Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

မေ့ကျန်ရစ်ခဲ့သော မျက်နှာ
Chapter 1
မင်းလူ

နာမည်နှင့်လိုက်အောင် ပြုံးပြုံးရွှင်ရွှင် နေတတ်သော ခင်မောင်ပြုံးသည် ဒီတစ်ခါတော့ ထူးခြားလှစွာ ဒေါသကြီးနေ၏။ အိမ်ပေါ် တက်လာသော ခြေသံကိုက ပြင်းလွန်းလှသည်။ ကျွန်တော်တို့ အိမ်ခန်းကလေးက ခပ်လှုပ်လှုပ်မို့ သူတက်လာသောအခါ သိမ့်သိမ့်ခါသွား၏။ ခါတိုင်းဆိုလျှင် ခြေဖော့နင်း၍ တက်လာပြီး အိမ်ရှေ့ခန်းရှိ ပက်လက်ကုလားထိုင်ပေါ်မှာ ညင်ညင်သာသာ ထိုင်ချတတ်သည်။ ခုတော့ ကြမ်းပြင်ပေါ်မှာ အရှိန်နှင့် ဆောင့်ပြီး ထိုင်ချလိုက်သဖြင့် ကျွန်တော် အံ့ဩသွားသည်။


ဘာမှ မမေးမိခင် သူကပင် စ၍ ...
“ဒီကောင် ဒီလိုလုပ်တာ ကောင်းသလားကွ၊ အချင်းချင်းတွေ”
ဟု အရင်းအဖျားမရှိ ပြောသည်။
“ဘာ ... ဘာဖြစ်တာလဲကွ”
“မင်း စဉ်းစားကြည့်ကွာ”
ဟု ပြောနေတုန်း ကျွန်တော့်မိန်းမ ထွက်လာပြီး ...
“ကိုခင်မောင်ပြုံးပါလား၊ မတွေ့တာတောင် တစ်ပတ်လောက်ရှိပြီ”
ဟု နှုတ်ဆက်သည်။


မိန်းမကို မြင်မှ သူ့ဒေါသမျက်နှာကို အနည်းငယ် လျှော့ချပြီး ပြုံးချင်ယောင် ဆောင်လိုက်သည်။


“ဪ ... အင်း မအားလို့ပါ”
“ဒီနေ့တော့ လက်ဖက်ကုန်နေတယ်၊ ပဲခြမ်းကြော်သုပ်နဲ့ပဲ ဧည့်ခံရတော့မှာပဲ”
“ဟာ ... နေပါစေ၊ ဘာမှ မလုပ်ပါနဲ့၊ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားမှာ”


မိန်းမရှေ့မှာ မပြောချင်မှန်း ကျွန်တော် ရိပ်မိသဖြင့် ရှပ်အင်္ကျီ ကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ ကျွန်တော့်မိန်းမ ရှိနေတာကိုပင် သတိမေ့ပြီး ပြောမိမလို ဖြစ်ခြင်းကြောင့် သူ့စကားမှာ အရေးကြီးမည်ဟု မှန်းသည်။ သူ့လို အေးအေးချမ်းချမ်း နေတတ်သူ တစ်ယောက်က ဆူဆူပွက်ပွက် ဖြစ်နေသည့်အတွက်လည်း ဘာဖြစ်ပါလိမ့်ဟု ပိုစိတ်ဝင်စားမိ၏။


သူကလည်း သိပ်ပြောချင်နေသည်။ လက်ဖက်ရည်ဆိုင် ရောက်သည်အထိ မစောင့်။ အိမ်က ထွက်ထွက်ချင်း ...
“သိပ်အကြံပက်စက်လွန်းတယ်”
ဟု ပြောပြန်သည်။
“နေပါဦး ခင်မောင်ပြုံးရာ၊ ဘာဖြစ်လာတယ် ဆိုတာလည်း ရှင်းအောင် သေသေချာချာ ပြောစမ်းပါဦး၊ မင်းပြောနေတာတွေ ငါ နားမလည်ဘူး၊ ဘယ်သူက အကြံပက်စက်တာလဲ”
“မင်းသူငယ်ချင်းပေါ့ကွ”
“ဟာ ... ငါ့သူငယ်ချင်းတွေက အများကြီးပဲ၊ ဘယ်သူလဲ”
“ဘယ်သူ ရှိရမှာလဲ၊ သိန်းမောင်ပေါ့ကွ”
“ဟင် ... သိန်းမောင်က ဘာအကြံပက်စက်တာလဲ”
“ငါ ဒီနေ့ မအေးခင်ဆီ ရောက်တော့ ...”


လက်ဖက်ရည်ဆိုင်သို့ ရောက်လာသဖြင့် လူရှင်းသည့် စားပွဲနေရာ ရွေးခြင်း၊ လက်ဖက်ရည် မှာရခြင်းတို့ကြောင့် စကား ခဏပြတ်သွားသည်။ ပြီးမှ သူဆက်ပြောသည်။


“ခါတိုင်း ငါသွားရင် မအေးခင်က သိပ်အရေးပေးတာ၊ ဟိုကောင့်ထက် ငါ့ကိုပိုပြီး အရေးပေးတယ်ဆိုတာ သိသာတယ်၊ ဒါကြောင့် ဒီကောင် မနာလိုပြီး လုပ်တာ”


မအေးခင်နှင့် ပတ်သက်သော ကိစ္စဖြစ်သဖြင့် ကျွန်တော် ပို၍ စိတ်ဝင်စားလာသည်။ စကားတောင် ဝင်မထောက်မိဘဲ နားသာ စွင့်မိ၏။


“ငါက ပိုပြီး တည်တည်တံ့တံ့ ရှိတယ်ဆိုတာ အားလုံးအသိပဲ၊ ငါ့ကို မယှဉ်နိုင်မှန်း သိလို့ အကောက်ကြံတာ”
“ဘယ်လိုကြံလို့လဲ”
“ဒီနေ့ မအေးခင်က အခါတိုင်းလို မဟုတ်ဘူး၊ ခပ်တည်တည်ကြီးနဲ့ စကားလည်း ဟဟ မပြောဘူး၊ ဒါနဲ့ ငါက ဘာဖြစ်လို့လဲ မေးတော့မှ ...”


လက်ဖက်ရည်ခွက်များ ရောက်လာသည်။ ကျွန်တော်က ဆာနေသဖြင့် ပန်းကန်ပြားထဲ နည်းနည်းထည့်ပြီး သောက်သည်။ သူကတော့ မသောက်သေးဘဲ စကားသာ ဆက်၏။


“သူက ပြောတယ်၊ ငါဟာ လူရှုပ်လူပွေ တစ်ယောက်တဲ့၊ အခုလည်း တခြားမိန်းကလေး တစ်ယောက်နဲ့ ဖြစ်နေတာ သူသိတယ်တဲ့၊ သူ့ကို ခုလို မျက်နှာပြောင်ပြောင်နဲ့ လာတွေ့ရဲတာ အံ့ဩတယ်တဲ့၊ နောက်နောင် သူနဲ့ ဘယ်တော့မှ အဆက်အသွယ် မလုပ်ပါနဲ့တော့တဲ့၊ ပြောလွှတ်လိုက်တယ်”
“မင်းက မဟုတ်တဲ့အကြောင်း ရှင်းမပြဘူးလား”
“ရှင်းပြတာပေါ့၊ သူကလည်း အခိုင်အမာ ပြောတာ၊ သက်သေ အထောက်အထား ရှိတယ်တဲ့၊ ငါ့အကြောင်း အတွင်းသိ အစင်းသိ လူတစ်ယောက်က ပြောလို့ သိရတာတဲ့၊ ဘယ်သူ ပြောတာလဲ ဆိုတော့ ဒါတော့ မသိချင်ပါနဲ့လို့ ပြောတယ်”
“မင်းက သိန်းမောင် ပြောတာလို့ ထင်နေတယ်ပေါ့”
“သူကလွဲလို့ တခြား ဘယ်သူ ရှိဦးမှာလဲကွာ”
“သိန်းမောင် ဒီလောက် မယုတ်ညံ့ပါဘူးကွာ”
“ငါကတော့ သူပဲလို့ တပ်အပ် စွပ်စွဲတယ်ကွာ”
“ဒါဆို ... မင်း သိန်းမောင်နဲ့ တွေ့ပြီး မေးပေါ့”
“မေးစရာ မလိုပါဘူး၊ အရှင်းကြီးပဲ၊ သူနဲ့ တွေ့လည်း မတွေ့ချင်ဘူး၊ တွေ့ရင် ငါ ဆွဲထိုးမိလိမ့်မယ်”
“ငါပဲ သွားတွေ့ပြီး မေးပါ့မယ်”
“မင်းမေးတော့ကော ... သူက ဘယ်ဝန်ခံမလဲကွ”


ခင်မောင်ပြုံး အရမ်း စိတ်ဆိုးနေသည်။ ပြေရာပြေကြောင်း ပြောလို့ ရမည်မဟုတ်။ ဘယ်လို ဖြစ်သလဲ ဆိုတာ တစ်နည်းနည်းနှင့် စုံစမ်းကြည့်ရဦးမည်။


* * *


သိန်းမောင်နှင့် ကျွန်တော် ငယ်သူငယ်ချင်း ဖြစ်၏။ ကျွန်တော်က ဆယ်တန်းအောင်ပြီး ရုံးအလုပ်လုပ်ရင်း လုပ်သားကောလိပ် တက်သည်။ သိန်းမောင်က ပြင်ပလုပ်ငန်းထဲ ရောက်သွား၏။ ရုံးမှာ ခင်မောင်ပြုံးနှင့် တွေ့ပြီး ခင်မင်သွားသည်။ ထိုမှတစ်ဆင့် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့လည်း ကျွန်တော့်ကို အကြောင်းပြု၍ ခင်မင်သွားကြ၏။ ခင်မောင်ပြုံး ရုံးပြောင်းသွားသည့်တိုင် ကျွန်တော်တို့ သုံးယောက် အတွဲ မပျက်ခဲ့ကြ။


လုပ်သားများ ကောလိပ်မှာ မအေးခင်နှင့် ကျွန်တော် တစ်တန်းတည်း တက်ရသည်။ သိကျွမ်းခင်မင် ခဲ့ကြသည်။ ကျောင်းက ဘွဲ့ရပြီးနောက် သူ နယ်ပြောင်းသွားသဖြင့် မဆုံဖြစ်တော့။ လေးငါးခြောက်နှစ် ကြာမှ ရန်ကုန် ပြန်ပြောင်းလာရသည်။


တစ်ရက် ကျွန်တော်တို့ရုံးက ညွှန်မှူး၏ အလှူမှာ ပြန်ဆုံသည်။ ထိုအလှူသို့ ခင်မောင်ပြုံး ရောက်လာသဖြင့် မိတ်ဆက်ပေးလိုက်သည်။ နောက်တစ်ခါ ကျွန်တော်တို့ အိမ်က အလှူမှာ သိန်းမောင်နှင့် မအေးခင်ကို မိတ်ဆက်ပေးလိုက် ပြန်သည်။


ဤသို့ဖြင့် သုံးပွင့်ဆိုင် ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်၏။ ကျွန်တော်က အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်တောင် ရနေပြီ။ သူတို့ သုံးယောက်စလုံးက ခုထိ လူပျိုကြီး၊ အပျိုကြီးတွေ လုပ်နေကြတုန်း။


အသက်တွေ သုံးဆယ်ကျော်မှ အချစ်ကိစ္စ ဝင်လာသောအခါ အလုပ်ရှုပ်ကုန်တော့သည်။


တစ်နေ့တွင် ခင်မောင်ပြုံး ကျွန်တော့်ဆီ ရောက်လာပြီး တိုင်ပင်သည်။ မအေးခင်ကို သူ စိတ်ဝင်စားနေသတဲ့။ ကျွန်တော် အံ့ဩသွားရ၏။ ဒီကောင် အရင်က ဒါမျိုးတွေ စိတ်မဝင်စားတတ်။ တစ်သက်လုံးပဲ လူပျိုကြီး လုပ်တော့ မလိုလို။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို ကျွန်တော် သဘောတူပါသည်။ ခင်မောင်ပြုံးက လူရိုးလူအေး၊ အမြဲ ပြုံးပြုံး ပြုံးပြုံးနှင့် နေတတ်သည်။ မအေးခင်က အပျိုကြီးမို့ ဇီဇာကြောင်သည်။ ဗျစ်တောက်ဗျစ်တောက် ပြောတတ်သည်။ ခင်မောင်ပြုံးလို သည်းခံ ခွင့်လွှတ်တတ်သူမျိုးမှ ဖြစ်မည်။ ထို့ကြောင့် တတ်နိုင်သလောက် ကူညီမည်ဟု ကျွန်တော် ပြောလိုက်သည်။


သို့ရာတွင် သူ့ကို ဘာမှ မကူညီရသေးခင် သိန်းမောင်က တစ်ထောင့်က တစ်စခန်း ထလာပြန်၏။ သူကလည်း မအေးခင်ကို စိတ်ဝင်စားနေသည်ဟု လာပြောပြန်သည်။ ကျွန်တော့်အဖို့တော့ သူငယ်ချင်းတွေချည်း ဖြစ်သဖြင့် သူနှင့်လည်း သဘောတူရပြန်သည်။ သူနှင့် ဆိုလျှင်လည်း မဆိုးလှပါ။ သိန်းမောင်သည် လူဖြောင့်စိတ်တို ဖြစ်၏။ မအေးခင်ကလည်း ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သဖြင့် စရိုက်ချင်း တူသည်ဟု ဆိုရမည်။


ကျွန်တော့်ပြဿနာက ဘယ်သူ့ဘက် လိုက်ရမလဲ ဆိုတာပဲ ဖြစ်၏။ နှစ်ယောက်စလုံးက သူငယ်ချင်းတွေ။ နောက်တစ်ချက်မှာ မအေးခင်ကို နှစ်ယောက်စလုံးက ကြိုက်နေကြောင်း သူတို့ချင်း သိသွားအောင် ပြောသင့် မပြောသင့်ဆိုသော ကိစ္စ။ မပြောဘဲ လွှတ်ထားမည်ဟု စိတ်ကူးသေးသည်။ တော်ကြာ ဒီကောင်နှစ်ကောင် တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ ရှုပ်ကုန်မှာ စိုးရသည်။


သို့ဖြင့် သူငယ်ချင်းသုံးယောက် ဆုံပြီး ဖြစ်နေပုံကို ပြောပြရသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် စိတ်မဆိုးကြ။ တိုက်တိုက်ဆိုင်ဆိုင် ကြုံရပုံကိုသာ အံ့ဩကြသည်။ ပြီးတော့ သဘောတူညီမှု ရကြသည်။ မအေးခင်၏ အချစ်ကို ရဖို့ နှစ်ယောက်စလုံး ကြိုးစားကြမည်။ တစ်ယောက်ယောက်က အောင်မြင်သွားလျှင် ကျန်တစ်ယောက်က ကြည်ဖြူစွာ နောက်ဆုတ်ပေးရမည်။


လူပျိုကြီးတွေ ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းတွေကလည်း တစ်မျိုးဖြစ်၏။ ချာတိတ်တွေလို စာလိုက်ပေးတာတို့၊ လိုက်စကားပြောတာတို့၊ အိမ်ရှေ့မှာ သီချင်းသွားဆိုတာတို့ ဘာတို့ လုပ်လို့မရ။ တဖန် မအေးခင်ကလည်း ကျောင်းသူကလေးအရွယ် မဟုတ်တော့။ အလုပ်အကိုင် အတည်တကျနှင့် အပျိုကြီးတစ်ယောက်။ အိမ်ထောင်တစ်ခုကို သူ့သဘောနှင့်သူ စိတ်ကြိုက်ရွေးပြီး တည်ဆောက်နိုင်သည့်အရွယ် ရောက်နေပြီ။ သူနှင့် အတူနေသော ဦးလေးနှင့် အဒေါ်မှာလည်း သူ့အထောက်အပံ့ဖြင့် နေသူများ။ သူ့ကို စောင့်ရှောက်ရုံသာ ဩဇာရှိသူများ ဖြစ်၏။


ထို့ကြောင့် ခင်မောင်ပြုံးနှင့် သိန်းမောင်တို့သည် မအေးခင်အိမ်သို့ သွားလည်ခြင်း၊ လမ်းကြုံသည့် ပုံစံဖြင့် ရုံးသို့သွားခြင်းများ ပြုလုပ်ကြ၏။


သိန်းမောင်က အရင်ဦးအောင် ဖွင့်ပြောဖြစ်သွားသည်။


မအေးခင်က ...
“ကျွန်မ အိမ်ထောင်ရေးကို မစဉ်းစားသေးပါဘူး”
ဟု ပြောလွှတ်လိုက်သည်။ သိန်းမောင်ကတော့ လက်မလျှော့သေး။


ခင်မောင်ပြုံးသည် ဖွင့်ပြောဖို့ နောက်ကျသော်လည်း သူနှင့် မအေးခင်တို့ ပို၍ လေပေးဖြောင့်သည်ကို သိသည်။ ခုလို သိန်းမောင်ကို မအေးခင်က ယဉ်ယဉ်ကျေးကျေး ငြင်းလွှတ်လိုက်သောအခါ သူ့အခြေအနေက ပိုကောင်းသည်ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဖွင့်ပြောသည့်အခါကျမှ ပြဿနာ တက်ရခြင်းပင်။


သိန်းမောင် မယုတ်မာတတ်ကြောင်း ကျွန်တော်သိသည်။ သို့ရာတွင် မေးတော့ မေးကြည့်ရဦးမည်။


* * *


သိန်းမောင်ဆီ သွားဖို့တောင် မလိုတော့။ သူက အရင်ဦးအောင် ကျွန်တော့်ဆီ ရောက်လာသည်။ ရုံးသက်သာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသောအခါ ...
“ခင်မောင်ပြုံးတော့ ငါ့ကို ညစ်ပြီ ထင်တယ်”
ဟု ပြောသည်။ ထို့နောက် အံ့ဩဖွယ် သတင်းကို သူပြောပြလေ၏။ မအေးခင်ဆီ သူရောက်သွားသည်။ နောက်တစ်ကြိမ် ထပ်ကြိုးစား ကြည့်ဖို့ ဖြစ်သည်။ ဒီမှာတင်ပဲ မအေးခင်က ဆီး၍ ပြော၏။
“မျက်နှာပြောင် တိုက်ပြီး လာတာ အံ့ဩပါရဲ့၊ ရှင်ဟာ မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက် တွဲနေတဲ့လူ”
စသည်ဖြင့် ...။


“ငါက အဲဒီ အကြောင်းတွေ ဘယ်သူက ပြောတာလဲ၊ မဟုတ်ပါဘူးလို့”
ငြင်းတော့ ...
“ခိုင်လုံတဲ့ နေရာကပေါ့၊ ရှင်နဲ့ အနီးစပ်ဆုံး နေနေတဲ့ လူဆီကပေါ့”
ဟု ပြောသတဲ့။
“အဲဒါ ဘယ်သူ ဖြစ်နိုင်သလဲ၊ ခင်မောင်ပြုံးပဲ ရှိတာပေါ့”
“ဟာ ... ဘာတွေဖြစ်ကုန်တာလဲ”
ဆိုပြီး ခင်မောင်ပြုံးကလည်း ဒီအတိုင်းပြောကြောင်း ပြောလိုက်၏။


သူ ခဏမျှ တွေသွားပြီး ...
“ဪ ... ဒီလိုကိုး”
“ဘာလဲကွ”
“ရှင်းနေတာပဲ၊ ခင်မောင်ပြုံး မကောင်းကြောင်း မအေးခင်ကို ငါပြောတာ မဟုတ်ဘူး၊ ငါ ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး၊ ဒါပေမဲ့ ခင်မောင်ပြုံးကတော့ ငါပြောတာပဲလို့ ထင်နေတယ်၊ ဒါကြောင့် ငါ့ကို ကလဲ့စားချေတဲ့ အနေနဲ့ ငါ့မကောင်းကြောင်း မအေးခင်ကို ပြန်ပြောတာပဲပေါ့”


“ဟာ ... မဟုတ်နိုင်ပါဘူး၊ ဒီကောင် ဒါမျိုး မလုပ်တတ်ပါဘူး”
“လုပ်တတ်လို့ အခု လုပ်ခဲ့ပြီပဲ”
“ဟာ ... အစဉ်းစားရ ကျပ်လိုက်တာ၊ မင်းတို့နှစ်ယောက် ဆုံပြီး ရှင်းဖို့ လိုလာပြီ”
“အေး ... ဟုတ်တယ်၊ သဘောတူညီချက် တစ်ခုကို ရရင်တော့ တွေ့ချင်တယ်”
“ဘာသဘောတူညီချက်လဲ”
“သူနဲ့ငါ ဓားချင်း ယှဉ်ခုတ်ဖို့ပေါ့”


သူ့ကို ကျွန်တော်ကြည့်သည်။ သိန်းမောင်၏ မျက်နှာသည် အလွန် တင်းမာခက်ထန်နေလေ၏။


* * *


တော်တော် အစဉ်းစားရ ခက်သည့် ကိစ္စပင် ဖြစ်၏။ ခင်မောင်ပြုံးကိုရော သိန်းမောင်ကိုပါ ကျွန်တော် ယုံသည်။ နှစ်ယောက်စလုံး ယုတ်မာသော စိတ်ထား မရှိ။ ကြားထဲက တစ်ယောက်ယောက်က ဝင်ပြီး ခလောက်ဆန်တာ ဖြစ်ရမည်။ ဘယ်သူ ဖြစ်နိုင်သလဲတော့ စဉ်းစားလို့ မရ။ သူတို့လိုပင် မအေးခင်ကို စိတ်ဝင်စားနေသူ ကြားလူ တစ်ဦးဦးပဲ ဖြစ်ရမည်။


ခင်မောင်ပြုံးနှင့် သိန်းမောင်ကို ဆုံပြီး ရှင်းခိုင်းဖို့တော့ မဖြစ်နိုင်ချေ။ ပြဿနာ ပြေလည်စရာ အကြောင်းမမြင်။ နှစ်ယောက် ထသတ်ကြဖို့သာ အကြောင်းရှိသည်။


ဒီပြဿနာ၏ အဖြေပေါ်အောင် ကျွန်တော် ကြိုးစားရလိမ့်မည်။ ကျွန်တော့်ကို ဗဟိုပြုပြီး သူတို့သုံးယောက်၏ ဇာတ်လမ်း ပေါ်လာခဲ့ခြင်း မဟုတ်လား။ တစ်နည်းပဲ ရှိသည်။ မအေးခင်ကို တွေ့ပြီး မေးဖို့။


သူတို့နှစ်ယောက် မအေးခင်၏ အချစ်ကို ရဖို့ စတင်ကြိုးစားကတည်းက မအေးခင်ဆီ ကျွန်တော် မရောက်တော့။ မျက်နှာပူသောကြောင့် တစ်ကြောင်း၊ မအေးခင်က ကျွန်တော် မြှောက်ပေးတာ ဆိုပြီး ပွက်မှာစိုးသောကြောင့် တစ်ကြောင်းပင် ဖြစ်၏။


ခုတော့ မျက်နှာပူပူနှင့်ပင် လာခဲ့ရသည်။ မအေးခင်ကလည်း ကျွန်တော့် လာရင်းကိစ္စကို သိသည်။ သူက ပြော၏။


“ငါလည်း နင့်ကို မျှော်နေတာပဲ”
“အေးဟာ ... မေးစရာလေး ရှိလို့”
“ဟိုနှစ်ယောက် ကိစ္စ မဟုတ်လား”


သူက ပွင့်ပွင့်လင်းလင်း ခပ်ပြောင်ပြောင် ပြောတတ်သူ တစ်ယောက်မို့ တော်သေးသည်။ သို့မဟုတ်က စကားစဖို့ မလွယ်။ ကျွန်တော် ခေါင်းညိတ်ပြီး ...
“သူတို့နှစ်ယောက် အကြောင်း မဟုတ်တာတွေ လုပ်ကြံပြီး နင့်ကို ပြောတယ်ဆိုတာ ဘယ်သူလဲ”
“အခြားလူ မဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ”
“ဘာ”
ကျွန်တော် အံ့ဩသွားသည်။


သူက ရယ်ပြီး ...
“ဒီလိုဟာ ... ငါ့ဘာသာ အပျိုကြီးဘဝနဲ့ အေးအေး မနေရဘူး၊ သူတို့နှစ်ယောက်က တစ်ယောက် တစ်လှည့်စီ လာလာပိုးနေတာ၊ သိပ်ရှက်ဖို့ ကောင်းတာပဲ၊ ဒါကြောင့် တစ်ခါတည်း ကိစ္စပြတ်အောင် ငါ့ဘာသာ လုပ်ကြံပြီး ပြောပစ်လိုက်တာ”
“ဟာ ... နင် တော်တော်ဆိုးတယ်၊ ဟိုနှစ်ကောင်က တစ်ယောက်ကို တစ်ယောက် အထင်လွဲပြီး သတ်မယ် ဖြတ်မယ်တောင် ဖြစ်နေတာ”
“အေးဟာ ... ဒီလောက် ဖြစ်သွားမယ်လို့ ငါမစဉ်းစားမိဘူး၊ ကိစ္စအေးအောင် ကြံမိကြံရာ ပြောလိုက်တာ”
“နေစမ်းပါဦး ... နင်က တစ်သက်လုံး အပျိုကြီးဘဝနဲ့ နေသွားမှာလား၊ တကယ်လို့ အိမ်ထောင်ပြုဖို့ စိတ်ကူးတယ် ဆိုရင်လည်း သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို လက်ခံဖို့ ငါအကြံပေးချင်တယ်၊ နှစ်ယောက်စလုံး လူကောင်းတွေ”


သူက လက်ကာပြပြီး ... ...
“ငါ အိမ်ထောင်ပြုဖို့ လုံးဝ စိတ်မကူးဘူး၊ အိမ်ထောင်သည် ဘဝကို စိတ်ကုန်လွန်းလို့၊ နင်ပဲ စဉ်းစားကြည့်လေ ... ငါသာ အချစ်ကိစ္စတို့၊ အိမ်ထောင်ရေးကိစ္စတို့ စဉ်းစားရင် ကျောင်းမှာတုန်းက နင် ငါ့ကို စာပေးကတည်းက နင့်ကို ပြန်ကြိုက်ခဲ့မှာပေါ့”
“ဟာ”
ဆိုပြီး ကျွန်တော် တစ်ကိုယ်လုံး ထူပူသွား၏။ သူက ကျွန်တော်ဖြစ်သွားပုံကို ကြည့်၍ ရယ်ရင်း ...
“နင့်ကို လက်ခံလိုက်ရ ကောင်းမလားလို့ နောက်ပိုင်းကျတော့ စဉ်းစားကြည့်သေးတယ်၊ အဲဒီအချိန်ကျတော့ နင်က လက်လျှော့ပြီး တခြားတစ်ယောက်ကို လိုက်နေပြီလေ၊ အမယ် ... ခေါင်းကြီးငုံ့လို့၊ ခုမှ ရှက်မနေပါနဲ့ဟ၊ ဒါတွေက ပြီးခဲ့ပါပြီ၊ ငါက ရယ်စရာအဖြစ် ပြန်ပြောပြတာပါ”


သူက အသံများပင် ထွက်အောင် ရယ်နေလိုက်သေးသည်။ ကျွန်တော်ကတော့ ကျွန်တော့်မျက်နှာကို အိမ်မှာ မထားရစ်ခဲ့မိသဖြင့် နောင်တရနေမိ၏။

မင်းလူ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>