Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဆွဲငင်ခြင်းနဲ့ တွန်းကန်ခြင်း
အစ/အဆုံး
ကြည်အေး

(၁)

မနှင်းမေသည် ချစ်သူအပါးမှာ ဝမ်းနည်းကာနေသည်။ သူ မရိပ်မိအောင် ပို၍ပြုံးပါ၏။ ပို၍စကားပြောပါ၏။ သို့သော် ဟန်ဆောင် နေခြင်းသာ ပေါ်နေ၏။ ပေါ်နေတာတောင် သူက မြင်ပုံမရ။

မနှင်းမေသည် ဒေါသဖြစ်ရပြန်လေသည်။ သို့သော်လည်း ချစ်သူကို ဒေါသတောင်ဖြစ်လို့မရပါလားကွယ်။ သူ့ကို သွားစေ့ပြီး မျက်ခွံမှေးကာ စောင်း၍ကြည့်မိ၏။ ခဏချင်းမှာပင် ပျော့ကျသွားပြီး မနှင်းမေသည် ဝမ်းနည်းပြီးသာနေလေသည်။

မနှင်းမေသည် ရင်တွင်းမှာတော့ အနည်းငယ်ပဲဖြစ်စေ၊ နာ၍လာကာ ဘာမပြော ညာမပြောနှင့် လက်ကို စောင့်ပြီး ရုန်းလိုက်လေသည်။

လွတ်၍မသွား။ ဟုတ်သည်။ ဘယ်တော့မှ လွတ်မည့် နှင်းမေ မဟုတ်၊ တတ်နိုင်ရင် အဝေးဆုံးကို ထွက်ပြေးလိုက်ချင်ပါရဲ့ဟု တွေးနေ မိသည်။ သို့သော် သူ့လက်သည် မနှင်းမေ၏ ပျော့ပျောင်းနွဲ့သော လက်ချောင်းကလေးများကို စုပြီး ကြပ်ကြပ်ဆုတ်ထားလေသည်။

ပြီးတော့ တစ်ခုရှိသည်။ မနှင်းမေ၏ ရင်သည် ဟုတ်ကနဲ ပူနွေးကာလာသည်။ တစ်ခုရှိသည်မှာ သူ့ရဲ့လက်အငွေ့က ဘယ်လောက် ယုယတဲ့ အငွေ့လဲကွယ်။ ထိုစိတ်ကူးနှင့်ပင် တစ်ကိုယ်လုံးနွေးပြီး အားရှိလာလေသည်။ သူ့အနားကို တိုးကပ်ပြီး သူ့ရင်ခွင်မှာ နွဲ့နေချင်စိတ် ပေါက်လာသေးသည်။ အို ...

သည်လိုနှင့်ပဲ ဘယ်နှခါများ အရှုံးပေးခဲ့ရပြီလဲ ဟု မနှင်းမေသည် တရေးရေးတွေး၏။ သူကများ မနှင်းမေ၏ မနှင်းမေ၏ ပခုံးကလေးကို ညင်သာစွာပွေ့ပြီး စကားတတွတ်တွတ်ပြောတဲ့အခါ သူ့ရဲ့စိတ်အားထက်သန်တဲ့ မျက်လုံးကြီးများနဲ့ အချိုမချဉ်ပြုံးပြီး စိုက်စိုက်ကြည့်တဲ့ အခါ အို ... မငြင်းဆန်နိုင်ခဲ့ပါဘူး။ ဘယ်တုံးကမျှ မငြင်းဆန်နိုင်ခဲ့ပါဘူး ဟု တွေးနေမိလေသည်။ ရိုးလည်းရိုးပါပြီ။ ရှုံးခဲ့လှပြီပဲ။ ပြီးတော့ ရှုံးခဲ့ရသည်ကိုလည်း ပျော်သည်။ ဘာမှ ဆိုစရာမရှိ။

ယခုလည်း အရှုံးပေးဖို့ရာကို အိမ်က ထွက်လာသည်။

(၂)

" လမ်းလျှောက်လို့ ကောင်းလိုက်တာ နှင်းရေ " ဟု သူက အားရပါးရ ပြော၏။ မနှင်းမေကမူ သူ့ခြေလှမ်းအလိုက် ဖြေးလေးစွာသာ လျှောက်လျက်ရှိလေသည်။

" နှင်းကို ကြည့်ရတာ တစ်မျိုးပဲ၊ မပျော်ဘူးလား " ဟု သူက မေးပြန်၏။ ဟုတ်ကဲ့။ သူကတော့ ပျော်မှာပေါ့။ စစ်အောင်နေကျ လူကို ... ။

" နှင်းက ဟန်ကြီးပန်ကြီးနဲ့ တော်တော်လူပါးဝ " ဟု နောက်တောက်တောက်လုပ်လိုက်လျှင်မူ မနှင်းမေသည် လွှတ်ခနဲ ရယ်သံ ထွက်သွားပြီး ပျော်လည်းပျော်လာသည် ထင်ရ၏။

စင်စစ်တော့လည်း ပျော်စရာပဲ မဟုတ်လား။ လမ်းလျှောက်ခြင်းသည် လှပအေးချမ်း၏။ တောကျကျ ဂဝံလမ်းကလေးသည် နှစ်ယောက် ထက် ပိုမသွားသော၊ ဘေးမှာတော့ မြက်ခင်းခပ်ရိုင်းရိုင်း၊ မြက်ခင်းစိမ်းကို မြက်ပွင့်၊ မြက်ဖူး၊ မြက်သီးကလေးများက အဖြူစက်ပြောင် ထားသည်။ လေသာသာ၊ နေရီရီ၊ လူရှင်းရှင်း။

ကလေးဘဝက အိပ်မက်အတိုင်းပင်၊ ထိုအိပ်မက်ကတော့ မနှင်းမေ၏ အစွဲတစ်ခုပင် ဖြစ်လေသည်။

" လမ်းကလေးက လူ့လက်နဲ့ပြုပြင်ထားတာ မဟုတ်ရဘူး ကိုရယ် " ဟု တစ်ခါက သူ့ကို ပြောပြဖူးသည်။

" လမ်းကလေးက မြက်ခင်းပေါ် ချစ်သူစုံတွဲတွေ ဖြတ် ဖြတ် လျှောက်သွားလွန်းလို့ အလိုအလျှောက်ဖြစ်လာတဲ့ လမ်းကလေး၊ ဖုန်ထူ ချင်လည်း ထူပစေပေါ့လေ၊ ပြီးတော့ ဖြူးချင်မှပဲ ဖြူးမယ်ပေါ့၊ ဟိုနေရာမှာကွေ့ပြီး ... သည်နေရာမှာ ကောက်ချင်ကောက်နေမှာ .... ။

အဲသည်တုန်းမှာတော့ မနှင်းမေသည် သူ၏ နှမလေးသဖွယ်၊ သမီးလေးသဖွယ် ငယ်နေပြီး ကလေးပမာ ပြောချင်ရာ ပြောနေသလို ဖြစ်နေလေသည်။

" လူလည်း မရှိရဘူး .... နေ့မှန်းညမှန်းလည်း မသိရဘူး ....ခပ်တော့ခပ်မှုန်မှိုင်းမှိုင်းပဲ ကိုရေ့ .... လေကလည်းအေးအေး၊ တောစံပယ်နံ့နဲ့ မွှေးချင်ချင်တောင် မွှေးမှာ၊ လမ်းက ဘယ်တော့မှ လျှောက်လို့မဆုံးဘူးတဲ့လေ၊ အဲဒီမှာ နှင်းလေ .... စားတယ်၊ အိပ်တယ်ဆိုတာမရှိဘဲ .... အမြဲလျှောက်နေချင်တယ် "

သူက ငြိမ်ပြီးနားထောင်လာပြီးမှ

" တစ်ယောက်တည်းလား နှင်းရယ် " ဟု မေးသည်ကို ပြန်၍ မှတ်မိရပါသည်။

မနှင်းမေက တမင်ကို ဆိုးပြီး

" အို တစ်ယောက်တည်းပေါ့ " ဟု ပြောခဲ့သည်။

ပါးနပ်လှတဲ့ နှင်းရဲ့ ကိုကတော့ စိတ်ဆိုးချင်ယောင်ဆောင်ပြီး နှင်းကိုခေါ်သွားကာ နှင်းတစ်ယောက်တည်း မဟုတ်တဲ့အကြောင်း၊ ပြီး ... ဖုန်ထူတဲ့လမ်းကလေးဟာ တစ်နေရာမှာ ဆုံးသွားကြောင်းကို ကောင်းကောင်းပြခဲ့လေသည်။

(၃)

မနှင်းမေတို့ ချစ်သူနှစ်ယောက်သည် လမ်းလျှောက်လာရင်းနှင့် ခရီးတော်တော်ပေါက်ပြီးလာလေသည်။ မနှင်းမေသည် လေတော်တော် အေးလာပြီကို သတိထားမိပြီး

" ပြန်စို့ .... ကိုရေ၊ မိုးချုပ်တော့မယ် " ဟု ပြောလိုက်သည်။ စင်စစ်တော့လည်း မနှင်းမေသည် တမင်ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ မိမိကိုယ်တိုင်က ဘယ်လောက်ပင် သည်နေရာက လှည့်ပြန်ချင် ပြန်၍မရနိုင်သည်ကို သိလေသည်။

မျှော်လင့်သည့်အတိုင်းပင် သူက

" နေဦးလေ နှင်းဆီခြံထဲ ဝင်ဦးစို့၊ နွားနို့သောက်ရအောင် " ဟု ဆို၏။ နှင်းဆီခြံမှာ မနှင်းမေတို့ရပ်ကွက်သို့ပင်လာပြီး ကျော်ကြားသည့် နှင်းဆီခြံပင်။ ပြီးတော့ မကြာခဏပင် ရောက်ခဲ့ဖူးပေပြီး။ မနှင်းမေ၏ ချစ်စဖွယ်လမ်းကလေးသည် နှင်းဆီခြံမှာပင် ဆုံးခဲ့လေသည်။ မနှင်းမေသည် ရင်ထဲမှာ ဆို့ပြီးလာလေ၏။

" ရက်စက်လိုက်တာကွယ် " ဟု စိတ်ထဲက ညည်းညူမိ၏။ ပထမဆုံးရောက်ဖူးသည့် အကြိမ်ကိုလည်း သတိရလာကာ အားလုံးကို မှုန်မှိုင်းစွာ ပြန်လည်မြင်ယောင်လာသည်။

မနှင်းမေသည် အစကတည်းက သိပ်ပြီးတုန်လှုပ်လှသည်တော့မဟုတ်။ မိမိမှာ တခြားမိန်းကလေးများနှင့်မတူသည့် ပွင့်လင်း လွတ်လပ် သော အယူအဆများရှိသည်ဟု ယုံကြည်၏။ ဘယ်သူ့ကိုဖြစ်ဖြစ်၊ ချစ်ချင်လျှင် ဘာအကျိုးမှ မမျှော်လင့်ဘဲ ချစ်မည်ဖြစ်၏။ အချစ်နှင့် ပတ်သက်လာလျှင် ကိုယ့်ကိုယ်ကိုယ်ရိုသေဖို့၊ တန်ဖိုးထားဖို့ကို ကိုယ်ကျိုးငဲ့ခြင်းတစ်မျိုးဟု သဘောထား၏။ လူတွေက သတ်မှတ် ထားသည့် လက်ထပ်ခြင်း၊ စည်းစောင့်ခြင်းတို့ကို သံသယအဖြစ်ကြီးဖြစ်ပြီး စွန့်ပယ်ချင်နေ၏။ တိုတိုဆိုရလျှင် မနှင်းမေသည် သဘောတွေ့သည့် လူတစ်ယောက်ကို အကြွင်းမဲ့ချစ်ပြီး သံသယမရှိ၊ တွေ့ဆုံလိုက်လျောဖို့ရာ အင်မတန်မှ ရဲဝံ့လျက်ရှိပေသည်။

မနှင်းမေသည် သူနှင့် ချစ်စကတည်းကပင် ဒါတွေကို ပြောပြနေမိသည်။

" နှင်းက ဒီအိပ်လောရင့်ရဲ့တရားကို အကြွင်းမဲ့ထောက်ခံတာ မဟုတ်ဘူး၊ သူ့တရားက တိရစ္ဆာန်နည်းနည်းဆန်တယ် ထင်တယ်၊ နှင်းက အချစ်စိတ်ဆိုတာကို ယုံတာပဲ၊ အချစ်ဆိုတာ ကိုယ်ခန္ဓာချင်း တွေ့ဆုံနှီးနှောတာတင်မှ မဟုတ်ဘဲရယ်၊ စိတ်ရဲ့နက်နဲဆန်းကြယ်တဲ့ စွဲမက်မှုက အရေးကြီးစွာ ပါသေးတာပဲ " ဟု အဆုံးသတ်လိုက်လျှင်မူ သူက ပြုံးလျက်ရှိခဲ့လေသည်။

သည်နောက်တော့ မိမိစိတ်က ချောက်လေသလားမသိ။ သူ၏ခေါင်းရင်းကို ထူးဆန်းသည့်အကြံအစည်များဝင်၍နေသည်ဟုချည်း ထင်နေမိလေသည်။ ငါ့ရဲ့လွတ်လပ်တဲ့ အတွေးအခေါ်တွေအပေါ်များ သူ အခွင့်ကောင်းယူလေမလား။

ယခုအခိုက်အတန့် မနှင်းမေ၏ သံသယများသည် ခိုင်မာပြီးလာလေသည်။ မှန်ချင်လည်းမှန်မည်။ မှားချင်လည်းမှားမည်။ သို့သော် .... သူတို့နှစ်ယောက်သည် နှင်းဆီခြံတွင်း ကုဣိုရိပ်အောက်က ရေနံသုတ်သည့် လူသူကင်းကွာသော ပျဉ်ထောင်အိမ်ကလေးထဲမှာ ရောက်လျက်ရှိလေပြီ။

မနှင်းမေသည် မျက်ရည်လည်လာသည်ကို ထိန်းလျက်ရှိလေ၏။ " သူ့ကို ဘာကြောင့်များ ဒီလောက်ချစ်ရပါလိမ့်၊ ချစ်ရပါလိမ့်၊ မိုက်မဲလှတဲ့ အချစ်ရယ် " ဟု ရေရွတ်နေမိသည်။

မနှင်းမေ၏ ချစ်သူက နှင်းဆီခြံ၏ ခင်းကျင်းပြသမထားသော ဆိုင်ကရောင်းသည့် လိမ္မော်ရည်နှင့် အရက်စပ်ထားသည့် ဖန်ခွက်များကို လာချသည့်အခါမှာ " ချစ်သူကို အရက်နဲ့မြည်းမယ်ဆိုတာမျိုးပေါ့ " ဟု နာကျည်းစွာတွေးလျက်ရှိလေသည်။

မနှင်းမေသည် မိဘများမျက်နှာကို ပြန်မြင်လာသည်။ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးပြီးတော့ မသိကျွမ်းတာတွေရော ခင်မင် ရင်းနှီးတာတွေရော အကုန်ပါသည်။ လူသူများ ထူးဆန်းသည်။ အရင်တုန်းကဆိုလျှင် ဒါတွေကို ဘယ်တော့မှ ထည့်မတွက်ခဲ့။

သူ့ကို မုန်းကြည့်၍မရ၊ ဒေါသဖြစ်ကြည့်၍ တာရှည်မခံ၊ ဒေါသသည် သူ့ဆီကနေ၍ ကိုယ့်ဘက်ကိုသာ ပြန်လှည့်လာသည်။ နောက်ဆုံး၌ မနှင်းမေသည် စိတ်ကိုအေးအေးထားလိုက်လေသည်။ အံ့ဩစဖွယ်ပင်၊ ပျော်လာသလိုလို ဖြစ်ပြန်သည်။ ချစ်သူ၏ အထိအတွေ့ကိုလည်း တောင့်တလာ၏။ ရိုက်နှက်ကန်ကျောက်ပစ်လိုက်ချင်ပြန်၏။

ယခုအချိန်၌ မနှင်းမေသည် မနှင်းမေဆိုတာထက် ပို၍ဘာမှ မဖြစ်တော့ပေ။ မနှင်းမေသည် အရွယ်ရောက်၍ ကိုယ်ခန္ဓာအစိတ်အပိုင်း ပြည့်စုံသည့် မိန်းမတစ်ယောက်သာ ဖြစ်လေသည်။ တတ်နိုင်သမျှ နားလည်သမျှနှင့် ချစ်ခင်စွဲမက်တတ်သည့် စိတ်ရှိသည့် မိန်းမတစ်ယောက် ဖြစ်လေ၏။

ပြတင်းပြင်မှာမှောင်၏။ အားလုံးတိတ်ဆိတ်၏။ တံခါးကိုလည်း ပိတ်ခဲ့ပြီ။ နှင်းရဲ့ကို၏ လက်တစ်ဖက်သည် မနှင်းမေ၏ လည်ပင်းကို ဖက်ထားသည်မှာ ပို၍တင်းကြပ်လာသော်လည်း ကျန်လက်တစ်ဖက်ကမူ မနှင်းမေ၏ ကျောပြင်မှ အောက်သို့ တရွေ့ရွေ့ဆင်း၍ သွားပေပြီ။

ကြည်အေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>