Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သူမနှင့် ကြွေအိုးဖြူကလေးတစ်လုံး
အစ/အဆုံး
သူဝေး

(၁)
ငြီးငွေ့နောက်ကျိဖွယ်ရာ လူများစွာ ရှုပ်ထွေးလှုပ်ရှားနေကြသည်။

စက္ကူမီးပုံးဆိုင်ကလေးကို မြင်ရသည်မှ ပွဲတော်ဆန်သေး၏။ မုန့်ပူပူရောင်းသောဆိုင်များမှမီးခိုးငွေ့မျှင်မျှင်တွေက ဈေးလမ်းကလေးကို ပိုကျဉ်းသွားစေသည်။ သစ်သီးသည်မိန်းမကြီးက သူ့သစ်သီးတွေကို တစ်လုံးပေါ်တစ်လုံး လှလှပပ တည်ခင်းနေသည်။ စက္ကူရုပ်သည် ကြီးကို ငေးကြည့်၍ သူမ မေမေ့ကို စောင့်နေခဲ့သည်။ ခပ်လှမ်းလှမ်းမှ ပုံတူရေးသောပန်းချီဆရာတစ်ဦး၏ နံဘေးမှ သူမအရွယ် ကောင်လေးတစ်ယောက်က သူမကို ငေးကြည့်နေသေးသည်။

ထိုနေ့တွင် မေမေကသူမကို ကြွေအိုးငယ်ကလေးတစ်လုံး ဝယ်ပေးခဲသည်။

(၂)
ကြွေအိုးကလေးသည် လက်ခုပ်နှစ်ဘက်နှင့်အုပ်ကိုင်လိုက်လျှင်ပင် ပျောက်ကွယ်သွားမတတ် သေးငယ်သည်။ ပတ်ပတ်လည်တွင်လည်း ဆေးရေးရောင်ခြယ် ပန်းခက်ပန်းနွယ်များမရှိပါ။ အဖြူသက်သက်။ အဖုံးလက်ကိုင်ဘုကလေးကို ကိုင်ပြီး ဖွင့်ကြည့်တော့ အထဲမှ နို့နှစ်ရောင်ကလေး လင်းနေသည်ကိုပင် မြင်ရသေး၏။ ကိုယ့်ကိုကိုယ် အလုံပိတ်၍ ကွေးကွေးကလေးအိပ်နေသော ကြွေအိုးကလေး ဖြစ်မည်။ နွမ်းပါးလှသောဘဝတွင် မေမေက သူမအတွက် ဝယ်ပေးခဲ့သော အဦးဆုံးနှင့် နောက်ဆုံးလက်ဆောင်ကလေးဖြစ်၏။ အိပ်ယာနံဘေးမှ စားပွဲအံဝှက်ထဲတွင် သိုသိုကျစ်ကျစ်သိမ်းထားဖြစ်ခဲ့သည်။

(၃)
ဆောင်းညလဝန်း၏ ဖြာဝေမှုများနှင့်အပြိုင် သူမ ပျိုရွယ်လှပလာခဲ့ပြီဖြစ်သည်။ တွယ်တာလွမ်းမောစရာ ချစ်ဦးသူပင် တွေ့ရှိခဲ့ပြီ။ စမ်းချောင်းနံဘေးတွင် ကြွေအိုးကလေးကိုကိုင်၍ ဂါဝန်ရှည်ကလေးနှင့် ထိုင်နေစဉ် ချစ်ဦးသူနှင့်တွေ့ခဲ့ခြင်းဖြစ်သည်။

သူမ၏ချစ်သူက သူမအနားရောက်လာ၍ တစ်စုံတစ်ရာကို ကမ်းပေးလိုက်သည်။ ထိုအရာကို သူမကြည့်လိုက်သောအခါ ကြွေအိုးကလေး ကို ကိုင်လျှက်သားဖြစ်နေသည့် သူမ၏ပန်းချီကားဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုနွမ်းပါးသော ပုံတူရေးပန်းချီဆရာလေးမှာ သူမ၏ ချစ်သူဖြစ်သည်။

(၄)
သူမတို့နှစ်ဦး အသက်ထက်ဆုံး အတူရှင်သန်မည်ဟုအိပ်မက်ခဲ့ကြသည်။ အိပ်မက်သက်တမ်း တစ်နှစ်ခန့်မျှအကြာတွင် သူမ၏ချစ်သူ ပန်းချီဆရာလေး မြို့တော်မှ ရုတ်တရက်ပျောက်ဆုံးသွားသည်။ မည်သည့်အကြောင်းကြောင်းကြောင့်နည်း၊ သူမမသိရ။ အရူးတစ်ယောက်လို လိုက်ရှာခဲ့သော်လည်း မတွေ့ရတော့။

မကြာမီမှာပင် သူမ၏မိခင်လည်း ဆုံးပါးခဲ့သည်။ သေဆုံးခါနီးတွင် သူမကို မည်သည့်အမှာစကားမျှမဆိုဘဲ ပြုံးပြုံးကလေးသာ ကြည့်သွား ခဲ့သည်။

(၅)
ဝမ်းရေးအတွက် အိမ်ဂေဟာကြီးတစ်ခုတွင် သူမအလုပ်လုပ်ရသည်။ ကြီးမားလှသော အိမ်ကြီးကို သန့်ရှင်းရသည်။ များပြားလှသော အဝတ်အထည်များကို လျှော်ဖွတ်ရသည်။ အိမ်ကြီးရှင်များ မွေးထားသော တိရိစ္ဆာန်များကို အစာကျွေးရသည်။ အညစ်အကြေး သန့်ရှင်းရသည်။

တစ်နေ့ သူမ လေးလံသောအရာတစ်ခုကို အားစိုက် ' မ ' ရင်း ချော်လဲသွားသည်။ အိမ်အပေါ်ထပ်လှေကားမှ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားသည်။ ဆေးဆရာကြီးက ကိုယ်ဝန်ပျက်ကျပြီဟု ပြောသည်။ သူမက ပန်းချီဆရာလေးကို သတိရလျှက်ငိုသည်။ အိမ်ကြီးရှင်က အဿပြာတစ်ပြားမှမပေးဘဲ ရိုက်ပုတ်နှင်ချသည်။

(၆)
သူမ ဈေးအတွင်း လှည့်လည်၍ ပင်ပမ်းနိမ့်ကျစွာ အလုပ်လုပ်ရသည်။ ညစ်ထေးသော ဆဲဆိုမှုများကိုခံရသည်။ မထီတရီဆက်ဆံမှုများကို ခံရသည်။ ညမိုးချုပ်မှ အိမ်ပြန်ရသည်။ တစ်ညတွင်တော့ အိမ်အပြန်လမ်းတွင် လူယုတ်တစ်သိုက်၏ အခွင့်ဆိုးယူမှုကို ခံခဲ့ရသည်။ သူမ အကြောက်အကန်ငြင်းသော်လည်း ချုပ်နှောင်ကြမ်းတမ်းကာ စက်ဆုတ်ဖွယ် ပြုကျင့်ကြသည်။

သူမ ထိုမြို့က ထွက်ခွာခဲ့သည်။

(၇)
သူမ မြို့တွေများစွာ လှည့်ပတ်နေသည်။ အိမ်အိုအိမ်ပျက်များတွင် ခိုးအောင်သည်။ ရောဂါသည်များအနားတွင် အိပ်သည်။ သူဖုန်းစားများ နှင့်အတူ စားသောက်သည်။ သူရူးတွေနှင့်စကားပြောသည်။ အရှက်လုံရုံအကျီင်္စလေးနှင့် မြို့တွေ၏ ဈေးများတွင် တောင်းရမ်းသည်။ တောင်းရမ်း၍ အဆင်မပြေသည့်နေ့များတွင် ခိုးဝှက်သည်၊ လုယက်ပြေးသည်။ အဖမ်းမိသောအခါ သူမကိုရိုက်ပုတ်ကြသည်။ မြို့ဈေးထောင့်နံရံကွေးကလေးတွင် သေခါနီးခွေးတစ်ကောင်လို သူမကွေးကပ်နေသည်။ သွေးတွေ စိုစိမ့်နေသည့် ဒဏ်ရာတွေကို သူမကြည့်ရင်း ရယ်သည်။

(၈)
မိုးရွာသောအခါ လမ်းတကာလျှောက်သွားသည်။ မိုးသည်းလျှင် သူမငိုသည်။ သူမမျက်ရည်စက်များနှင့် မိုးရေစက်များ ရောထွေး စီးဆင်းသွားသည်။ ဇရပ်ပျက်အမှောင်ထောင့်ကွေးမှာ တခိုက်ခိုက်တုန်လျှက် အိပ်ပျော်အောင်ကြိုးစားနေသည်။ သူမနှင့် မလှမ်းမကမ်း တွင် ရောဂါသည်ကြီးက မီးခြစ်ဆံကလေးနှင့် ယမ်းစက္ကူလေးကို ပင်ပမ်းကြီးစွာ ခြစ်နေသည်။ မီးကတော့ တောက်မလာ။

(၉)
မြို့ထဲကို စစ်သည်များဝင်လာသည်။ အကျဉ်းသားများကို ချုပ်နှောင်လျှက်ဖမ်းခေါ်လာသည်။ နာကျင်နေသောအကျဉ်းသားများကို လူအများက ဝိုင်းအုံကြည့်ကြသည်။ သူမလည်း အိမ်ကလေးတစ်အိမ်၏ ပြတင်းပေါက်အနားမှ ကြည့်နေသည်။

ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားသည်။ အကျဉ်းသားများ ရုန်းကန်တိုက်ခိုက်ထွက်ပြေးကြသည်။ စစ်သည်များကလည်း ပြန်လည် တိုက်ခိုက်ကြသည်။

ဖရိုဖရဲတကွဲတပြား ... ပြေးသူ ... ဖမ်းသူ ... သတ်သူ ..... ။

(၁၀)
လူသူရှင်းသော ဈေးလမ်းချောင်တစ်ခုထဲတွင် အကျဉ်းသားတစ်ဦး ပုန်းအောင်းနေသည်။ ထိုအကျဉ်းသားရှိရာသို့ သူမ တရွေ့ရွေ့ လျှောက်သွားသည်။ အကျဉ်းသားက သူ့ခါးကြားမှ ဓားမြှောင်တစ်ခုကိုထုတ်၍ သူမကိုရွယ်သည်။

သူမက မကြောက်၊ အကျဉ်းသား၏ ရှုပ်ထွေးရှည်လျားနေသော မုတ်ဆိတ်မွှေးများနှင့် ဒဏ်ရာဒဏ်ချက်များကိုသာ ကြည့်နေသည်။ အကျဉ်းသားကလည်း သူမကို တစိမ့်စိမ့်ပြန်ကြည့်နေမိသည်။ သူမကိုကြည့်ရင်းကြည့်ရင်း သူ့မျက်နှာ အသွင်ပြောင်းလာသည်။ သူမကို ထွေးဖက်လိုက်သည်။ " မင်းဟာ တစ်ချိန်တုန်းက စမ်းချောင်းနံဘေးက လှပတဲ့ ကောင်မလေးမို့လား " ဟု သူက မမေးပေ။ " ရှင်ဟာ တခါတုန်းကသိပ်ကို ချောမောခန့်ညားတဲ့ ပုံတူပန်းချီဆရာလေးမို့လား " ဟု သူမကလည်း မမေးပေ။ သို့သော် သူက တစ်ခုတော့ မေးသေးသည်။

" ကြွေအိုးဖြူကလေးကော ဘယ်မှာလဲ "

သူမ ငြိမ်သက်။ ဘာအသံမှမထွက်။ တွေးနေသည်။ ဝေးသွားသည်။

အတွေးတွေ ကျကွဲသွားသည်။ သူမမသိတော့။ ဘယ်မှာလဲမသိတော့။

သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>