contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဘဝ၏ တခြားသောအရာ
Chapter 1
အောင်သူရ

Ultimately, We hear things because we cannot see everything.
. . . Zizek. . .


မီးကျွမ်းပြီးတုံးလုံးပက်လက်သေနေတဲ့ ခန္ဓာတွေပြန့်ကျဲနေတယ်။ ခန္ဓာတွေဆိုပေမယ့်လူသားရဲ့သေဆုံးနေတဲ့ ခန္ဓာတွေ မဟုတ်ဘူး။ ဘယ်လိုသက်ရှိအမျိုးအစားတွေ လောင်ကျွမ်းပြီးသေဆုံးနေသလဲဆိုတာကို လူနဲ့ကြောင်ဟာ ရင်တထိတ် ထိတ်နဲ့ လေ့လာကြတယ်။ လူရောကြောင်ပါ အနံ့ခံကြတယ်။ သေချာတာတစ်ခုကတော့ အသွေးအသားရှိတဲ့ အရာ ဝတ္ထုတွေ လောင်ကျွမ်းသေ ဆုံးသွားကြတယ်ဆိုတဲ့အချက်ပဲ။


အလောင်းတွေဘေးမှာ ညှော်နံ့တွေ နံနေတယ်။ သစ်ပင်တွေလောင်ကျွမ်းလို့ ထွက်လာတဲ့အနံ့တွေဟာလည်း သတ္တဝါတွေရဲ့ လောင်ကျွမ်းရနံ့နဲ့ ရောနှောနေတယ်။ ကြောင်ကတော့ တရစပ် အနံ့ခံရင်း သူတို့ရောက်မလာခင်က ဖြစ်ပျက်ခဲ့တဲ့ ကြမ္မာကို တွေးတောနေတယ်။


ပြသနာတစ်ခုရှိတယ်။ အဲဒီပြဿနာကတော့ လူရောကြောင်ပါ သူတို့ တွေ့နေရတဲ့အရာတွေထက် ပိုပြီး ပတ်ဝန်းကျင်ကို ချဲ့ပြီး ရှာဖွေလို့မရတဲ့ပြဿနာပဲဖြစ်တယ်။ ဒီပြသနာဟာ လူရောကြောင်ရောက သတိမထားမိတဲ့ ပြသနာတစ်ခု ဖြစ်နေ တယ်။


အလောင်းတွေ အထပ်ထက်ကို ကျော်ပြီး ဆက်လျှောက်လာကြတယ်။ သစ်ပင်မီးကျွမ်းတွေကို ဖြတ်ပြီး ဆက် စူးစမ်းလာ ကြတယ်။ ဘာကြောင့် မီးကျွမ်းနေတဲ့အလောင်းကောင်တွေ သိပ်များနေရတာလဲ။ ဘာကြောင့် မီးလောင်မဲခြစ်နေတဲ့ သစ်ပင်တွေဟာ ထာဝရစီတနိး နေရတာလဲ။ ဘာကြောင့်ညှော်နံ့တွေဟာ ရှူလိုက်တဲ့လေထုတစ်ခုလုံးကို ထိန်းချုပ်ထားရ တာလဲ။


ဒီမေးခွန်းတွေဟာ လူနဲ့ကြောင်ရဲ့အသိဥာဏ်ယန္တရားထဲက ထွက်လာသယောင်ထင်ရယတယ်။ တကယ်တော့ ဒီမေးခွန်း တွေဟာ လူနဲ့ကြောင်ရဲ့ အသိဥာဏ်ယန္တရားနဲ့ အပြိုင် ဖြစ်တည်နေတဲ့ဘဝ တစ်ခုဖြစ်တယ်။


ဒါကြောင့် လူနဲ့ကြောင်ရဲ့ဘဝနစ်ခုအပြင် ဘဝတစ်ခုဖြစ်တဲ့ဒီမေးခွန်းတွေဟာလည်း ဘဝနစ်ခုနဲ့အပြိုင် စီးဆင်းနေတယ်။


အလောင်းကောင်တွေ လှုပ်လာတယ်။ ပြန့်ကျဲငြိမ်သက်နေတဲ့အလောင်းကောင်တွေ လှုပ်လာတယ်။ မျက်စေ့တဆုံး မြင်နေရတဲ့အလောင်းကောင်တွေ လှုပ်လာတယ်။ လူက လှုပ်နေတာကို မြင်နေရပေမယ့် ကြောင်ကတော့ လှုပ်လိုက်လို့ မြည်သွားတဲ့အသံတွေကိုပဲ နားစိုက်ထောင်နေတယ်။


လူဟာ တုန်ယင်လာတဲ့သူ့ရဲ့လက်တွေကို သတိထားမိနေတယ်။ ကြောင်ကလည်း ကတုန်ကယင်ဖြစ်နေတဲ့ သူ့ရဲ့ အမြီးကို ဆက်ပြီးလှုပ်နေတယ်။


လှုပ်ရှားမှုတွေနဲ့လှုပ်ရှားလိုက်လို့မြည်လာတဲ့ အသံတွေဟာ လူနဲ့ကြောင်ရဲ့ ဦးနှောက်ထဲကို ဖောက်ဝင်နေတဲ့ ပိတုန်းတွေလို ဖြစ်နေတယ်။


ပြူးကျယ်နေတဲ့လူရဲ့မျက်လုံးတွေနဲ့ အိန္ဒြမရတဲ့ ကြောင်ရဲ့အမြီးဟာ သူတို့နားမလည်နိုင်တဲ့အရာတွေကို ဖိတ်ခေါ် နေတယ်။ သူတို့သိထားတဲ့ဘဝအပြင်ဖက်က တခြားသောဘဝကို ဖိတ်ခေါ်နေတာဖြစ်တယ်။


အလောင်းကောင်တွေဟာ တစ်ကောင်ပြီးတစ်ကောင် လူနဲ့ကြောင်ဆီကို ဦးတည်လာနေကြတယ်။ လူနဲ့ကြောင်ဟာ အလောင်းကောင်တွေကို တွန်းဖယ်ပြီး ပြေးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ပတ်ပတ်လည်မှာ အလောင်းကောင်တွေ ဝိုင်းပတ်ပိတ်နေလို့ ဘယ်ကိုမှပြေးလို့မရတော့ဘူး။


အလောင်းတွေရဲ့လှုပ်ရှားမှုနဲ့ လှုပ်ရှားလိုက်လို့မြည်လာတဲ့အသံတွေကိုနားစွင့်ရင်း လူနဲ့ကြောင်ဟာ ဘာမှ မလုပ်နိုင် မကိုင်နိင်ဖြစ်နေတယ်။


အလောင်းကောင်တစ်ကောင်ဟာ လူထဲကိုခုန်ဝင်လိုက်တယ်။ တခြား အလောင်းကောင်တစ်ကောင် ထပ်ပြီုး ခုန်ဝင်သွား တယ်။ ကြောင်ကတော့ မနားတမ်း ဆက်တိုက် အော်နေတယ်။ လူကတော့ ကြောင်အော်သံကိုတောင် မကြားနိုင်တော့ ဘူး။ ကြောင်ဟာလူရဲ့ခြေထောက်နားမှာ ဟိုသွားဒီသွားလုပ်ရင်း အော်နေတယ်။ အလောင်းကောင်တွေကတော့ လူထဲကို တစ်ကောင်ပြီးတစ်ကောင် ခုန်ဝင်နေကြတယ်။


'' ငါဟာ ဝင်ပေါက်တစ်ခုမှန်း အရင်ကမသိခဲ့ဘူး '' ဆိုပြီးလူက ကြောင်ကိုပြောလိုက်တယ်။ သူပြောလိုက်တဲ့အချိန်မှာ အလောင်း နောက်ထပ်တစ်ကောင် ခုန်ဝင်သွားတယ်။ ''တကယ်တော့ မင်းဟာ ငါ့အထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေခဲ့တာကို အခုမှပဲ ငါသဘောပေါက်တော့တယ်။ မင်းဟာ ငါနဲ့တစ်ခရီးတည်းသွားနေတဲ့အဖော်ဆိုတာထက် ပိုတယ်။ ငါ့ရဲ့အတွင်းထဲကို ဝင်ပြီး ငါ့ရဲ့အပြင်ဖက်ကိုထွက်လာတဲ့အခိုက်အတန့်တွေဟာ ငါ့ရဲ့ဘဝဖြစ်ခဲ့မှန်းကိုလည်း ငါသတိမထားမိခဲ့ဘူး'' ဆိုပြီး လူက သူ့အထဲကိုခုန်ဝင်နေတဲ့အလောင်းကောင်ကိုကြည့်ပြီး တဖြည်းဖြည်းချင်း ပြောနေတယ်။


'' ငါဟာမင်းရဲ့ လှုပ်ရှားမှုကိုဂရုမစိုက်မိခဲ့သလို မင်းလှုပ်ရှားလိုက်လို့ထွက်လာတဲ့ အသံကိုလည်း သတိမမူမိခဲ့ဘူး။ ဒါပေမဲ့မင်းကတော့ လှုပ်ရှားနေရင်း အသံထွက်အောင်ပါ ဖန်တီးနေတယ်ဆိုတာ သေချာတယ်။ ဒီလုပ်ဆောင်မှုဟာ မင်းရဲ့ဘဝပဲ။ '' လို့ကြောင်ကို ငုံ့ပြီးပြောလိုက်တယ်။


'' ဘဝဟာ လှုပ်ရှားမှုနဲ့အသံတွေထဲမှာရှိတယ်။ ဘဝဟာ လှုပ်ရှား/အသံထွက်ပြီးမှ ဝင်ရောက်/ပြန်ထွက်လာလို့ရတဲ့ အငွေ့သဘောဖြစ်တယ်။ '' လို့ ကြောင်ကလူကိုမော့ကြည့်ရင်း ပြောလိုက်တယ်။


အလောင်းကောင်တွေကတော့ လူထဲကိုခုန်ဝင်နေကြတယ်။ ဘယ်တော့မှမပြီးနိုင်တဲ့ ဝင်ရောက်ခြင်းဟာ လူရဲ့ဘဝ ဖြစ်သလို အလောင်းကောင်တွေရဲ့ အသက်မဲ့နေတဲ့ ရှင်သန်ခြင်းလည်းဖြစ်တယ်။ ကြောင်ကတော့ တခြားသော အရာအဖြစ်နဲ့ သူ့ဘဝကို ငေးစိုက်ကြည့်နေတယ်။


ငေးစိုက်ကြည့်နေရင်းက သူ့ဘဝရဲ့တခြားသောအရာကို သူ့ရဲ့ဗဟ္ဒိဖြစ်ရှိမှုဆိုတဲ့ သဘောကို စဉ်းစားမိလာတော့တယ်။


. . . . . . . . . . . . . . . . . . . . . . . . . . . . . . .


အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။