Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ရေနှင့်လုပ်ထားသော ပျော်ရွှင်မှု
အစ/အဆုံး
သစ္စာနီ

ကောင်းကင်သည် မီးထဖုတ်ထားသော သံပြားကြီးနှင့် တူသည်။ ချစ်ချစ်တောက် ပူလောင်နေသော နေရောင်အောက်တွင် အိမ်တွင်းအောင်းနေသင့်သည့် လူစုလူဝေးကြီး လမ်းမပေါ်သို့ စုဝေးရောက်ရှိ နေကြပုံမှာ အိမ်မျာထဲတွင် လူမှ ကျန်ပါသေးရဲ့လားဟု ထင်စရာဖြစ်၏။ နိုင်လွန်ကတ္တရာ လမ်းများပေါ်တွင် မိုးကာလ မဟုတ်ပါပဲလျက် ရေတွေ ချောင်းစီးနေသည်။ ဟာဝိုင်ယီကျွန်း ကမ်းခြေ တွင်သာ တွေ့နိုင်သော ပင်လယ်ကမ်းဝတ် ဘောင်းဘီတို ပွပွကြီးများကို ကုန်းခေါင်ခေါင် မြို့လယ်ကောင်တွင် တွေ့နေရသည်။ လမ်းပေါ်တွင် သီဆက်ထားသကဲ့သို့ ရှေ့နောက်သွယ်တန်းနေသော မော်တော်ကားများပေါ်၌ ကားနှင့်မဆံ့အောင် လူတွေ ပြွတ်သိပ် နေကြပုံမှာ ဝက်မလွတ်အုန်းပင် မတန်တဆ သီးနေပုံနှင့် တူ၏။ တန်ခုးလေထဲတွင် အရက်နံ့ နှင့် ပိတောက်နံ့ ရောထွေနေ၏။ ကားဟွန်းသံ၊ ကတ်ဆက်သီချင်းသံ၊ အလှူမဏ္ဍပ်ကအသံ၊ အော်ဟစ် နောက်ပြောင်သံတွေ ပွက်ပွက်ဆူနေ၏။ အားလုံး ဝရုန်းသုန်းကား၊ အုတ်အုတ်ကျက်ကျက်၊ ရှုပ်ရှုပ်ထွေးထွေး၊ ဤအရာများအားလုံးကို သင်္ကြန်ဟုခေါ်သည်။

အရှေ့တောင်အာရှ နိုင်ငံတချို့တွင် သင်္ကြန် (ရေကစားသောအလေ့) ရှိသည်ဟုကြားဖူးသည်။ ယိုးဒယား သင်္ကြန်ကို ရုပ်ရှင်ထဲတွင် မြင်ဖူးသည်။ တရုပ်နယ်စပ်က သင်္ကြန်ကို စားအုပ်ထဲတွင် မြင်ဖူးသည်။ အပြင်တွင် မြင်ဖူးသည်ကား ဆေးရောင်စုံ အမှုန့်များဖြင့် ပက်ဖြန်သည့် ဟိန္ဒူလူမျိုးတို့၏ ထူးထူးခြားခြား သင်္ကြန်ဖြစ်၏။ကျွန်ုပ်တို့၏ သင်္ကြန်သည်ပင် ရှေးပဝေသဏီကာလ ယဉ်ကျေးမှုခြင်း ကူလူးဆက်ဆံရာမှ သူတို့ဆီက ရခဲ့သော အလေ့ဟု ဆိုနိုင်ပါသည်။ သင်္ကြန်ဝင်သော ဗြဟ္မာဦးခေါင်းပြတ် ပုံပြင်ကို ထောက်ထား ကြည့်ပါက သိနိုင်လေသည်။ သို့သော် နှစ်ပေါင်းရှည်ကြာစွာ လက်ခံထိန်းသိမ်းလာခဲ့သောအခါ ထိုသင်္ကြန်သည်ပင် ရိုးရာအစဉ်အလာ ဖြစ်၍ နေပါသည်။ မိဖုရားစောလုံအမှုကို ထောက်ဆ၍ ပုဂံခေတ်ကပင် သင်္ကြန်ရေကစားခြင်းကိစ္စ တွင်ကျယ်နေခဲ့ပြီဖြစ်ကြောင်း သိသာနိုင်သည်။

သို့သော် ခေတ်ကာလတွေ ပြောင်းလဲသည်နှင့်အမျှ သင်္ကြန်၏ အသွင်သဏ္ဍန်သည်လည်း ဓမ္မတာအတိုင်း ပြောင်းလဲခဲ့ရသည်။ အဆိုတော် မကြည်အောင်တို့ခေတ်က သပြေခက်နှင့် ရေပက်ရာက၊ ငွေဖလားနှင့် ပတ်ကြသောအခါ (ငွေဖလားကြီးနှင့် ရေကစားတာ တယ်ကြမ်းသလေ၊ စံပယ်ပန်းတွေတောင် ကြွေကုန်ပါပေါ့လေ) ဟု ဆိုညည်းခဲ့ကြသည်။ ယခု ခေတ်လို ဘောင်းဘီပြဲအောင် ပိုက်နှင့် ထိုးကာ၊ ထိပ်ပေါက်အောင် ရေခဲထုပ်နှင့် ပေါက်တာသာ ခံရလျှင် ဘယ်ကဲ့သို့ ညည်းကြလေမည်မသိ။ လက်တွေ့တွင်တော့ ဘယ်သူမှ မညည်း။ အားလုံး ပျော်ရွှင်နေကြသည်။

မြန်မာလူမျိုး ဆိုတာကလည်း အတော်ပင် ထူးခြားရှားပါးသည့် လူမျိုးဖြစ်၏။ တစ်နှစ်ပတ်လုံး မကျေမနပ် အောင့်အည်းထားသမျှ တစ်နှစ်တစ်ခါ သံချပ်ဖြင့် ရင်ဖွင့်ခွင့်ရလျှင် ကောင်းစွာ ကျေနပ် ပြေပျောက်သွားတတ်သည်။ ကျွန်ုပ်၏ မိတ်ဆွေ ကဗျာဆရာ၊ စာရေးဆရာ တော်တော်များများမှာ သင်္ကြန်ပိုးရှိနေတာ တွေ့ရ၏။ ကွယ်လွန်ကုန်ပြီဖြစ်သော ငသိုင်းချောင်းဝံသာ၊ အညာတမာ၊ သဘင်ကိုလေး (မကွယ်လွန်သေး) တို့မှာ သင်္ကြန်အရသာကို အတော်မြက်မြက်လေး ခံစားဖူသူများ ဖြစ်ကြ၏။ ဟိန်းလတ်၊ အောင်သက်ထွေး စသူတို့မှာလည်း သံချပ်ရူးများ ဖြစ်ခဲ့ကြသည်။ အနောက်တိုင်းတွင် လတ်တလော ခေတ်စားနေသော ရက်ပ်ဂီတမှာ ကျွန်ုပ်တို့ဆီက သံချပ်နှင့် ဆင်ဆင်တူသည်။

ယခုတော့ သံချပ်နှင့်အတူ ရေပက်နေသောကာလတွင် ရေမပက်ရဟု စာတန်းရေးထားသော အလှပြကားကြီးတွေ ခေတ်လည်း တိမ်ကောသွားသည်။ မနှစ်က ညခြောက်နာရီကျော်လျှင် ရေမပက်ရဟူသော တားမြစ်သံကိုလည်း ကြားလိုက်ရသလို ရှိသည်။ မန္တလေး အစဉ်အလာမှ ကူးစက်လာဟန် ရှိသည်။ သို့သော် ရန်ကုန် သင်္ကြန်ကား မန္တလေး သင်္ကြန်လို ဒိုးဆစ်သံ ညံသည်မဟုတ်။ တစ်နှစ်က ရန်ကုန်သင်္ကြန်ကို လာဘားနား သီချင်းသံ လွှမ်းမိုးခဲ့၏။ မနှစ်ကတော့ တရုတ်နဂါးကြီး ဇင်းဇင်း ကြီးစိုးခဲ့၏။ ဈေးကွက်စီးပွားရေးနှင့် သင်္ကြန် ရောနှောစပြုနေသော ဦးဆုံး သင်္ကေတများ။ ရန်ကုန် သင်္ကြန်ကား အင်တာနေရှင်နယ် အဆင့်မီ သင်္ကြန်ဖြစ်သည်။

သင်္ကြန်တွင် လမ်းပေါ်မှာ သူရောကိုယ်ရော ပျော်ရွှင်နောက်ပြောင် နေကြရာ ဘယ်သူ့ ဘယ်သူမှ ရှက်ကြောက်နေစရာ မလိုတော့သဖြင့် လွတ်လပ်ခြင်း ရသကို အပြည့်အဝရသလို ခံစားကြရ၏။ သင်္ကြန်ဆိုသည်မှာ ရေနှင့်လုပ်ထားသော ပျော်ရွှင်မှုဖြစ်၏။

အပျော်ရွှင်ဆုံးကတော့ ရေပက်ခံကား ငှားစားသူများနှင့် ဓာတ်ဆီ မှောင်ခို ရောင်းစားသူများ ဖြစ်ကြမည် ထင်ပါသည်။ ဒုတိယ လိုက်သူများမှာ ခါတော်မီ သင်္ကြန်စီးရီးခွေတွေ ထုတ်လုပ်သူများ ဖြစ်စရာရှိ၏။ မြန်မာသံတွေ သာမက ရော့ခ်အင်ရိုးလ် ဝါးတားဖက်စတီဗယ် ဆိုသော သီချင်းခွေတွေပင် အလုအယက် ထွက်၏။ မြန်မာပြည်တွင် အခြေစိုက်နေကြသော ကုမ္ပဏီကြီးများ ကတော့ သင်္ကြန်ကို အကြောင်းပြုကာ ကြော်ငြာခြင်း၊ ရောင်းအားမြင့်တင်ခြင်းများ ပြုလုပ်ကြပေလိမ့်မည်။ ဈေးကွက်စီးပွားရေး သင်္ကြန်ပုံစံက မနှစ်ကတည်းက သန္ဓေတည်လာခဲ့တာ ဖြစ်သည်။ ကျွန်ုပ်တို့ လူမျိုးများ ရေကို ရေလို သုံးသောပွဲတွင် သူတို့က ငွေကို ရေလို သုံးပေလိမ့်မည်။

သင်္ကြန်ကို အခါကြီးရက်ကြီးဟု သတ်မှတ်ကာ ဥပုသ်သီလ ဆောက်တည်သူတွေ ဆောက်တည်ကြ၏။ သက်ကြီးပူဇော်ပွဲတွေ လုပ်ကြ၏။ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေ လုပ်ကြ၏။ ကောင်းပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီး ဆိုသည်မှာ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တပေါင်းလပြည့်နေ့လို ရက်များသာဖြစ်သည်ဟူသော တယူသံ အစွဲကို မဖျောက်နိုင်ဘဲ ရှိ၏။ သို့သော် နှစ်ဟောင်းကုန်ညောင်း နှစ်သစ်ပြောင်းချိန်မို့ ပျော်ပွဲ ကျင်းပသည်ကို ကန့်ကွက်စရာ မရှိပါ။ (အခု ရန်ကုန် လူငယ်လောကတွင် ခေတ်စားတွင်ကျယ်သော ဒီဇင်ဘာ ညလုံးပေါက် နှစ်သစ်ကြိုဆိုသည့် မီးပုံပွဲတွေထက်စာလျှင် မဆိုးလှဟု ဆိုရပါမည်)

သင်္ကြန်တွင်းတွင် သင်္ကြန်နှင့် မအပ်စပ်၊ အတော်ပင် ခွတီးခွကျနိုင်သော ကျွန်ုပ်ကဲ့သို့ လူတချို့ ရှိကြောင်းလည်း ပြောလိုပါသည်။ ကျွန်ုပ်သည် တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ သံချပ်မထိုးဖူး၊ ရေပက်ခံကားနှင့် မလိုကဖူးသူ ဖြစ်သည်။ အရွယ်ရောက် ကတည်းက သူများကိုလည်း ရေမလောင်း၊ ကိုယ့်လည်း ရေပက်မခံလိုသူ ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်တွင်း လေးရက်ဆိုသည်မှာ ကျွန်ုပ်အဖို့ အိမ်ထဲက အိမ်အပြင် ထွက်ခွင့်မရဘဲ (တစ်နေ့ အနည်းဆုံး သုံးလေးခေါက် ရောက်တတ်သည့် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုပင် မရောက်နိုင်ဘဲ) ခြေချုပ်ကျနေသော စိတ်ပျက်ဖွယ်ရာ ကာလတိုလေးသာ ဖြစ်ပါသည်။ သင်္ကြန်တွင်း ဥပုသ်သီတင်းလည်း ဆောက်တည်လေ့မရှိရာ တစ်နှစ်တာအတွက် ဖတ်စရာ ကြွေးကျန်စာအုပ်များကို ရှာဖွေ၍ ပက်လက်ကုလားထိုင် ဘေးတွင် စုထပ်ထားကာ စာဖတ်လိုက်၊ စတုဒီသာ ပွဲများမှ လာပို့သော မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်များကို စားလိုက်နှင့် အချိန်ဖြုန်းနေရတော့သည်။ နှစ်ဆန်း တစ်ရက်နေ့ရောက်မှာ (သွားလိုရာ သွားနိုင်ပြီဟု) စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ သက်ပြင်းချ နိုင်တော့၏။

နှစ်ဆန်းတစ်ရက် ဆိုသည်မှာ ဘုရား ပုထိုးတို့၌ ကုသိုလ်ပြုသူများနှင့် စည်ကားသောနေ့ဟု ဆိုကြသည်မှာလည်း မှန်သင့်သလောက် မှန်ပါပေ၏။ သို့သော် တကယ့် နှစ်ဆန်းတစ်ရက်နေ့သည်ကား ခြေကုန်လက်ပန်းကျနေပုံရသော ဗွက်ပေါက်သည့် လမ်းမများပေါ်တွင် အုန်းလက်ထိုးထိုးထောင်ထောင်နှင့် ဖျက်သိမ်းလက်စ မဏ္ဍပ်များ၊ ပိတောက်ပွင့်အကြွေများနှင့် ရောနေသည့် ဖိနပ်သဲကြိုးပြတ်များနှင့် ဘီယာဘူးခွံများ၊ စည်ကားနေသည့် ဆေးရုံ၊ ဆေးပေးခန်းများနှင့် မော်တော်ကား ဝပ်ခ်ရှော့များ၏ မြင်ကွင်းသာ ဖြစ်ပါတော့လေသည်။

သစ္စာနီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။