုံးကို ရမယ်ရှာရတာလဲ”
ဟု နွားမကြီးက ပြန်လည်ချေပသည်။
ခရီးသည်တွေ တက်လာပြီးနောက် ကားဆက်ထွက်သည်။
“ကဲ ... အတွင်းထဲကို တိုးပါ၊ ဘေးစောင်းတိုးလေ၊ အထဲမှာ အချောင်ကြီး၊ ကမ္ဘာ့ဖလား ဘောလုံးပွဲတောင် ကန်လို့ရတယ်”
စပယ်ယာက အော်တော့ စပါးကြီးမြွေ တစ်ကောင်က ...
“မင်းက အချောင်ကြီးပြောနေ၊ ဒီမှာ မြွေစင်စစ်က ကြိုး ဖြစ်တော့မယ်ကွ”
ထိုစဉ်မှာ ဒရိုင်ဘာက ဘရိတ်ကို ဆောင့်နင်းလိုက်သဖြင့် အလဲလဲအပြိုပြို ဖြစ်ကုန်သည်။ မြင်းကျား တစ်ကောင်က ရုတ်တရက် လမ်းဖြတ်ကူးသောကြောင့် အရှိန်သတ်လိုက်ရခြင်း ဖြစ်၏။
“တောက် ... သူ့ကိုယ်သူ မြင်းကျားဆိုပြီး တော်တော် အခွင့်အရေး ယူချင်တယ်”
ဒရိုင်ဘာက မကျေမနပ် ရေရွတ်ပြီးမှ ကားကို ဆောင့်ကြီးအောင့်ကြီး ပြန်မောင်းထွက်သည်။
“မှတ်တိုင်ပါတယ်”
ပင်ဂွင်းငှက် တစ်ကောင်က အော်လိုက်သည်။ စပယ်ယာက
“မှတ်တိုင် ပါသေးတယ်တဲ့ ဆရာရေ၊ လိုက်မယ့်သူ မရှိရင် မှေးထားပေးလိုက်”
ပင်ဂွင်းသည် စီးဆားဗစ်ရင့်နေသူ ဖြစ်သောကြောင့် ကောင်းကောင်း သဘောပေါက်သည်။ ကားက လေးဘီးစလုံး ရပ်ပေးမှာ မဟုတ်။ အရှိန် လျှော့ပေးလိမ့်မည်။ ထို့ကြောင့် အပေါက်ဝနားမှာ ရပ်ပြီး အသင့်ပြင်ထား လိုက်သည်။ ကားအရှိန် အလျော့ဆုံး အချိန်ကို မှန်းဆပြီး ခုန်ဆင်းလိုက်၏။ အကျငြင်သာအောင် တောင်ပံကို တဖျပ်ဖျပ် ခတ်သည်။ သို့ရာတွင် ပင်ဂွင်းတို့၏ တောင်ပံက လေမှာ ပျံနိုင်လောက် သော အင်အား မရှိသဖြင့် ဘာမှ အရာမရောက်ဘဲ ပလက်ဖောင်းပေါ် ဟပ်ထိုးကျသွား၏။
နောက်တစ်မှတ်တိုင် အရောက်တွင် ...
“ဟာ ... ပြဿနာကောင်တွေတော့ လာပြီ”
ဟု စပယ်ယာက ရေရွတ်သည်။
တစ်တီတူးတစ်အုပ် တက်လာသောကြောင့် ဖြစ်၏။ ဒီအကောင်တွေက အများတကာနဲ့ မတူဘဲ လက်ကိုင်တန်းကို ဇောက်ထိုး တွဲလွဲခိုပြီး လိုက်တတ်တာကိုး။ ထင်တဲ့အတိုင်းပဲ မှတ်တိုင်ကထွက်လာပြီး မကြာခင်မှာပင် ...
“ဘယ်လိုဖြစ်နေတာလဲ”
“ဟဲ့ ... တင်ပါးကို ဆိတ်တယ်ဟဲ့”
“ဒီကောင်တွေ တက်လာရင် အဲဒီအတိုင်းပဲ”
“ပိုက်ဆံအိတ်ကလေးတွေ သတိထားကြနော်”
စသော အသံတွေ ထွက်လာ၏။
ဒီလိုနဲ့ပဲ တိုးရင်းဝှေ့ရင်း၊ ပြောရင်းဆိုရင်း၊ ငြင်းရင်းခုန်ရင်း၊ နောက်ရင်းပြောင်ရင်း ဂိတ်ဆုံး ရောက်လာသည်။ ခရီးသည်တွေ ကားပေါ်က ဆင်းကြသည်။ သင်းခွေချပ် တစ်ကောင်သည် ရောက်လို့ရောက်မှန်း မသိဘဲ ထောင့်တစ်ထောင့်မှာ ခွေခွေလေး အိပ်ပျော်နေသည်။ စပယ်ယာက သွားနှိုးတော့မှ လူးလဲထပြီး ...
“ဟင်.. ဘရာဇီး နိုင်သွားလား၊ ဘယ်နှစ်ဂိုးလဲ”
ဟု ယောင်ယောင်ကန်းကန်း ပြောလိုက်၏။
* * *
ဗျိုင်းမလေးသည် ဖွာလန်ကြဲသွားသော အမွှေးအတောင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်နေသည်။ ကားပေါ်မှာတုန်းက တစ်ချိန်လုံး သူ့နားကပ်နေသော ဘဲငန်းကြီးကို မျက်စောင်းတစ်ချက် ထိုးပြီးမှ ထွက်သွားသည်။ သမင်က ချိုဖျားလေး တစ်ချောင်း ကျိုးသွား၏။ ဝက်မကြီးသည် သမင်ချိုနှင့် ထိုးမိသောကြောင့် ဘေးကြော အောင့်သွားသည်။ အောက်ချင်းငှက်ကတော့ တစ်ချိန်လုံး ဇက်ကို ပုထားခဲ့ရသဖြင့် လည်ပင်းတွေ ညောင်းနေ၏။ မြင်းမလေးသည် ပိုနီတေး ပုံသွင်းထားသော အမြီး အလှပျက်သွားသဖြင့် စိတ်ညစ်နေ၏။ သားပိုက်ကောင်ကတော့ ကိုယ်ကပ် ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက် ဓားနှင့်ခွဲတာ ခံလိုက်ရသဖြင့် တဖျစ်တောက်တောက် ညည်းညူနေသည်။ ဖားဂုံညင်း တစ်ကောင်သည် ကားပေါ်မှ ဆင်းလာခါစတွင် တစ်ကိုယ်လုံး ပြားကပ်နေသည်။ ပလက်ဖောင်းပေါ် ရောက်တော့ “ခုမှပဲ အသက်ဝဝ ရှူရတော့တယ်” ဟု ပြောရင်း လေကို အားပါးတရ ရှူရှိုက်လိုက်ရာ သူ့ကိုယ်လုံးက ပြန်လည် ပြည့်တင်းဖောင်းကားလာလေသည်။

မင်းလူ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။