Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ကြေးရုပ်မြို့တော်
Chapter 1
နေမျိုး

အောင်မြင်မှု၊ ကျော်ကြားမှု၊ ဂုဏ်သိက္ခာနဲ့ ပိုးဟပ်တစ်ကောင်ကို ရှာဖွေရင်း မျက်စိလည် လမ်းမှားကာ ကျနော်ဟာ မြို့တစ်မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။


(၁)
ပထမဆုံး မြို့လည်ကောင်မှာ ကျနော် တအံ့တဩ တွေ့လိုက်တာကတော့ ပေ တော်တော်များများ မြင့်မယ့် ကြေးရုပ်ကြီးပါပဲ။ လူတစ်ယောက်ရဲ့ ဦးခေါင်းပိုင်းကို သွန်းထုထားတဲ့ ကြေးရုပ်ကြီးဟာ အနုပညာတွေနဲ့ လေးလံ ငြိမ်သက်နေတာကို တွေ့ရပါတယ်။ ကျနော်ဟာ ကျနော့်အပေါ်မှာ အုပ်မိုးထားတဲ့ ကြေးရုပ်ကြီးကို မော့ကြည့်နေမိတယ်။ ငြိမ်သက်နေတဲ့ ကြေးရုပ်ကြီးဟာ ကျနော့်ဦးခေါင်း ထဲက အမှတ်သညာတံခါးကို နှိုးဖွင့်လိုက်လေရဲ့။ ကျနော့် အမှတ်သညာထဲမှာ လိမ်းကျံကပ်ငြိနေတဲ့ အပိုင်းအစတွေဟာ ပုံသဏ္ဍာန် တစ်ခုအဖြစ် ရုပ်လုံးကြွလာခဲ့ပါတယ်။ ကျနော် မှတ်မိပြီ။ ကျနော့် အရှေ့မှာ ငြိမ်သက်ပြီး ကျနော့်ကို အုပ်မိုးထားတဲ့ ကြေးရုပ်ကြီးဟာ ကျနော့်ရဲ့ သိဟောင်း ကျွမ်းဟောင်း တစ်ယောက် ဆိုတာ ကျနော် ကောင်းကောင်းမှတ်မိပြီ။ ကြည့်ပါဦး။ အဝေးကို ကြည့်ငေးနေပုံရတဲ့ ပြူးအစ်အစ်ဝိုင်းစက်စက် မျက်လုံးတွေ။ မျက်လုံးနှစ်ခုကြားက တွဲလောင်းကျနေတဲ့ တိုပွပွနှာခေါင်း (ကြေးသားက စိမ်းညို့ ပြောင်လက် လို့) ခုံးထနေတဲ့ ထူအမ်းအမ်း နှုတ်ခမ်းနဲ့ မျက်နှာပြင် အောက်ပိုင်းကို အနားသတ်ထားတဲ့ မေးရိုးတိုတို။ ဒါတွေ အားလုံးကို ဆွဲယူ သိမ်းဆည်းထားတဲ့ ထိပ်ပြောင်ပြောင်ကြီး။ ကျနော်ဟာ မိတ်ဆွေတစ်ယောက်ရဲ့ ပုံသဏ္ဍန်ကို ပီပီပြင်ပြင် မြင်လာရပေါ့။ ကြေးရုပ်ကြီး ဆီက ပြူးအစ်အစ်မျက်လုံးတွေ ခံစားချက် ကင်းမဲ့စွာ အဝေးကို ငေးနေပုံဟာ ကျနော့် မိတ်ဆွေကြီးရဲ့ ထင်ရှားတဲ့ လက္ခဏာ တစ်ခုပါပဲ။ (ကျနော်တောင် မေးကြည့်ချင်စိတ် ပေါ်လာမိတယ်။) ကြေးရုပ်ကြီးကတော့ အနုပညာမြောက် အစိုင်အခဲ တစ်ခုအဖြစ် ကျနော့် ရှေ့မှာ လေးလေးလံလံ ခံ့ခံ့ညားညား ထီးထီးမားမား။ ကျနော် နေထိုင်ခဲ့ဖူးတဲ့ မြို့ကလေးတစ်မြို့က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ ကဖေးဆိုင်ပိုင်ရှင် လူဝကြီး တစ်ဦးကို ဒီမြို့မှာ ကြေးရုပ်ကြီး တစ်ရုပ်အဖြစ် တွေ့လိုက်ရတော့ ကျနော် အံ့ဩမိတာ အမှန်ပါပဲ။ ဒီမြို့က လူတွေဟာ ဘယ်လိုအကြောင်းတွေကြောင့် ကဖေးဆိုင်ပိုင်ရှင် လူဝကြီးကို ရုပ်တုကြီးတစ်ခုအဖြစ် သွန်းထုထားကြသလဲ မသိဘူး။ လူဝကြီးနဲ့ ပတ်သက်လို့ ကျနော် မသိသေးတဲ့ အချက်တွေဟာ ဒီမြို့က လူတွေအဖို့ ရုပ်တုတစ်ခုအဖြစ် သွန်းထုဖို့ အတွက် လုံလောက်တဲ့ အချက်တွေ ဖြစ်ကောင်း ဖြစ်နေမယ် ဆိုတာလောက်တော့ ကျနော် တွေးမိပါရဲ့။ ကျနော် သိရသလောက်ကတော့ လူဝကြီးဟာ မြို့လေးတစ်မြို့ရဲ့ လမ်းချိုးတစ်ခုက လူသူ ကင်းရှင်းနေလေ့ရှိတဲ့ ကဖေးဆိုင်ကလေးထဲမှာ တစ်နေ့ တစ်နေ့ သူ့ခန္ဓာကိုယ်ကြီးကို ထည့်သွင်းထားပြီး ပြူးအစ်အစ် မျက်လုံးတစ်စုံနဲ့ လမ်းမဘက်ကို ငေးကြည့်နေတတ်တာပါပဲ။ မှန်ကောင်တာထဲမှာ အလုံပိတ်လှောင် ထားတဲ့ မုန့်တွေလို မလတ်မဆတ် သူ့မျက်နှာကြီးကို နေ့စဉ်လိုလို ကျနော် မြင်တွေ့ရိုးအီ ခဲ့ပါတယ်။ သူ့ဆိုင်က ခပ်ကျဲကျဲ လဘက်ရည်နဲ့ မလတ်မဆတ် သူ့မျက်နှာကြီးဟာ (တစ်စုံတစ်ရာ သံဝေဂ ပွားဖွယ်) လိုက်ဖက်ညီ လှပါတယ်။ ယင်ကောင်တွေ ဝဲဝဲနေတတ်တဲ့ သူ့ဦးခေါင်း ပြောင်ပြောင်ကြီးရဲ့ အထဲမှာ ဘယ်လို အံ့ဩဖွယ်ရာ အတွေးတွေ ရှိမလဲဆိုတာ ကျနော် မသိခဲ့ပါဘူး။ ကျနော်ကတော့ ပြောင်လက်လက် သူ့ဦးခေါင်းကြီးထဲမှာ ကိန်းဂဏန်းတွေနဲ့ ပြည့်နှက်နေမှာပဲလို့ ထင်မှတ်ခဲ့ပါတယ်။ သူဟာ ကျနော့်ဆီက ရစရာရှိတဲ့ အကြွေးတွေကို ကောင်တာမှာ ထိုင်ရင်း ကိန်းဂဏန်းတွေ သုံးစွဲလို့ မှတ်သား ကမ္ဗည်းထိုးခဲ့သူ မဟုတ်လား။ တစ်နေ့တစ်နေ့ ပွားများ လာတဲ့ ကိန်းဂဏန်းတွေကို မညည်းမညူ မှတ်သားခဲ့တဲ့ အတွက် သူ့ကို ကျနော် ကျေးဇူးတင်ခဲ့ပါတယ်။ ခု တစ်ခါ သူနှင့် ကျနော် မျက်နှာချင်း ဆုံရပြီ။ ကြေးရုပ်ကြီးကို ကျနော် တွေ့နေရပြီ။ ပြူးအစ်အစ် ကြေးဝါ မျက်လုံးတစ်စုံဟာ ခံစားချက် ကင်းမဲ့စွာ အဝေးကို ငေးစိုက်ကြည့်နေဆဲပါကလား။


(၂)
ကျနော့် ခြေလှမ်းတွေဟာ တစ်နေရာ အရောက်မှာ ရပ်တန့်သွားကြပြန်ပါတယ်။ ဒီနေရာမှာလည်း ကြေးရုပ်ကြီးတစ်ရုပ်ကို ကျနော် တွေ့ရပြန်ပြီလေ။ ကြေးရုပ်ကြီးဟာ မြေထဲက တိုးထွက်လာသလို လမ်းပေါ် မှာ ဘွားဘွားကြီး မားမားကြီး ထီးထီးမားမား တည်လို့။ ထပ်ပြီး ကျနော် အံ့ဩရပြန်ပြီ။ သွန်းထုထားတဲ့ စုတ်ချွန်းချွန်း မျက်နှာဟာ ကျနော့်ရဲ့ သိဟောင်းကျွမ်းဟောင်း တစ်ယောက်ဆိုတာ တပ်အပ်သေချာ ခဲ့ပါတယ်။ ကိုင်းညွှတ်နေတဲ့ မျက်ခုံးမွှေးအောက်မှာ နစ်ဝင်နေတဲ့ မျက်လုံးမျက်ဆန်တွေ၊ အဖျားရှူး ပြီး အရင်းမှာ ကားသွားတဲ့ နှာခေါင်းချွန်ချွန်၊ အထက်အောက် မညီမညာ ပြန့်ကားသွားတဲ့ နှုတ်ခမ်းများ၊ ထောင့်မှန်ကျလုနီးပါး ချွန်ထွက် နေတဲ့ မေးစေ့၊ ဦးခေါင်းကို ဖုံးလွှမ်းထားတဲ့ ခပ်ပွပွဆံပင်တွေနဲ့ ရုပ်သွင်ဟာ ကျနော့် သိဟောင်း ကျွမ်းဟောင်း တစ်ယောက်ဖြစ်ကြောင်း သေချာစေခဲ့ ပါတယ်။ စုတ်ချွန်းချွန်း ကြေးရုပ်ကြီးဟာ တစ်စုံတစ်ရာကို နက်နက်နဲနဲ ဝင်စားတွေးတော နေတဲ့ ပုံပါပဲ။ ကြေးရုပ်ကြီး ဘာတွေ တွေးတော နေတယ် ဆိုတာ ကျနော် မသိနိုင်ပေမယ့် ဟောဒီ ထိုးထိုးထောင်ထောင် ကြေးရုပ်ကြီးရဲ့ မူလ ဘူတ ဖြစ်တဲ့ ကျနော့် သိဟောင်း ကျွမ်းဟောင်းကြီး ဘာကို တွေးတော နေလေ့ရှိတယ် ဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။ သိဟောင်း ကျွမ်းဟောင်းကြီးရဲ့ အတွေးတွေမှာ ဆောင်းရာသီရဲ့ အအေးဒဏ်အကြောင်း၊ စွန့်ပစ်သွားတဲ့ မိန်းမတစ်ယောက် အကြောင်း၊ ပါးလှပ်လှပ် စက္ကူတစ်ရွက် အကြောင်း၊ ကြွပ်အောင်ကြော်ထားတဲ့ အသားတစ်တုံး အကြောင်း၊ ရေမရော ရသေးတဲ့ အရက် တစ်ပုလင်း အကြောင်း၊ တရွေ့ရွေ့ တွားဝင်လာတဲ့ သေခြင်းတရားအကြောင်း၊ စတာတွေဟာ ဝဲလှည့်နေတတ်ပါတယ်။ သူနဲ့ ကျနော်ဟာ မြို့ကလေးရဲ့ လမ်းကြိုလမ်းကြား တစ်ခုက အရက်ဆိုင်ကလေး တစ်ဆိုင်မှာ ညနေတိုင်းလိုလို ဆုံဖြစ်ခဲ့ကြတယ်။ ညနေခင်း ခပ်များများဟာ သူနဲ့ ကျနော့်ရဲ့ ယိုင်ရွဲ့ရွဲ့ စားပွဲပေါ်ကနေ တရွေ့ရွေ့ ဖြတ်သန်း ကုန်ဆုံးသွားခဲ့ဖူးပါတယ်။ ကွေ့ကောက် လိမ်တွန့်နေတဲ့ လမ်းကြို လမ်းကြားကလေးကို ဖြတ်လို့ အရက်ဆိုင်ကလေး ရှိရာကို ကျနော် ရောက်လာပြီ ဆိုတာနဲ့ သူ့ကို တွေ့ရတော့တာပါပဲ။ ကျနော့် သိဟောင်း ကျွမ်းဟောင်းကြီးဟာ ကျောက်ချပြီး ပြန်နှုတ်လို့ မရတော့တဲ့ သင်္ဘောပျက် တစ်စင်းလို ငြိမ်နေတတ်ပါတယ်။ တစ်ချက် တစ်ချက် လှိုင်းအပုတ်မှာ သူ့ဦးခေါင်း စုတ်ချွန်းချွန်းက တဆတ်ဆတ် ညိတ်တတ်တယ်။ ဆိုင်ကလေးထဲမှာ ဘဝကို အန်ချနေသူ အချို့ ရဲ့ စကားသံတွေဟာ လှိုင်းလုံးတွေ ပမာ စားပွဲဝိုင်းတွေကို ဖြတ်သန်းလို့ နိမ့်ကာ မြင့်ကာ ပေါ်လာကြတယ်။ သူ့ခေါင်းထဲမှာ ဘယ်လို မြင့်မားတဲ့ တရားဓမ္မ တစ်စုံတစ်ရာ ရှိနေမလဲဆိုတာ ကျနော် မစဉ်းစား ကြည့်မိခဲ့ပါဘူး။ သူ့ ဦးခေါင်းဟာ အဆံချောင်လို့ သူ့အတွေးတွေဟာ ရီဝေ ယိမ်းခါနေကြမယ်လို့သာ မှတ်ယူခဲ့မိပါတယ်။ သူဟာ သူ့အမည်ကိုတောင်မှ မေ့လျော့နေခဲ့တဲ့ သူ တစ်ယောက်ပါလေ။ ဒါပေမယ့် သူ မမေ့မလျော့ ပြောတတ်တဲ့ အကြောင်းအရာ တစ်ခုကတော့ လူတစ်ယောက်ကို ဓားမြောင် တစ်ချောင်းနဲ့ ထိုးစိုက်ဖို့ ကြိုးစားခဲ့ဖူးတဲ့ အကြောင်း၊ အဲ့ဒီ လူတစ်ယောက် ဟာ သူ့ဇနီး ဖြစ်ကြောင်းတို့ပါပဲ။ (သူ့ရဲ့ ကြိုးစားမှု မအောင်မြင် ခဲ့ပါဘူး) မူးယစ်ခြင်းနဲ့ သေခြင်းတရားကို သူ့ခန္ဓာကိုယ်ပေါ်မှာ တင်ဆောင် ထားခဲ့လေသလား။ သူ့ ဦးခေါင်းဟာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုရဲ့ သက်ရောက်ခြင်း ခံနေရသလို ညွှတ်ကျ ငုံ့ကိုင်းလို့။ သူနဲ့ ကျနော် ထိုင်လေ့ရှိတဲ့ ထင်းရှူးစားပွဲ ပုပုကလေးပေါ်မှာ ညနေခင်းတွေဟာ တရွေ့ရွေ့ တွားတက် လာခဲ့ကြတယ်။ တွားတက်လာတဲ့ ညနေခင်း တွေဟာ မျှော့ကောင်တွေလို သူ့ ကိုယ်ခန္ဓာပေါ် တွယ်ကပ်ကာ သွေးသား အသက်ဓာတ်တွေကို စုပ်ယူခဲ့ကြတယ်။ တစ်နေ့ထက် တစ်နေ့ ကြုံလှီဖျော့တော့ အရိုးငေါငေါနဲ့ သူ့ကိုယ်ခန္ဓာ ကြီးဟာ ပညာရှင်တွေ မထိမတို့လိုတဲ့ ဝါကျ တစ်ကြောင်းနဲ့ တူပေရဲ့။ ကျနော်ဟာ အဲ့ဒီ ဝါကျ တစ်ကြောင်းကို အကြိမ်ကြိမ် ဖတ်ရှုခဲ့ပါတယ်။ ဒါပေမယ့် ဘာအဓိပ္ပါယ် ရှိသလဲဆိုတာ မသိခဲ့ပါဘူး။ ခုတော့ဖြင့် ဒီမြို့က လူတွေဟာ အဲ့ဒီ ဝါကျတစ်ကြောင်းရဲ့ အဓိပ္ပါယ်ကို ကောင်းစွာ တွေ့ရှိခဲ့ကြပြီလား။ သူ့ကို ပုံဖော်ထားတဲ့ ဧရာမ ကြေးရုပ်ကြီး ကတော့ တစ်စုံတစ်ရာကို နက်နက်နဲနဲ စိတ်ဝင်စား နေပုံပါလေ။ ကိုင်းညွှတ်နေတဲ့ မျက်ခုံးမွှေးအောက် နစ်ဝင်နေတဲ့ သတ္တုမျက်လုံးတွေထဲမှာ ခံစားချက် တစ်စုံတစ်ရာဟာ တင်းမာနေခဲ့ပါတယ်။ သတ္တုနဲ့ ပုံဖော်ထားတဲ့ ကြေကွဲဖွယ် အနုပညာအစိုင်အခဲကြီး အောက်မှာ ကျနော်ဟာ (သတိတရ)နဲ့ ပုလင်းပြားကလေးကို ထုတ်ပြီး မော့ချခဲ့ပါတယ်။


(၃)
လမ်းအကွေ့ တစ်နေရာမှာ ငေါထွက်နေတဲ့ ကြေးရုပ်ကြီး တစ်ရုပ်ကို ကျနော် တွေ့ရပြန်ပြီ။ ကြေးရုပ်ကြီးဟာ နေရောင်ခြည် ထိမှန်ပြီး လင်းလက်နေပါတယ်။ အချိုးကျလှတဲ့ သတ္တုသားဟာ ဦးခေါင်းကြီး တစ်ခုကို မိမိရရ ပုံဖော်ထားပါတယ်။ ဦးခေါင်း အထက်ပိုင်း နဖူးပြင်မှာ သတ္တုအရေးအကြောင်းတွေ တွန့်ခေါက် ဖောင်းကြွနေကြတယ်။ မေးရိုး ကားကားကြီးဟာ ကြေးရုပ်ကြီးရဲ့ မျက်နှာပြင်ကို ပိရိသေသပ်စွာ အနားကွပ်ပေးထား သလိုဘဲ။ ထူထူထဲထဲ မျက်ခုံးမွှေးတွေ အောက်က စက်ဝိုင်းပျော့သဏ္ဍန် မျက်လုံးတွေ၊ သွယ်တန်း ခုံးထနေတဲ့ နှာခေါင်း၊ အထက်အောက် ညီညာတဲ့ နှုတ်ခမ်းတစ်စုံတို့ဟာ ရုပ်ထုကြီးရဲ့ မျက်နှာပြင်ကို ပီပီသသ ကြွရွစေကြတယ်။ မြင့်မား ခန့်ငြားတဲ့ ရုပ်တုကြီးရဲ့ မျက်နှာပြင်မှာ ထူးထူးခြားခြား ပေါ်လွင်နေတာကတော့ နဖူးပြင်က လှိုင်းထနေတဲ့ အရေးအကြောင်းတွေပါပဲ။ နဖူးပြင်ပေါ်က အရေးအကြောင်းတွေဟာ ဉာဏ်ပညာရဲ့ ပုံပြ ဂရပ်မျဉ်းတွေပမာ ရုပ်တုကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ခံ့ခံ့ညားညား နေရာယူ ထား ကြပါတယ်။ ရုပ်တုကြီးကို ကြည့်ရင်း ကျနော်ဟာ အံ့ဩဖို့တောင် သတိ မရတော့ပါဘူး။ ကျနော်နဲ့ ရင်းနှီးခဲ့သူ စာကြမ်းပိုးကြီး တစ်ကောင်ကို ခုလို ရုပ်တုကြီး အဖြစ် ခန့်ညားထည်ဝါစွာ တွေ့လိုက်ရတဲ့ အခါ တော်တော်ပဲ ဝမ်းသာသွားတယ်လေ။ သူဟာ သူဖတ်ဖူးတဲ့ စာအုပ်တွေထဲက ဘယ်လို အသိဉာဏ်တွေ စုဆောင်းရရှိခဲ့သလဲ ဆိုတာ ကျနော် မပြောနိုင်ပါဘူး။ ကျနော် ပြောနိုင်တာ ကတော့ သူဟာ စာအုပ်တွေကို ဘိန်းစွဲသလို စွဲနေတဲ့ လူတစ်ယောက်၊ တစ်နေ့ တစ်နေ့ စာမဖတ်ရရင် မနေနိုင်တဲ့ လူတစ်ယောက် ဖြစ်တယ် ဆိုတာပါပဲ။ သူ့ ဦးနှောက်ထဲက အခန်းတွေမှာလည်း စာအုပ်ထဲက အက္ခရာ ဝါကျတွေနဲ့သာ ပြည့်နှက်နေမယ် ဆိုတာ ကျနော် ပြောရဲ ပါတယ်။ တစ်ခါတစ်ရံမှာ သူဟာ အခန်းတံခါးတွေ အလုံပိတ်ပြီး စာအုပ် ထူထူကြီးတွေကို တစ်ရွက်ချင်း လှန်ကာ ဇွဲနပဲကြီးကြီးနဲ့ အခန်းအောင်း ဖတ်ရှု နေတတ်ပါတယ်။ အကြီး အသေး အငယ် အရွယ် အလတ် မျိုးစုံ စာအုပ်တွေဟာ သူ့အခန်းထဲမှာ အထပ်ထပ် ပြည့်မောက် နေပါတယ်။ သူ့ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ဘဝဟာ စာအုပ်တွေ ဖတ်ရင်း ကုန်ဆုံး သွားတော့မှာလား ဆိုတဲ့ အတွေးမျိုး တောင် ကျနော် ဝင်လာမိပါတယ်။ သူနဲ့ ကျနော် ဆုံဖြစ်စဉ် တစ်ကြိမ်မှာတော့ သူဟာ လေးလံထူထဲတဲ့ စာအုပ်ကြီးကိုချကာ ကျနော့်ကို စကားတစ်ခွန်းပြောခဲ့ဖူးပါတယ်။


“စာအုပ်တွေထဲမှာ ဘဝရဲ့ အဓိပ္ပါယ်ကို ငါရှာနေခဲ့တာ ကြာပြီ။ ခုထိတော့ မတွေ့ရ သေးဘူး။ တနေ့နေ့မှာတော့ ငါ မဖတ်ရသေးတဲ့ စာအုပ်သစ်တွေထဲမှာ ပါလာလိမ့်မယ်လို့ ငါ ထင်ပါတယ်ကွာ” ... တဲ့။


မြို့ကလေးရဲ့ လမ်းမကြီးပေါ်က စာအုပ်ဆိုင်မှာ စာအုပ်အသစ်တွေ ရောက်နေပြီလို့ ကျနော်က သတင်းပေးလိုက်တဲ့အခါ ရှုံ့တွနေတဲ့ သူ့နဖူးပြင်က အရေးအကြောင်းတွေဟာ ဆတ်ခနဲ ပြေကျသွားပြီး သူ့မျက်နှာကြီး ဝင်းလက် သွားတတ်ပါတယ်။ စာအုပ်တွေ ရှိရာကို သူ အငမ်းမရ သွားလိမ့်ဦးမယ်လေ။ စာအုပ်ထဲက အက္ခရာ ဝါကျတွေဟာ သူ့ ဦးနှောက်အခန်းတွေကို ခြကောင်တွေလို တစစ်စစ် ကိုက်ခဲ ဝါးမျို မဖျက်ဆီးခဲ့ဖူး ဆိုရင်ဖြင့် သူဟာ တစ်ချိန်မှာတော့ အဓိပ္ပါယ် တစ်စုံတစ်ရာကို ရှာတွေ့နိုင်မှာပါလို့ မျှော်လင့်မိ ပါတယ်။ အခုတော့ ဖြင့် သူဟာ သူလိုချင်တဲ့ အဓိပ္ပါယ် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိ သွားခဲ့ပြီလား။ ကျနော်ဟာ ကျနော့် ရှေ့မှာ ထီးထီးမားမားကြီး တည်ရှိ နေတဲ့ ကြေးရုပ်ကြီးကို ကြည့်ကာ အတန်ကြာအောင် ငြိမ်သက်နေမိပါတယ်။ ရုပ်တုကြီးဆီက ထူအမ်းအမ်း သတ္တု နှုတ်ခမ်းတစ်စုံဟာ အက္ခရာ ဝါကျ တစ်စုံတစ်ရာကို ရွတ်ဆိုဖို့ အဆင်သင့် ဖြစ်နေပုံမျိုးပါလား။


(၄)
လမ်းပေါ်မှာ လူသူ ရှင်းနေဆဲ။ ကျနော်ဟာ ဒီမြို့ကလူတွေ အသွားအလာ နည်းပါးတာကို သတိထားမိခဲ့တယ်။ ကျယ်ပြော ပြန့်ပြူးလှတဲ့ လမ်းမကြီးပေါ် တစ်မျှော်တစ်ခေါ်မှာ လူသူ အစအန လုံးလုံး မမြင်တွေ့ရဘူး။ ကြေးဝါရောင် နေရောင်ခြည်အောက်မှာ လမ်းမကြီးဟာ လှဲလျောင်း ငြိမ်သက် နေပါတယ်။ ကျနော် လျှောက်လာခဲ့တဲ့ လမ်းမကြီးပေါ်မှာ အမှိုက်သရိုက် ဆိုလို့ တစ်မှုန်တစ်စတောင် မတွေ့ရ ပါဘူး။ လမ်းမကြီးပေါ်မှာ လျှောက်လာခဲ့ရင်းနဲ့ လမ်းဘေး တစ်နေရာက လမ်းညွှန် မှတ်တိုင်တစ်ခု အနီးမှာ ဧရာမ ကြေးရုပ်ကြီး တစ်ရုပ် ကို ဘွားခနဲ ကျနော် တွေ့ရပြန်သည်။ ကြေးရုပ်ကြီးဟာ ဣနြေ္ဒ ကြီးမားစွာ လေးလံငြိမ်သက် နေပါတယ်။ ကျနော်ဟာ လမ်းမကြီးပေါ်က ဖဲ့ဆင်းပြီး ကြေးရုပ်ကြီး အနီးကို တိုးကပ်သွားခဲ့ပါတယ်။ ကြေးရုပ်ကြီးရဲ့ ကြီးမားတဲ့ ဣနြေ္ဒကို အနီးကပ် မြင်လိုက်ရတဲ့ အခါ ကျနော့် မှတ်ဉာဏ် အာရုံဟာ ဝင်းခနဲ လက်သွားပါတယ်။ ကျနော် ထိတွေ့ခဲ့ဖူးသူ တစ်ယောက်ကို ဟောဒီနေရာမှာ ကြေးရုပ်ကြီး တစ်ရုပ်အဖြစ်နဲ့ တွေ့ရပြန်သည်လေ။ တိုနှံ့နှံ့ ဆံပင်တွေ အောက်က လေးထောင့်ဆန်ဆန် မျက်လုံးတွေ၊ ပြားကပ်ကပ် ကော့လန်လန်နှာခေါင်း (နှာခေါင်းပေါက် တွေက ကြီးကြီးမားမား)၊ တင်းတင်းရစ်ရစ် စေ့ထားတဲ့ နှုတ်ခမ်းတွေနှင့် ပွယောင်းယောင်း ဖောင်းကားကား ပါးပြင်၊ မေးရိုးတိုတိုတွေက ထူထူထဲထဲ ပါးပြင်ထဲမှာ နစ်ဝင်နေကြလို့ ကျနော်နှင့် ထိတွေ့ခဲ့ဖူးတဲ့ အင်္ဂါရုပ်ကြီးပါ။ ဟောဒီ ကြေးရုပ်ကြီးဟာ ကျနော် နေထိုင်ခဲ့ရာ မြို့ကလေးဆီက လူသိများလှတဲ့ အပေါင်ဆိုင်က ပုဂ္ဂိုလ်ကြီးပါပဲ။ အပေါင်ဆိုင်က ပုဂ္ဂိုလ်ကြီးရဲ့ ပုံတူကြေးရုပ်ကြီးကို မြင်တော့ ပထမဆုံး ကျနော့် ခေါင်းထဲ ဝင်လာတဲ့ အတွေးက ဟောဒီ သူ့ပုံတူ ကြေးရုပ်ကြီးကို သူ့ဆီမှာ ပြန်ပြီး သွားပေါင်ရင် ငွေ အတော် များများ ရနိုင်မယ် ဆိုတာပါပဲ။ သူ့ရှေ့မှာ ရောက်လာတဲ့ ပစ္စည်းတိုင်းကို ဘယ်လောက်တန်မလဲ ဆိုတဲ့ အကဲဖြတ်ချက်နှင့် ကြည့်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ မျက်လုံးတွေဟာ မြို့ကို စိုက်ကြည့်နေသလို ထင်ရရဲ့။ ကျနော် နေထိုင်ခဲ့တဲ့ မြို့ကလေးရဲ့ အရေးပါ လူသိများလှတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကြေးရုပ်ကြီးလည်း အပါအဝင် ဖြစ်ခဲ့သပေါ့။ မြို့ကလေးမှာ နေထိုင်ကြသူတွေဆီက လက်စွပ်၊ ဆွဲကြိုး၊ နားကပ်က အစ၊ ရေဒီယို၊ ကက်ဆက်၊ နာရီ၊ အောက်လင်းဓာတ်မီး၊ သတ္တုပစ္စည်း တိုလီမိုလီတွေအထိ ပစ္စည်းမျိုးစုံဟာ သူ့ဆီမှာ တစ်စုတစ်ဝေး ရောက်ရှိ လာလေ့ ရှိပါတယ်။ သူ့ဆီ ရောက်လာသူတွေဟာ မတူညီတဲ့ ပစ္စည်းတွေကို အမျိုးမျိုး အစားစား ယူဆောင် လာတတ်ကြပေမယ့် သူတို့ အားလုံးမှာ တူညီတဲ့ သဘောထား တစ်ခုတော့ ရှိကြပါတယ်။ အဲ့ဒီ သဘောထားကတော့ ငွေ ရရှိရေးပဲ ဖြစ်ပါတယ်။ ဇီချွမ်ပြည်နယ်လုပ် အပေါစားနာရီကလေး၊ ပက်ကားဖောင်တိန် တစ်ချောင်း၊ ဂဏန်းတွက်စက် တစ်ခု၊ အောက်လင်း လက်ဆွဲ ဓာတ်မီးကြီးတစ်လုံးနဲ့ နောက်ဆုံး ကျနော် ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ် အထိ ကျနော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပစ္စည်းတွေဟာ ပုဂ္ဂိုလ်ကြီးဆီကို ရောက်ရှိခဲ့ကြတယ်လေ။ နောက်ဆုံးအကြိမ် ပန်းချီကားကြီးနဲ့ ကျနော် သူ့ဆီ ရောက်ရှိခဲ့တာကို မှတ်မိနေသေးတယ်။ အမှောင်ရီ သန်းစ ညနေခင်းတစ်ခုမှာ ကျနော် သူ့ဆီ ရောက်သွားပါတယ်။ ပါလာတဲ့ ပန်းချီကားချပ်ကြီးကို သူ့ရှေ့မှာ ထောင်လိုက်ရင်း ကျနော် စကား စတယ်။ သူက ကျနော့် စကားကို နားမထောင်ပါဘူး။ လေးချောင်းထောက် ကုလားထိုင်ပေါ်က အိတွဲကျနေတဲ့ ဝဝဖိုင့်ဖိုင့် သူ့ခန္ဓာကိုယ်ကြီးကို ပြင်လိုက်ရင်း ပန်းချီကားကို စိုက်ကြည့်နေတယ်။ ပြီးမှ “ဒါကြီးကို ... ငါ ... ဘာလုပ်ရမှာလဲ ” ... တဲ့။ တစ်ခွန်းပြောတယ်။ ဒါဟာ ပန်းချီကားတစ်ချပ် ပေါ်မှာထားတဲ့ သူ့သဘောထား အကုန်ပါပဲ။ ကျနော်ဟာ ကမ္ဘာကျော် ပန်းချီကားတွေရဲ့ တန်ဖိုးကို တစ်ခုချင်းစီ ပီပီသသ ရွတ်ပြခဲ့ ပါတယ်။ ပြီးတော့မှ ကျနော့် ပန်းချီကားရဲ့ အနာဂတ် တန်ဖိုးကို ခန့်မှန်းပြခဲ့ပါတယ်။ ဒါတွေ အပြင် ကမ္ဘာကျော် ပန်းချီကားတွေနဲ့ ကျနော့် ပန်းချီကားကို နှိုင်းယှဉ်ပြီး တူညီတဲ့ ကောက်ချက်တွေ ဆွဲပြခဲ့ပါတယ်။ ပန်းချီကား တစ်ချပ်ဟာ လူ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြောင်း လည်း ထည့်သွင်းပြောခဲ့ပါတယ်။ မှုံပြပြ အခန်းလေးအတွင်းမှာ ကျနော်ဟာ အတန်ကြာအောင် စကားတွေ ပြောခဲ့ရ ပါတယ်။ နောက်ဆုံး မှာတော့ သူဟာ ခေါင်းတစ်ချက် နှစ်ချက် ဆတ်ပြီး ဧရာမ သော့ခလောက်ကြီးကို ဖွင့်ကာ သံသေတ္တာထဲမှ ငွေကျပ် တစ်ထောင်တိတိ ထုတ်ပေးခဲ့တော့ တာပါပဲ။ ကျနော်ဟာ လမ်းမကြီးဘေးမှာ ထီးထီးမားမား တည်ရှိနေတဲ့ ကြေးရုပ်ကြီးကို မော့ကြည့်မိပြန်ပါတယ်။ ကြေးရုပ်ကြီးရဲ့ သတ္တုမျက်လုံးတွေဟာ ဟောဒီမြို့ရဲ့ ကြေးဝါရောင် နေ့လည်ခင်းကို စိုက်ကြည့်ကာ တန်ဖိုးဖြတ်နေသယောင် ထင်မှတ် ရပေရဲ့။


(၅)
ကျနော်ဟာ လမ်းမကြီးအတိုင်း ဆက်လျှောက် လာခဲ့တယ်။ စနစ်တကျ ဖောက်လုပ်ထားတဲ့ လမ်းဟာ ဘယ်ထိများ ရှည်လျားသွားမလဲ ဆိုတာ ကျနော် မသိပါဘူး။ နေရောင်ခြည်က အင်အားလျော့ပါးစ ပြုပြီလေ။ လမ်းမ ရှည်ရှည်ဟာ တစ်နေရာမှာ ကွေ့ချိုး သွားပါတယ်။ လမ်းအကွေ့မှာ ကြေးရုပ်ကြီး တစ်ရုပ်ကို တွေ့လိုက်ရပြန်ပါပြီ။ ဟောဒီမြို့ဟာ ကျနော့်ကို ထပ်ပြန်တလဲလဲ အံ့ဩမှုတွေ ဖြစ်ပေါ်စေခဲ့ တယ်။ ကျနော့်ရဲ့ အံ့ဩမှု အစိုင်အခဲတွေဟာ ဧရာမ ကြေးရုပ်ကြီးတွေပါပဲ။ ဟောဒီမြို့ရဲ့ နေရာအနှံ့အပြားမှာ ကြေးရုပ်တွေကို ကျနော် မြင်တွေ့လာခဲ့ရတယ်။ (ဒါဟာ ရုပ်ဝတ္ထုတို့ရဲ့ အနုပညာမြောက် လှည့်စားမှုလားလို့တောင် ကျနော် တွေးမိပါရဲ့) ခုတစ်ခါ ကြေးရုပ် တစ်ရုပ်ရှေ့မှာ ကျနော် ရပ်နေရမိပြန်ပြီလေ။ လေက တဟူးဟူး တိုက်လာတယ်။ ကြေးရုပ်ကြီးက တဟူးဟူး တိုက်နေတဲ့ လေထဲမှာ ငေါငေါကြီး တိုးထွက်လို့။ ငေါငေါကြီး ထိုးထွက်နေတဲ့ ကြေးရုပ်ကြီးဟာ မြို့ကလေးဆီက လူစည်ကားရာ အရပ်တွေမှာ ကျက်စားတတ် ပါတဲ့ မျက်လှည့်ဆရာရဲ့ ပုံတူပါပဲ။ ကျနော်ဟာ မျက်လှည့်ဆရာရဲ့ ပုံတူကြေးရုပ်ကြီးကို ငေးစိုက် ကြည့်နေမိပါတယ်။ ပိပိရိရိ နောက်ကို လှန်ဖြီးသင်ထားတဲ့ ဆံပင်ပုံသဏ္ဍာန်၊ လေးတောင့်တုံး ဆန်ဆန် မာကျောကျော နှဖူးပြင်၊ ရှည်လျား ပါးမျှင်ပြီး ကိုင်းညွှတ်နေတဲ့ မျက်ခုံးမွှေးတွေနဲ့ ကျစ်လစ်သေးသွယ်တဲ့ မျက်လုံး၊ သွယ်တန်း ချွန်မြပြီး အဖျားမှာ ကောက်နေသယောင် ရှိတဲ့ နှာခေါင်း၊ လေးကိုင်း သဏ္ဍာန် ကွေးညွှတ်နေတဲ့ နှုတ်ခမ်းနဲ့ ရှေ့ကို ငေါထွက်နေတဲ့ မေးရိုးတို့ဟာ လူအုပ်ကြီးကို ညှို့ငင်တော့မယ့် မျက်လှည့်ဆရာရဲ့ အသွင် သဏ္ဍာန်ကို ကွက်ကွက်ကွင်းကွင်း မြင်လာစေပါတယ်။ သူ့ရဲ့ သေးသွယ် ကျစ်လစ်တဲ့ စူးရှရှ မျက်လုံးတွေနဲ့ လူအုပ်ကြီးကို ထိုးဖောက် ကြည့်ရင်း မျက်လှည့်ဆရာဟာ ဂါထာ မန္တာန်တွေ ရွတ်ဖတ်တတ်ပါတယ်။ သေတ္တာထဲက စွတ်စို ပြောင်ချောနေတဲ့ မြွေတွေကို အထွေးလိုက် ဆွဲထုတ်ပြီး လည်ပင်းမှာ ရစ်ကာ၊ လက်မောင်းမှာ ပတ်ကာနဲ့ အတွန့်တွန့် အလိမ်လိမ် ဖြစ်နေတဲ့ မြွေတွေနဲ့အတူ သူ့ပြကွက်ကို ပြသတတ်ပါတယ်။ ဖဲချပ်တွေကို ကုလားဖန်ထိုး၊ မွှေ၊ မှောက်ထားတဲ့ ဖဲချပ်တွေထဲက ဖဲ သုံးချပ်ကို နှိုက်ယူ၊ လက်ဝါးပေါ် ရိုက်ချပြလိုက်တဲ့ အခါ ကုလား သုံးကောင် ပေါ်လာ၊ အဲ့ဒီလို ပြကွက်မျိုးတွေ၊ ဗလာကျင်းနေတဲ့ သံဗူး ကိုပြ၊ အပိတ် ပိတ်ပြီး ပြန်ဖွင့် လိုက်တဲ့အခါ ဆံပင်ချည်ထွေးတွေ ထွက်လာတာမျိုးတွေ၊ တစ်ခါတစ်ခါတော့ သူဟာ ကြည့်နေတဲ့ သူတွေလည်း နားမလည်၊ သူကိုယ်တိုင်လည်း နားလည်ပုံမရ၊ ဘယ် ဘာသာစကားမှလည်း ဟုတ်ပုံမရတဲ့၊ ထူးထူးဆန်းဆန်း စကားတွေကို တုန်ခါဟိန်းဟောက် ရွတ်ဆိုမန်းမှုတ်ပြီး ကြည့်နေသူတွေကို အထိတ်တလန့်ဖြစ်အောင် ခြိမ်းခြောက် တတ်ပါသေးတယ်။ သူ့ရဲ့ လက်ထဲမှာ ပစ္စည်းတွေ တစ်ခုကနေ နှစ်ခု ဖြစ်သွားတာ၊ နှစ်ခုကနေ တစ်ခု ပြန်ဖြစ်သွားတာမျိုးတွေဟာ အလွန်လျှင်မြန်ပြီး ပိပိရိရိ ရှိလှပါတယ်။ လက်တစ်ဖက်နဲ့ ပစ္စည်းတစ်ခုကို ဆုပ်ကိုင်ပြပြီး ပါးစပ်ကနေ တစ်စုံတစ်ရာ ရွတ်ဆိုလိုက်ရုံနဲ့လက်ဝါးကို ပြန်ဖြန့်ပြလိုက်တဲ့အခါ အဲ့ဒီ ပစ္စည်း ပျောက်ကွယ် သွားတာမျိုးတွေလည်း လုပ်ပြတတ်ပါတယ်။သူ့ရဲ့ ပြပွဲမှာ ကြည့်ရှုသူတွေ များပြားနေပြီဆိုရင် မျက်လှည့်ဆရာဟာ ဒီလိုစကားမျိုးကို ပြောတတ်ပါတယ်။


“ သစ်စေ့တစ်စေ့ကို ကျုပ်ရေလောင်းလိုက်မယ်။ အဲ့ဒီ သစ်စေ့ဟာ ချက်ချင်း အပင်ပေါက်လာလိမ့်မယ်။ အဲ့ဒီ အပင်ကို ရေလောင်း လိုက်မယ်၊ အဲ့ဒီ အပင်ဟာ ကြီးထွားလာလိမ့်မယ်။ နောက် အဲ့ဒီ အပင်ကြီးကို ရေလောင်းမယ်၊ အသီးတွေ သီးလာတာ ခင်ဗျားတို့ မြင်စေရမယ် ” တဲ့။


အဲ့ဒီအပြောကို မကြာမကြာ ကြားဖူးပေမဲ့ အဲ့ဒီပြကွက်ကို တစ်ခါမျှ (ဘယ်သူမျှ) မကြည့်ခဲ့ရပါဘူး။ ခုတော့ မျက်လှည့်ဆရာရဲ့ ကြေးရုပ်ကို ကျနော် ကြည့်နေရပြီ။ လေက တဟူးဟူး တိုက်နေဆဲပါ။ တိုက်ခတ်နေတဲ့ လေထဲမှာ မျက်လှည့်ဆရာ ကြေးရုပ်ကြီးက ကြံ့ကြံ့ခိုင်ခိုင် ငြိမ်ငြိမ်သက်သက် ရပ်နေလေရဲ့၊ ဒီမြို့ရဲ့ ပဉ္စလက် ပြကွက်တစ်ခုလား ...။


(၆)
ကျနော်ဟာ လမ်းမကြီးအတိုင်း ဆက်လျှောက် လာခဲ့တယ်။ လမ်းမကြီးဟာ အောက်ဘက်ကို လျှောဆင်းသွားပြီး တစ်နေရာမှာတော့ လမ်းနှစ်သွယ် နှစ်ခွ ခွဲထွက်သွားတယ်။ ကျနော်ဟာ လမ်းခွမှာ စိုက်ထူထားတဲ့ လမ်းညွှန် အမှတ်အသားပြ ဆိုင်းဘုတ်တွေကို ငေးကြည့်ရင်း ဘယ်ဘက်ကို သွားရမယ်ဆိုတာ ဝေခွဲမရဘူး။ နောက်ဆုံးတော့ တစ်ဖက်လမ်းကို ချိုးဝင် လျှောက်ခဲ့တော့တယ်။ နေရောင်ခြည်က ဖျော့တော့သွားခဲ့ပြီ။ လေက တဟူးဟူး။ ကောင်းကင်က သတ္တုရောင် ထလို့ ငြိမ်သက်နေပါတယ်။ တစ်နေရာ အရောက်မှာ ကျနော့် ခြေလှမ်းတွေ တုန့်ဆိုင်းသွားရဲ့။ ကြေးရုပ်ကြီး တစ်ရုပ်ကို ကျနော် တွေ့ရပြန်ပြီလေ။ ကြေးရုပ်ကြီးဟာ လမ်းရဲ့ လားရာဘက်ကို လှည့်လို့ ကျနော့်ကို ကျောပေးထားတယ်။ ကျနော်ဟာ ကြေးရုပ်ကြီး ရှိရာကို တရွေ့ရွေ့နဲ့ လှမ်းသွားတယ်။ ကြေးရုပ်ကြီးနဲ့ ကျနော် မျက်နှာချင်း ဆိုင်လိုက်ပြီး ကြေးရုပ်ကြီးကို ကျနော် မော့ကြည့်လိုက်တယ်။ကျနော် အံ့ဩရပြီ။ သေသေချာချာ ထပ်ကြည့်တယ်။ အံ့ဩရပြီ။ သည်တစ်ကြိမ် အံ့ဩမှုက အမြင့်မားဆုံးနဲ့ အပြင်းထန်ဆုံးပါပဲ။ ကြေးရုပ်ကြီးရဲ့ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ ရုပ်သွင် လက္ခဏာ အားလုံးဟာ ကျနော် ကိုယ်တိုင်ပဲ ဖြစ်နေပါပေါ့လား။ ကျနော်ဟာ ကျနော့် ရုပ်သွင် ထွင်းထုထားတဲ့ ပုံတူကြေးရုပ်ကြီးကို မယုံနိုင်အောင် ငေးကြည့်နေမိတယ်။ ထည်ဝါကြီးမားတဲ့ အနုပညာမြောက် ပုံဆောင်ခဲကြီးဟာ ကျနော် ကိုယ်တိုင်ပဲ ဖြစ်နေခဲ့ပြီ။


“လူကြီးမင်း ရောက်လာခဲ့ပြီကိုး”


စကားသံတစ်သံ နောက်ကျောဘက်က ပေါ်လာတယ်။ ကျနော် လှည့်ကြည့်လိုက်တော့ ရပ်ကြည့်နေတဲ့ လူတစ်စု။ မပြေသေးတဲ့ အံ့ဩမှု အရှိန်နဲ့ သူတို့ကို ကျနော် ကြည့်လိုက်တယ်။


“အမှတ်စဉ် ၁၀၆ ”


လူတစ်ယောက်က ရေရွတ်လိုက်တယ်။ သူတို့ထဲက လူတစ်ယောက်က စာအုပ်တစ်အုပ်ကို ဖွင့်ပြီး ရေးမှတ်လိုက်ရဲ့။ အားလုံး ငြိမ်သက် သွားကြ ပြန်ပြီ။ ပြီးမှ စနစ်တကျ ရွေ့လျားလာကြတယ်။ တစ်ဦးက ကျနော့် အနီး ကပ်လို့ ညင်ညင်သာသာ ပြောလိုက်တယ်။


“လူကြီးမင်း အနေနဲ့၊ ကြီးကျယ်မြင့်မြတ်စွာ အဆုံးသတ်ဖို့ အချိန်ကျပါပြီ”


အဲ့ဒီ စကားသံက တိုးသင်ညင်သာပေမယ့် ကျနော့်ကို အေးစက်တောင့်တင်း သွားစေတယ်။


“သွားကြပါစို့”


ကျနော့်ရဲ့ လက်ကို သူတို့ ဆုပ်ကိုင်လိုက်ကြတယ်။


“လူကြီးမင်း အနေနဲ့ ဘာများ ပြောချင်ပါ သေးလဲ”


ကျနော်ဟာ အေးစက်တောင့်တင်းနေရာက အသိပြန်ဝင် လာပါတယ်။


“ကျနော် မသိဘူး၊ ကျနော် ဘာမှ နားမလည်ဘူး”


စာအုပ်ကို ဖွင့်ပြီး ရေးမှတ်လိုက်ကြ ပြန်တယ်။


“ဒီရာစုနှစ်ရဲ့ လူအပီသဆုံး၊ အနက်ရှိုင်းဆုံးနဲ့၊ ခံစားမှု အကြွယ်ဝဆုံး ပြောကြားချက်အဖြစ် ကျန်ရစ်ခဲ့မှာပါ လူကြီးမင်း ခင်ဗျား ...”

နေမျိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>