Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ပိုးကောင်ကလေးကို တောင်းပန်ခြင်း
All Chapter
သူဝေး

ခုံတန်းလျားပေါ် အိပ်နေရာမှ သူနိုးလာသည်။ သစ်ပင်ပေါ်ရှိ ဟိုး…အမြင့်တွင် ကျီးကန်းသုံးကောင် ဟိုခုန်သည်ခုန်လုပ်နေရာမှ ကြွေကျ လာသော သစ်ရွက်ခြောက်များက သူ့မျက်နှာပေါ်ပွတ်တိုက်သွားသဖြင့် သူနိုးလာခြင်းဖြစ်သည်။ ပြန်လည်အိပ်စက်ဖို့ရာ အဆင်မပြေ တော့သဖြင့်သူထထိုင်လိုက်သည်။ထိုအခါ နောက်ထပ်တိုက်ဆိုင်လိုက်ဖို့ စောင့်နေဟန်တူသော အဆင်မပြေစရာတစ်ခုက မျက်လုံးထဲ တိုးဝင်လာတော့ သည်။


“အ ..”


သိပ်မနာပေမယ့် သူထိုသို့တီးတိုးအော်ညည်းမိသွားသည်။ သူ့လက်ခုံကလည်းအလိုအလျှောက်ပဲ မျက်လုံးကိုသွားပွတ်တော့သည်။ ပိုးကောင်ဝင်တော့ မျက်လုံးက ယားယံအနေခက်လာသည်ကို လက်ကအလိုလိုသိသည့်ဟန်ဖြင့် လျှင်မြန်စွာ သွား၍ပွတ်ခြင်းဖြစ်သည်။ ငါးချက်ခြောက်ချက်လောက်ပွတ်လိုက်တော့ အတန်ငယ်နေရထိုင်ရကောင်းသွားသည်။ နောက်ထပ်ဆယ်ချက်လောက်သာပွတ်လိုက်ရင် အနေခက်တာ ယားယံတာ လုံးဝပျောက်ရှသွားလိမ့်မည်ဖြစ်သည်။ သို့သော် သူ ငါးချက် ခြောက်ချက်လောက် ပွတ်အပြီးမှာပဲ ရပ်စဲလိုက် သည်။ ထပ်မပွတ်တော့။ ထပ်ပွတ်ချင်ပေမယ့် ထပ်မပွတ်တော့။ သူတစ်စုံတစ်ရာကိုတွေးမိကာ ထိုအတွေးက သူ့ကိုထပ်မပွတ်စေရန် လှုံ့ဆော်သွားခြင်းကြောင့်ဖြစ်သည်။ သူမျက်လုံးပွတ်မည့်လက်ကို အောက်ချလိုက်သည်။


သူထိုင်တွေးနေသည်။ ခါတိုင်းသူ့မျက်လုံးထဲပိုးကောင်ဝင်လျှင်၊ ဒါမှမဟုတ်အမှိုက်တစ်ခုခုဝင်လျှင် သူဘာလုပ်တတ်သနည်း။ သူ ပိုးကောင်ဝင်သည်နှင့် အနီးဆုံးကလူကို ပြောပြလိုက်တတ်သည်။ သူ့အနီးတွင်အမြဲရှိနေသူများမှာလည်း သူ့အမေနှင့် သူ့ချစ်သူ ကောင်မလေးဖြစ်သည်။ ပိုးကောင်ဝင်ကြောင်းပြောလျှင် အမေက


‘မပွတ်နဲ့ ..မပွတ်နဲ့ .. ပိုဆိုးသွားမယ်’


ဟု ပြောတတ်သည်။ သူကမျက်လုံးကိုလက်နှင့် ဖြဲဖွင့်ထားပြီး မေမေက လေနှင့် တဟူးဟူးမှုတ်ကာ ပိုးကောင်ကိုဖယ်ရှားပေးတတ်သည်။ သူ့ချစ်သူကောင်မလေးကလည်း လက်ကိုင်ပုဝါကို ထောင့်စွန်းလေးတစ်ခုရအောင် ခေါက်ပြီး ထိုနူးညံ့သော ထောင့်စွန်းနှင့်မှ မျက်လုံး ရည်ကြည်အိုင်ထဲက ပိုးကောင်ကလေးကိုစိတ်ရှည်ရှည်လိုက်ရှာပြီး ဖယ်ထုတ်တတ်သည်။ ပြီးလျှင်တဖူးဖူး …နှင့်လည်း လေဖြင့် ဖွဖွ မှုတ်ပေးကာ“သက်သာသွားလိမ့်မယ် သက်သာသွားလိမ့်မယ်”ဟုတစ်ခွန်းတည်းစကားကို နှစ်ကျော့မြန်မြန်ပြောတတ်သည်။ ယခု သူ ထိုအဖြစ်တွေကို သတိရသွားခြင်းဖြစ်သည်။ ထပ်မပွတ်တော့ချေ။


ပိုးကောင်ဘာကြောင့်သူ့မျက်လုံးထဲဝင်လာသနည်း ကိုလည်း သူတွေးနေမိသည်။ ပိုးကောင်သည် ရေဆာနေသော ပိုးကောင်များလား၊ သူ့မျက်လုံးကို ရေကြည်အိုင်အမှတ်နှင့် ရေဆင်းသောက်ရန် ပြေးလာခြင်းများလား၊ ဒါမှမဟုတ် သိပ်ငတ်မွတ်သည့် ပိုးကောင်များလား၊ သူ့မျက်လုံးထဲတွင် စားစရာတစ်စုံတစ်ရာတွေ့ရှိမည်ဟု ထင်မှတ်ကာ ၀င်လာခြင်းများလား၊ ဒါမှမဟုတ်ပိုးကောင်တွင် မျက်လုံးကော ပါရဲ့လား၊ ရမ်းသမ်းမှန်းသမ်းပျံလာရင်း သူ့မျက်လုံးထဲကို ၀င်လာတာများလား။


ထိုအချက်ကို တွေးပြီးနောက် သူနောက်တစ်ချက်ကိုပါ ဆက်စပ်တွေးမိသွားသည်။ ပိုးကောင်က သူ့လမ်းကြောင်းသူ အေးအေးဆေးဆေး သွားနေသည်ကို သူက အခုမှ အိပ်ယာနိုးလာပြီး ထထိုင်လိုက်ချိန်နှင့်တိုးကာ ပိုးကောင်သွားမည့်လမ်းကို သူ့မျက်လုံးက ပိတ်ကာတားဆီး လိုက်သလို ဖြစ်သွားတာများလား။ ထိုအချက်သာမှန်ကန်မည်ဆိုလျှင် ယခုအဖြစ်အပျက်တွင် သူ့ဘက်ကအမှားပြုလုပ်ခြင်းဖြစ်နေပေပြီ။


ပိုးကောင်သာ သူ့မျက်လုံးထဲမ၀င်ဘဲ ဆက်လက်ပျံသန်းသွားလျှင် မည်သည့်အရပ်သို့ရောက်ရှိနိုင်သနည်း ကိုလည်း သူတွေးမိကာ သိချင်လာပြန်သည်။ ထို့ကြောင့် နောက်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးအနောက်ဘက်တည့်တည့်အတိုင်း မျဉ်းဖြောင့်တစ်ကြောင်း ဆွဲလိုက်လျှင် ထိုမျဉ်းသည် ဆူးလေစေတီတော်သို့ တန်းတန်းရောက်သွားမည်ဖြစ်သည်။ ပိုးကောင်သည်ဆူးလေစေတီကိုများ သွားတာ လား။ ဘုရားပိုးကောင်များလား။ ယခုတော့ ဘုရားဆီမရောက်ဘဲ သူ့မျက်လုံးထဲတွင်သေရှာပြီ။ ပိုးကောင်၏အလောင်းကို မမြင်ရသေး ပေမယ့် ပိုးကောင်သေရှာပြီမှန်း သူသေချာသိပါသည်။ မျက်လုံးထဲဝင်သွားသည့် ပိုးကောင်များကို အရှင်အတိုင်း ဘယ်သောခါမှ မတွေ့ ဖူးပေ။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်သည့်ဒဏ်၊ လက်နှင့်ပွတ်သည့်ဒဏ်၊ မျက်လုံးထဲမှ အရည်များတွင် နစ်မွန်းသည့်ဒဏ်တို့ဖြင့် သေသွားကြစမြဲပင်။ ထို့အတူ သေသည့်ပိုးကောင်တိုင်းသည် နဂိုရုပ်အလောင်းအတိုင်း ပြန်ရလေ့မရှိဘဲ တစ်ပိုင်းပြတ်နေတာ၊ နှစ်ပိုင်း ပြတ်နေတာ၊ သို့မဟုတ် ပုံစံမပေါ်တော့အောင်ကို လုံးနေတော့တာမျိုးတွေချည်း ဖြစ်ကုန်တတ်သည်။ အခုပိုးကောင် ဘယ်နှစ်ပိုင်း ပြတ်နေမလဲဟု သူသိချင်လာသည်။ ထို့ကြောင့် မျက်လုံးထဲပွတ်ကာ၊ နှိုက်ကာ စမ်း၍ ပိုးကောင်အလောင်းကိုရှာကြည့်ရမည်။ သို့သော် သူမျက်လုံးကို မပွတ်ဟုဆုံးဖြတ်ထားသည်ကို သူအမီ သတိရလိုက်မိသည်။


ဗန္ဓုလပန်းခြံထဲတွင်ဖြစ်သည်။ ထိုတုန်းကဥယျာဉ်ဝင်ကြေးကသုံးရာဖြစ်သည်။ ဥယျာဉ်စောင့်အစ်မကြီးက သူ့ကိုခင်ပုံရသည်။ နှစ်ရာသာ ယူသည်။ နံနက်ခင်းနေမြင့်မြင့် အချိန်ကနေ ညနေဥယျာဉ်ပိတ်ချိန်အထိ ထမင်းချိုင့်ကလေးဆွဲ၍ ရောက်ရောက်လာတတ်သော သူ့ကို ဥယျာဉ်စောင့်အစ်မကြီးက ထူးဆန်းနေသည်။ သိချင်စိတ်ကို မထိန်းနိုင်သည့်တစ်နေ့က


“ ဟေ့ကောင်လေး …နင်လာပါဦးဟဲ့ …”


ဟု စတင်လှမ်းခေါ်ကာ စကားပြောတော့သည်။ သူ့ကို “အသက်ဘယ်လောက်ရှိပြီလဲ၊ဘာအလုပ်လုပ်သလဲ၊ ဘယ်ကလာတာ လဲ” စသဖြင့် မေးခွန်းများမေးပြီး “ရေသောက်ချင်ရင် လာသောက်နော်၊ လွတ်လွတ်လပ်လပ်နေ၊ တစ်နေရာရာသွားချင်လဲ သွားပြီးမှ ပြန်ဝင်လာလည်း ပိုက်ဆံထပ်မယူပါဘူး၊ ငါတို့ရန်ကုန်က နေလို့ကောင်းပါတယ်”စသဖြင့်စကားများ ပြောလေသည်။


အစ်မကြီး ပြောသောစကားများအနက် ‘ဘာအလုပ်လုပ်သလဲ’ဟူသည့် မေးခွန်းကိုသာ အတိအကျမဖြေခဲ့ခြင်းဖြစ်သည်။ နောက်ထပ် ပြောသော လောကွတ်စကားများအနက်မှတော့ “ငါတို့ရန်ကုန်ကနေလို့ကောင်းပါတယ်”ဟူသည့်တစ်ခွန်းကိုသာ သူခေါင်းခါပစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှစ၍ သူ့ကို အစ်မကြီးက ပန်းခြံဝင်ကြေး နှစ်ရာသာယူတော့သည်။ ယခု သူ အစ်မကြီးကို အပြင်ခဏသွားဦးမည်ဟု ပြောကာထွက်လာခဲ့သည်။ သူသည် Toilet သို့သွားခြင်းဖြစ်သည်။ Toilet က ဧမာနွေလဘုရားကျောင်းရှေ့ ပန်းခြံထောင့်တွင်ရှိခြင်း ဖြစ်သည်။ သူသည် Toilet ၀င်ကြေးအဖြစ် ငွေနှစ်ရာကို ထုတ်ပေးတော့ တစ်ဘက်လူက တစ်သျှူးတစ်ထုတ်ပြန်အမ်းသည်။


“အကြွေကမရှိဘူးဗျ”


ထိုလူသည် ထိုစကားပြောသည့်အချိန်အတွင်း သူ့ကိုအားတုံ့အားနာဖြစ်နေသင့်သည်ဟု သူ့ဘက်က ထင်သော်လည်း ထိုသူက လမ်းတစ်ဘက်ရှိ ဖြတ်သွားဖြတ်လာအမျိုးသမီးများကိုသာ ဒူးနန့်၍လှမ်းကြည့်နေခဲ့သည်။ သူ့စိတ်ထဲ လေသွားသည့် ဓာတ်အနည်းငယ် စိမ့်ဝင်လျှက် Toilet ထဲဝင်ခဲ့သည်။ အပေါ့သွားရန်နေရာတွေက အားလပ်နေသော်လည်း အလေးသွားသည့်အခန်းတွေက လူမအားပေ။ မိနစ်အနည်းငယ်စောင့်ပြီးမှ ခပ်ပိန်ပိန်လူတစ်ယောက်ထွက်လာသဖြင့် တစ်ခန်းအားသွားသည်။ သူဝင်လိုက်သည်။ Toilet ထဲ ၀င်ထိုင် နေရင်း အကြွေမရှိလို့ အအမ်းခံခဲ့ရသည့်တစ်သျှူးထုပ်ကို သူလှည့်ပတ်ကြည့်မိသည်။ သူအကြပ်အတည်း ဖြစ်နေပေမယ့် ငွေတစ်ရာကို နှမြောခြင်းမရှိပါ။ သို့သော် ငွေတစ်ရာက သူ့အတွက် အကျိုးရှိစွာ ကုန်ဆုံးမှဖြစ်မည့်အခြေအနေတွင်တော့ ရှိနေသည်။ ငွေတစ်ရာသည် ဘားလမ်းထိပ်က တစ်ရာတန်မုန့်ဟင်းခါးဆိုင်တွင် အကြော်မပါသည့်တစ်ပွဲဝင်စားလျှင် တကယ်အဆာမပြေပေမယ့် အဆာပြေသည်ဟု တွေးကာ ကိုယ့်အစာအိမ်ကို လိမ်လည်နိုင်မည့်အခွင့်အရေးရရှိမည်ဖြစ်သည်။ ယခုတော့ နှမြောခြင်းနှင့် အနည်းငယ်ကွဲပြားသော ခံရခက်ခက် ဝေဒနာကို ခံစားနေရကာ ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရပြီဖြစ်သည်။


သူ Toilet ထဲမှအထွက် ဘေစင်တွင် မှန်ကြည့်ကာ လက်ဆေးမည်၊ ပြီးနောက် လန်းသွားရန်မျက်နှာသစ်လိုက်မည်ဟု တွေးမိသည်။ ရေပိုက်ခေါင်းကို နောက်တစ်ရစ်ထပ်ဖွင့်၍ လက်ခုပ်နှင့်ရေကိုခံယူပြီး အားရပါးရသစ်ချလိုက်မည်ပြုစဉ် သူ့လက်တွေတွန့်သွားပြန်သည်။


“ဟင့်အင်း …”


ရေပန်းကိုပြန်ပိတ်လိုက်သည်။ မဖြစ်။ မျက်နှာသစ်ရင် မျက်လုံးကိုပွတ်တာနှင့် ဘာကွာတော့မည်နည်း။ မျက်လုံးကိုပွတ်မည်မဟုတ်။ သူရေစိုနေသည့် လက်တွေကိုခါချကာ အမြန်ပြန်ထွက်ခဲ့သည်။ ဥယျာဉ်ထဲပြန်ရောက်တော့ စာအုပ်တစ်အုပ်ကို ထုတ်ဖတ်ဖို့ သူ စိတ်ကူး ရသည်။ သို့သော် အိတ်ကိုဖွင့်လိုက်တော့ အိတ်ထဲမှာစာအုပ်တစ်ချို့ပါလာသော်လည်း ယခုအချိန်တွင် သူမဖတ်ချင်သလိုမျိုးဖြစ်နေသော စာအုပ်တွေဖြစ်နေသည်။ ထို့ကြောင့် ဇစ်ကို ပြန်ပိတ်လိုက်သည်။


ပြီးခုံတန်းတွင် ခေါင်းကို နောက်သို့လှန်ကာ ခါးကိုလျှောချ၍ ခဏမှိန်းနေလိုက်သည်။ သူခဏအိပ်ပျော်သွားသည်။ ဒီတစ်ကြိမ် အိပ်ပျော် ခြင်းနှင့်ဆိုလျှင် ဒီတစ်နေ့တည်းတွင် ဒီခုံတန်းလျား၌အိပ်တာ လေးကြိမ်ရှိပြီဖြစ်သည်။ ယခုသူနိုးလာပြန်သည်။ စိတ်ထဲက ဖျပ်ခနဲ နိုးလာခြင်း ဖြစ်သည်။ လန့်နိုးခြင်းမဟုတ်ဘဲ “ငါအိပ်ပျော်နေတာပဲ”ဟုအိပ်နေရင်းနှင့် အသိဝင်လာကာ ကိုယ့်ကိုကိုယ် ရုန်းကန်နှိုးပစ် လိုက်ခြင်း ဖြစ်သည်။ နိုးသည်ဆိုသော်လည်း သူမျက်လုံးကို တန်းဖွင့်ခြင်းမပြုပေ။


လက်နှင့်ပွတ်ချင်စိတ်ပေါ်လာသဖြင့် အောင်းအီးသည်းခံရင်း မျက်လုံးကိုဆက်မှိတ်ထားမိနေသည်။ သို့သော်သူနိုးလာသည်ကို တခြားလူ ကပင်သိနိုင်နေသည်။


“နိုးလာပြီလားသားလေး”


နူးညံ့သောအသံသည် သူ့ဘေးဘက်ဆီမှတိုးထွက်လာသည်။ သူ့မျက်နှာကို အသံလာရာဘက်လှည့်ကြည့်စေလိုက်သည်။ အသက်(၆၀) ခန့်ရှိပြီမှာပိုဖြစ်နိုင်သော်လည်း အသက်(၅၀) ခန့်ဟုသာ သူထင်မိသော အမျိုးသမီးတစ်ဦးကို သူတွေ့လိုက်သည်။


သူခုနကထိုအမျိုးသမီး၏ နှုတ်ဆက်မှုအမေးအပေါ် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ အမျိုးသမီးကြီးက အဖြူရောင်အင်္ကျီနှင့် အနက် ရောင်ထဘီတို့ကို ၀တ်ဆင်ထားသည်။သန့်ပြန့်သူလည်းဖြစ်သည်။ ပေါင်ပေါ်လောက်တွင် သမ္မာကျမ်းစာအုပ်ကို တင်ထားပြီး ထိုစာအုပ် ပေါ်တွင် လက်ဖ၀ါးတစ်ခုကို ဖြန့်ချထားသည်မှာလည်း ကြည့်လို့ကောင်းလှသည်ဟု သူထင်သည်။


“အန်တီစကားနည်းနည်းပြောမယ်နော်ရမလားသား ..”


မရဘူးပြောရမှာလား။ စိတ်မပါစွာဘဲ ‘ဟုတ်ကဲ့ရပါတယ်အန်တီ’ဟုဖြေလိုက်သည်။


အမျိုးသမီး၏ကမ်းလှမ်းချက်ကို သူလက်ခံလိုက်ပုံမှာ လွယ်ကူလွန်းလှသည်။ အမျိုးသမီးကသမားရိုးကျမေးခွန်းတွေဖြစ်သော အသက်၊ အလုပ်အကိုင်၊ နာမည် စတာတွေ မေးပြန်ပါသည်။ သူ အင်မတန်ပျင်းရိသော မေးခွန်းများကိုတက်ကြွခြင်းမရှိစွာ ဖြေရပြန်သည်။ ပြီးနောက် “သမ္မာကျမ်းစာ ဖတ်ပြချင်တယ်”ဟု ပြောသည်။ သူကြိုမျှော်လင့်ထားပြီးသော တောင်းဆိုချက်တစ်ခုပင်။


“ဟုတ်ကဲ့နားထောင်ချင်ပါတယ်”


သူ့စိတ်ထဲတွင် သူမသိရသေးသော သမ္မာကျမ်းစာအပိုဒ် ဖြစ်စေချင်နေသည်။ ယေရှုသမိုင်းတစ်ခုလုံးကို မိနစ်(၂၀)မျှအချိန်နှင့် ရအောင် ပြောသွားသည်။ အမျိုးသမီးကြီး၏ပုံစံက သူ့ဘာသာကို သေအချာယုံကြည်သက်ဝင်နေဟန်ရှိသည်။ ကြင်နာမှုပြည့်ရွှမ်းနေသော ခရစ်ယန် လေယူလေသိမ်းနှင့် ထိုအမျိုးသမီးသည် သူ့ကို “သားဘာအလုပ်လုပ်ချင်တာ”ဟု ထပ်မေးသည်။ သူက ဒီတစ်ခါ ပိုမိုမှန်ကန် အောင် ဖြေလိုက်သည်။


“အန်တီဆုတောင်းပေးမယ်နော်သား …” ဟုဆိုကာခေါင်းကို လက်ဖွဖွနှင့်အုပ်၍ ကျမ်းစာအုပ်ကို ရင်ဘတ်ဖိကာ ဆုတောင်းပေး လေတော့သည်။ ထို့မတိုင်မီတွင် ဥယျာဉ်ပိတ်ချိန်ရောက်ပြီဖြစ်သောကြောင့် စည်ပင်လုပ်သားအဖိုးအိုတစ်ယောက်က လက်ဆွဲ ခေါင်းလောင်းကို လိုက်လံထိုးနှက်အသံပြုခဲ့ပြီးဖြစ်သည်။ သူ့အနေဖြင့် အမျိုးသမီး၏ဆုတောင်းကိုခံယူရသည်မှာ အင်မတန်နေရ ခက်နေသည်။ သူ့လိုဗုဒ္ဓဘာသာတစ်ယောက်အနေနှင့် ဆူးလေစေတီတော်ကြီးကို ကျောပေးထားလျှက်နှင့် ယခုလိုဘာသာခြား အမျိုးသမီး၏ ဆုတောင်းပေးမှုကို ခံယူနေမိတာ တော်တော်မကောင်းသည့်အပြစ်မျိုး ဖြစ်နိုင်သလားဟု တွေးမိနေသည်။ လက်ကို ပုတ်ချကာ ဆုတောင်းပေးရာမှ ပြေးထွက်ခဲ့လျှင်ပိုရိုင်းရာကျမည်။ ဘာကြောင့် သူတစ်ပါးဆုတောင်းလေးခံယူဖို့ကို ဒီလောက်ခက်ခဲနေရ မှာလဲ။ သူငြိမ်နေလိုက်သည်။ သူ သူ့ကိုယ်သူသိတာတစ်ခုတော့ရှိသည်။ ကျင့်ကြံနိုင်သည်ဖြစ်စေ၊ မကျင့်ကြံနိုင်သေးသည်ဖြစ်စေ သူသည် ဗုဒ္ဓဘာသာဝင်တစ်ဦးသာ ဖြစ်သည် ဟူသော အချက်ပင်ဖြစ်ပေသည်။ ဆုတောင်းခံနေရင်း မျက်စိက ထပ်မံယားလာရာ သူ့မှာ အကြီးအကျယ် အကြပ်အတည်းတွေ့နေရပြန်သည်။ အမျိုးသမီးကြီး၏ဆုတောင်း ကြောင့်အင်အားတစ်မျိုးရနေသည်ဟုလည်း သူ ခံစားလာရပါသည်။ ဥယျာဉ်ထဲမှ အတူတူထွက်ခဲ့တော့ အမျိုးသမီးက (၃၅) လမ်းထဲမှာနေကြောင်း၊ လာလည်နိုင်ကြောင်းဖိတ်ခေါ်သည်။


“တစ်ခုခုစားမလား”ဟုပြောသောအခါ စိတ်ပါပေမယ့်သူငြင်းဆန်လိုက်သည်။ ထိုငြင်းဆန်မှုမှာဘာမှန်းမသိသောအခြေအနေတစ်ခုကို ငြင်းဆန်လိုက်သည်ဟု သူထင်ပါသည်။ ထို့နောက်အမျိုးသမီးနှင့် အလိုလိုလမ်းခွဲဖြစ်ခဲ့သည်။ သူသတိရသဖြင့် ဘေးသို့ကြည့်လိုက် သောအခါ အမျိုးသမီးမရှိတော့ခြင်းဖြစ်ပေသည်။ နတ်သမီးလိုအငွေ့ဖြူဖြူများပေါ်လာပြီး မိုးပေါ်ပျံတက်သွားခြင်းလား၊ မြေအောက် လမ်းအဖုံးကြားထဲမိစ္ဆာလို တဟားဟားရယ်ရင်း ၀င်ရောက်ပျောက်ကွယ်သွားခြင်းလားဟု သူအူကြောင်ကြောင်နိုင်စွာတွေးဖြစ်တော့မည့် အချိန်မှာဘဲ ဟိုးအဝေး လူအုပ်ထဲတိုးဝင်သွားသော အမျိုးသမီး၏အနောက်ပိုင်းကို လှမ်းတွေ့လိုက်ရသည်။


သူ ပန်းဆိုးတန်းအထိလျှောက်သွားပြီး သူငယ်ချင်းကို စောင့်နေလိုက်သည်။ ဘိုကလေးဈေးထဲမှသူငယ်ချင်းသည် (၆)နာရီတွင် အလုပ်ဆင်း၍ သူ့ဆီလာပါသည်။ သူငယ်ချင်း၏ ရည်းစားကောင်မလေးလည်းပါလာသည်။ သူငယ်ချင်းတို့စုံတွဲသည် ၀ဖီးသူများ ဖြစ်ကြသည်။ လမ်းတစ်လျှောက်တွင် မုန့်ပဲသားရည်စာများ စားကြသည်။ သူပါစားရသည်။ ထိုသို့တစ်နာရီခန့် လျှောက်သွား လျှောက်စားပြီးမှ ရည်းစားဖြစ်သူကိုသူငယ်ချင်းက အိမ်ပြန်စေရန် တက္ကစီပေါ်တင်ကာပို့လိုက်သည်။ တက္ကစီထွက်သွားသည်ကို ခြေဖျားထောက်လှမ်းကြည့်ပါက မြင်နိုင်သေးသော်လည်း သူငယ်ချင်းဖြစ်သူက မကြည့်တော့ပဲ


“လာ … ငါနောက်တစ်ယောက်နဲ့ချိတ်ထားတယ်”ဟုဆိုကာ ရှေ့မှဦးဆောင် လျှောက်လေတော့သည်။


သူငယ်ချင်း၏ ဒီတစ်ခါတွေ့သော နောက်ထပ်ရည်းစားတစ်ယောက်မှာ ခုနကတစ်ယောက်ထက် အသားဖြူသည်၊ ပိန်ပိန်ပါးပါးရှိသည်။ သို့သော် မျက်နှာလှုပ်ရှားမှုနှင့် စကားပြောသောလေသံများမှာတော့ ကောက်ကျစ်မှုတွေစွက်ဖက်နေသည်ဟု သူထင်သည်။ လူတစ်ယောက်ကို အခုမှတွေ့ဖူးရုံမျှနှင့် သည်လောက် ရက်ရက်စက်စက်မထင်သင့်မှန်း သူဆင်ခြင်ဖို့ မေ့နေဟန်ရှိသည်။ သူငယ်ချင်းနှင့် ထိုမိန်းကလေးတို့သည် ဘားလမ်းထဲက အအေးဆိုင်တွင် ထိုင်ရန် လုပ်ကြသော်လည်း ဗန္ဓုလပန်းခြံ၏ ဘေးဘက်ပလက်ဖောင်းပေါ်ရှိ ခုံပုပုကလေးများနှင့်ထိုင်ရသော လက်ဖက်ရည်ဆိုင်ကလေးတွင်သာ ထိုင်ဖြစ်ခဲ့ပါသည်။ သူငယ်ချင်းနှင့် သူ့အငယ်အနှောင်း ရည်းစား သည် နှစ်ဦးသား အလုပ်ပိတ်ရက်တစ်ရက်တွင် တစ်နေရာရာသို့လျှောက်လည်ကြရန် တိုင်ပင်နေကြသည်။ ထိုတစ်နေရာရာသည် ရေကန်ကျယ်တစ်ခုရှိသောနေရာမျိုးဟု သူနားစွန်နားဖျားကြားရသည်။ တစ်ဝိုင်းတည်းထိုင်နေသူချင်း နားစွန်နားဖျားထက် ပိုကြားရသင့် သော်လည်း သူသည် သူတို့စကားများတွင် အာရုံမရှိဘဲ လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော သီချင်းကိုသာစိတ်နစ်နေသောကြောင့် ဖြစ်ပါသည်။ ထိုသီချင်းသည် မောင်မောင်ဇော်လတ်ရေးပြီးအငဲဆိုထားသော ‘အိမ်’အမည်ရှိ သီချင်းဖြစ်လေသည်။ ထိုသီချင်းကို သူ ပထမဆုံးအကြိမ် နားထောင်တုန်းက အကြောင်းကိုလည်း သူတိတိကျကျမှတ်မိပါသေးသည်။ ထိုစဉ်တုန်းက သူသည် မိုးမိုးအင်းလျား၏ ပျောက်သောလမ်းမှာ စမ်းတစ်ဝါး ၀တ္ထုကို ဖတ်နေချိန်ဖြစ်သည်။ ထိုစာအုပ်နှင့်ထိုသီချင်းကို တွဲခံစားရတုန်းကခံစားချက်သည် တကယ့်ကို ကြေကွဲဖွယ်ကောင်းခဲ့သည်။ ယခုနားထောင်နေရသောအချိန်တွင်တော့ သူသည် အိမ်နှင့် လွန်စွာဝေးသော မြို့ပြညကြီး၏ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ ဖြစ်နေပြန်သည်။ စိတ်ထဲတွင် အဝေးမှအိမ်ခေါင်မိုးမှိုင်းပြပြလေးကို မြင်ယောင်မိသည်။ ထိုအချိန် မျက်လုံးက ယားယံလာပြန်သည်။ သူမပွတ်ပေ။ သို့သော်ပိုးကောင်ကလေးအကြောင်း စိတ်ရောက်သွားပြန်သည်။ သူကောအိမ်ပြန်မလာလို့ သူ့အမေမျှော်နေမလား၊ ဒါမှမဟုတ် သူ့ဇနီးလေးကအိမ်ရှေ့ထွက်မျှော်နေရှာမလား။ သူထိုသို့တွေးမိတော့ အပြစ်ရှိသလို ခံစားလာရပြန်သည်။ သို့သော် သူ ချက်ချင်းပဲ ထိုခံစားချက်ကို ယုတ္တိနည်းနှင့်ပြန်တွေးကာ ဖျောက်ပစ်လိုက်လေသည်။ မဖြစ်နိုင် ပိုးကောင်လေးတွေမှာ ဒီလောက်ခံစားချက်မရှိနိုင်၊ သူ့အမေတွေ၊ သူ့ဇနီးတွေနှင့် နွေးထွေးသောအဖွဲ့အစည်းမျိုး မရှိနိုင်။ သူထိုသို့တွေးနေချိန်ပဲ သီချင်းကသူ့အကြိုက်ဆုံးနေရာသို့ ရောက်ရှိလာလေတော့သည်။


“….တစ်နေ့တော့ အသိုက်အမြုံလေးနဲ့ တည်ငြိမ်စွာ နေချင်ပါတယ်……”


ထိုစာသားကို သူ တုန်လှုပ်မှုနှင့် နှစ်သက်သည်။


ထိုအချိန် သူငယ်ချင်း၏ရည်းစားက လက်နှင့်တိုက်လိုက်၍ ရေနွေးစီးကြောင်းအ၀ါရောင်တစ်ခု သူ့ဆီလိမ့်လာသည်။ ထို့နောက် ဆိုင်မှ ထွက်ခဲ့ကြသည်။


ပန်းဆိုးတန်းသို့ သူငယ်ချင်းနှင့် နှစ်ယောက်သားပြန်လျှောက်လာကြစဉ် သူငယ်ချင်းက သူ့ကိုတစ်ခုခုပြောချင်တာလိုမျိုးနှင့် ကြည့်ကြည့် နေသည်။ သို့သော် ဘာမှမပြောပေ။ ဒန်ပေါက်ဆိုင်ရှေ့ရောက်တော့ သူငယ်ချင်းက သူ့အသိတစ်ယောက်နှင့် တွေ့ပြန်သည်။ တစ်ခွက် တစ်ဖလား ဖိတ်ခေါ်နေသဖြင့် သူငယ်ချင်းက လိုက်သွားရအောင်ပြောသည်။ သူကတော့ အိမ်အရင်ပြန်နှင့်တော့မယ်ဟုဆိုကာ ထွက်ခဲ့ လိုက်တော့သည်။ သူယခုပြန်မည့်အိမ်မှာ သူငယ်ချင်း၏အိမ်ပင် ဖြစ်သည်။ သူငယ်ချင်းက အောင်မြင်မည် မသေချာသော သူ့ကို သူ့အိမ်တွင် သံသယကင်းကင်း တင်ကျွေးထားသည်။


သူ ‘သန်လျင်’ ပြန်မည့်ကားပေါ်တက်ခဲ့သည်။ ထိုင်စရာနေရာရသော်လည်း သူ့ကို ဘေးနှစ်ဘက်မှ လူမျိုးခြားနှစ်ယောက်က ညှပ်ထား သလိုဖြစ်နေသည်။ ကားစထွက်ရင် ချောင်မှာပေါ့ဟု စိတ်ဖြေလိုက်ရာ တကယ်ကားထွက်တော့လည်း နေရချောင်သွားပါသည်။ သို့သော် ထိုလူမျိုးခြားနှစ်ယောက်ဆီမှ ဆိုးရွားသောအနံ့က သူ့ကိုခေါင်းမူး၍ပျို့လာစေသည်။ သူ မြို့တော်ကြီးတွင် အကြောက်ဆုံးအရာမှာ ထိုဘတ်စ်ကားတိုးစီးရခြင်းပင်ဖြစ်သည်။ ကားလမ်းများသည် ကျောက်ပေါက်မာများကဲ့သို့ တဒိုင်းဒိုင်းချိုင့်ခွက်ကြမ်းများနှင့် ဖွဲ့စည်းထား သည်။ အန်ချင်စိတ်ကို အောင့်ထားရသည်။ တစ်ကြိမ်တွင်သူ့ပါးစပ်ထဲမှ ချဉ်စုတ်စုတ်အရည်တစ်မျိုး ပျို့ထွက်လာသဖြင့် သူ အမြန်ပြန် မြိုချလိုက်ရသည်။ အန်လို့မဖြစ်။ ထိုသို့ ကိုယ့်အန်ဖတ်အရည်ကို ကိုယ်ပြန်မြိုချသည်က ကိုယ်မပြောပြမချင်း ဘယ်သူမှမသိနိုင်။ အန်များ ထွက်လိုက်လို့ကတော့ ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတွေနှင့် ရင်ဆိုင်ရမလဲမသိ။ သူ ရှေ့ကခုံ၏နောက်မှီကို ခေါင်းဖြင့်ထောက်ကာ သက်သာရာရှာနေမိသည်။ ကားသည်တစ်ချက်ကလေးမှမငြိမ်ဘဲ သာကေတကိုကျော်လာသည်။ သံလျင်တံတား ကိုဖြတ်မှ လေအေးအေးများဝင်လာသဖြင့် နည်းနည်းသက်သာမိသည်။ ခုနကလိုချဉ်စုတ်စုတ်အန်ဖတ် ရှေ့ပြေးအရည်များ နှစ်ခါခန့် ထွက်ထွက်လာသေးရာသူမြိုချလိုက်ရပြန်သည်။ အခုမှသက်သာသလိုရှိသေး မျက်လုံးကယားလာပြန်သည်။ မပွတ်ဟု သူ ဆုံးဖြတ်ထား သည့်အတိုင်း လုံးဝကိုမပွတ်။ ယားလွန်းသဖြင့် လက်ချောင်းများပင် ကွေးကုတ်လာပါသည်။


တစ်နေ့လုံးယားလာခဲ့သမျှ ဒီတစ်ခါအယားဆုံးဟုသူသိလိုက်သည်။ မျက်လုံးကိုကုတ်ပစ်တော့မည်ဟု ဆုံးဖြတ်ကာ လက်ကမျက်လုံးဆီ သွားပစ်လိုက်သည်။ သူ လေပူတွေကိုမှုတ်ကာ စိတ်ကိုထိန်းလိုက်သည်။ မပွတ်..မပွတ်ဘူး … ။ ယားလို့သေသွားသည့်မသာအဖြစ် သူ မှတ်တမ်းဝင်တော့မည်လား။ ပိုးကောင်သည် မျက်လုံးထဲတွင် ၀ိညဉ်အဖြစ်လျှောက်ပျံသန်းရင်း သူတမင်ယားအောင်လုပ်ကာ ဂလဲ့စား ချေနေသည်ဟုပင် ထင်ရသည်။ ဘေးက အမွှေးအမျှင်များသောလူမျိုးခြားတစ်ယောက်က သူ့ကိုကြည့်သေးသော်လည်း ဘာသိ ဘာသာပင် ရှေ့ပြန်လှည့်သွားပါသည်။


“ကျိုက်ခေါက်ဘုရားရောက်ပါပြီ အားလုံးပဲဂိတ်ဆုံးပါ”


သူအတော်လေးဝမ်းသာသွားသည်။ခရီးဂိတ်ဆုံးပြီမဟုတ်လား။


သို့သော် ကားပေါ်ကဆင်းပြီးတော့ ဆိုင်ကယ်တက္ကစီငှားကာ ရေကြောင်းလမ်းဆုံဘက်သို့ ထပ်သွားရပါသေးသည်။ သူငယ်ချင်းအိမ် ရောက်တော့ သူစဉ်းစားထားတာတွေ လုပ်ဖို့ အားတက်နေခဲ့ပေမယ့် မီးကပျက်နေသည်။ သူငယ်ချင်း၏အဖေနှင့်အမေကိုနှုတ်ဆက်ပြီး သူငယ်ချင်းအလုပ်များနေသဖြင့် နည်းနည်းနောက်ကျမည်ဖြစ်ကြောင်း ဖာထေးပြောကာ ကိုယ့်အခန်းထဲဝင်၍ ခဏလှဲနေလိုက်သည်။ ကံကောင်းသည်။ မီးချောင်းများကတဖောင်ဖောင်မြည်၍ လင်းလာသည်။ မီးပြန်လာပြီ။ သူတစ်နေ့လုံး အောင့်အီးကာ ကြံစည်ခဲ့ရသော အမှုကိုပြုရတော့မည်။ ပန်ကာကို သူ့ရှေ့ယူလိုက်သည်။ ပြီး လက်တစ်ဘက်က ပိုးကောင်ဝင်သွားသော မျက်လုံးလေးကို ဖွင့်ကာ


“မေမေ သားကို ပိုးကောင်ဝင်သွားလို့ မှုတ်ပေးဦး …”


ထိုသို့ပြောလိုက်ကာ ပန်ကာကိုသူဖွင့်လိုက်သည်။ ပန်ကာမှ လေတွေတဟူးဟူးနှင့် သူ့မျက်လုံးထဲတိုးဝင်လာကြသည်။ ဆံပင်တွေလည်း အေးမြစွာ လွင့်လျားသွားသည်။ ပြီးမှ ပန်ကာကိုပြန်ပိတ်ပြီး လက်ကိုင်ပုဝါကို ထောင့်စွန်းကလေးခေါက်ကာ


“အိလေးရေ …ငါ့မျက်လုံးထဲ ပိုးကောင်ဝင်သွားလို့ ဖယ်ပေးပါဦး ….” ဟု ပြောကာ သူ့မျက်လုံးထဲကို လက်ကိုင်ပုဝါအစွန်းလေးနှင့် ဖွဖွ ပွတ်ပွတ်ပေးနေလိုက်သည်။


သူတစ်နေ့လုံး ချုပ်တည်းထားသောဆန္ဒလေးပြည့်သွားသဖြင့် သူကြည်နူးနေသည်။ သူအိမ်ရှေ့ထွက်ခဲ့လိုက်သည်။ အိမ်တံစက်မြိတ်ရှိ မီးလုံးဝါတွင် ပိုးကောင်တစ်ချို့ဝဲနေသည်။ သူနီမြန်းနေသောမျက်လုံးနှင့် ထိုပိုးကောင်ကလေးတွေကို ထိုင်ငေးနေလိုက်သည်။


ပိုးကောင်ကလေးရေ ငါ နောက်ဘ၀ ပိုးကောင်လုပ်ပါ့မယ်ကွာ။ မင်းက စိတ်ပျက်နေတဲ့ လူငယ်လေးတစ်ယောက်လုပ်ပေါ့။ ငါ တောင်းပန် ပါတယ်ကွာ။ ငါ ပိုးကောင်ဖြစ်လာတဲ့တစ်နေ့မှာ မင်းမျက်လုံးထဲ ပြန်ဝင်ပေးပါ့မယ်။ ငါ ကတိပေးပါတယ်။


သူဝေး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။