contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အကြည့်တို့၏ ခန္ဓာ
Chapter 1
အောင်သူရ

The self is only a threshold, a door, a becominh between two multiplicities.
. . .Deleuze. . .


လူနဲ့ကြောင်ဟာလှေပေါ်ကနေဆင်းလိုက်တယ်။ မဲနက်နေတဲ့ မြေသားတွေပေါ်ကိုခြေချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စူစူးစိုက်စိုက်ကြည့်လိုက်တယ်။ပတ်ဝန်းကင်ေတစ်ခွင် လုံးမီးခိုးမဲတွေနဲ့ပြည့် နေတယ်။ သူတို့ရပ်နေတဲ့ နေရာကွက်ကွက် ကလေးကလွဲပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို မီးခိုးမဲမဲတွေက ကာရံထားတယ်။ မီးခိုးအမဲကြီးတွေကိုဖောက်ပြီး လူက ထိုးထွင်းကြည့်ဖို့ ကြိုးစားတယ်။ ကြောင်ကလည်းမီးခိုးအမဲကြီးတွေရဲ့ အနံ့ကိုခံရင်း သူတို့ရဲ့နောက်က တစ်စုံတစ်ခုကို ဖမ်းဆုပ်နိုင်ဖို့ကြိုးစားနေတယ်။


မီးခိုးအမဲကြီးတွေဟာ လေထုထဲမှာ တွဲလွဲကျနေတယ်။ ငြိန်တိတ်ပြီးရွေ့လျားမနေကြဘူး။ ဒီလိုမလှုပ်မယှက် ဖြစ်နေတဲ့ မီးခိုးမဲကြီးတွေဟာ အငွေ့တွေလား အရည်တွေလား ဒြပ်ထုတွေလားဆိုတာကို ခွဲခွဲခြားခြားပြောဖို့ခက်တယ်။


ဒီလိုခွဲခြားပြောဖို့ခက်တဲ့အရာကြီးတွေကို လူက သူ့ရဲ့မျက်လုံးနဲ့ထွင်းဖောက်နိုင်ဖို့ကြိုးစားနေတယ်။ တစ်ခါတစ်ခါ မျက်မှောင်ကြုတ်ပြီး စူးစိုက်ကြည့်တယ်။ တစ်ခါတစ်ခါကျတော့ အသက်ကိုဖြည်းဖြည်းချင်း ရှူသွင်းပြီးမှ သက်ပြင်းရှည်ကြီး ကိုဆွဲချပြီး မျက်မှောင်ကြုတ်တာကျုဖြေလျှော့ သူ့ရဲ့စူးစိုက်အကြည့်ကို တင်းအားလျှော့ချပစ်တယ်။


ကြောင်ဟာသူ့ရဲ့အနီးဆုံးက မီးခိုးမဲကြီးတွေနားကိုကပ်သွားတယ်။ တရှုတ်ရှုတ်နဲ့အနံ့ခံတယ်။ ရှေ့ကိုထပ်တိုးသွားတယ်။ ထပ်ပြီးအနံ့ခံတယ်။ သူ့ရဲ့မျက်လုံးတွေကိုမမြင်ရလို့ သူဘာကိုရိပ်မိသွားသလဲဆိုတာကိုတော့ သေချာပြောဖို့ခက်တယ်။ အနံ့ခံနေတဲ့အချိန်မှာ အမြီးကိုမပေါ်ထောင်ထားတယ်။ တစ်ခါတစ်ခါအမြီးကိုဘယ်ညာရမ်းတယ်။ အဲသလိုနဲ့ သူနဲ့ အနီးဆုံး မီးခိုးမဲကြီးတွေရဲ့ မျက်နှာပြင် ကိုနမ်းရှုတ်အနဲ့ခံနေတယ်။


တစ်ဦးနဲ့တစ်ဦးဘာလုပ်နေကြသလဲဆိုတာကို လူနဲ့ကြောင်ဟာ သတိမထားမိကြဘူး။ စူးစိုက် လေ့လာမှုထဲမှာ တသီးတသန့်နဲ့ ပတ်ဝန်းကျင်ကျင်ကိုမေ့နေကြတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ပဲ လူနဲ့ကြောင်ဟာ ပတ်ဝန်းကျင်ကျုမေ့လျော့နေကြတယ်။


'' ကျုပ်တို့တ်ဝန်းကျင်ဟာ အကြည့်ရှစ်ခုနဲ့ဖန်တီးထားတဲ့ ပတ်ဝန်းကျင်ပဲ။ '' လို့ပြောရင်းကြောင် ကလူကို ပြောရင်း မော့ကြည့်လိုက်တယ်။ ပြီးမှ '' ဒီအကြည့်ရှစ်ခုနဲ့ဖန်တီးထားတဲ့ ပတ်ဝန်းကျင်မှာ ကျုပ်တို့ဟာ အကြည့်ရှစ်ခုစလုံးထဲကို ဝင်ပြီး ကြည့်နိုင်မကြည့်နိုင်ဆိုတဲ့ ကိစ္စကတစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ အဲဒီအကြည့်ရှစ်ခုစလုံးရဲ့ကြားမှာ မဆုံးနိင်တဲ့ ကြိုးတန်းတွေရှိနေတယ်ဆိုတဲ့ အပိုင်းပဲ။ ဒီအပိုင်းနစ်ပိုင်းဟာ ကျုပ်တို့ရဲ့ပတ်ဝန်းကျင် ကျုပ်တို့အပေါ်မှာ သတ်ဖြတ်ထားတဲ့နွံအိုင် ကြီးပဲ။'' လို့ ကြောင်ကသက်ပြင်းချရင်းပြောလိုက်တယ်။သူ့ခြေထောက်တွေအောက်ကမြေခဲမဲမဲ တွေကို ငုံ့ကြည့်လိုက်တယ်။ ကြောင်ဟာအသက်ရှူတာကို စက္ကန့်ဝက်လောက်ရပ်လိုက်ပြီးမှ အသက်ခပ်ပြင်းပြင်းရှူရင်း သူ့ကိုငုံ့ကြည့်နေတဲ့ လူကိုပြန်မော့ကြည့်လိုက်တယ်။


လူဟာကြောင်ကိုငုံ့ကြည့်နေတယ်။ နှုတ်ခမ်းနှစ်ခုကိုလည်း ခပ်တင်းတင်းစေ့ထားတယ်။ သူရှူထုတ် လိုက်တဲ့ ထွက်သက်ကို ပြန်သတိထားမိနေတယ်။ ကြောင်ကိုမျက်နှာလွှဲလိုက်ပြီး ဘယ်ဘက်ကိုခပ်စွေစွေ ငေးနေတယ်။ '' မဆုံးနိုင်အောင်ရှည်လျားနေကြတဲ့ကြိုးတွေဆိုတာဘာလဲ။ '' လို့ ကြောင်ကိုမကြည့်ဘဲမေးလိုက်တယ်။ '' မဆုံးနိုင်တဲ့ကြိုးတွေဆိုတာကတော့ အကြည့်နဲ့ကျုပ် တို့မျက်လုံးကြားက အာကာသပဲ။ အကြည့်ထဲမှာ ကြိုတင် ရှိနေပြီးသားအရာနဲ့ အကြည့်ခံကြားက အာကာသပဲ။ အကြည့်ခံရဲ့ ငြိမ်သက်/လှုပ်ရှားမှုနဲ့ အကြည့်ထဲက ကြိုတင် ရှိနေပြီးသားအရာကြားက အာကာသပဲ။'' လို့ ကြောင်ကအမြီးကိုလှုပ်ရင်းဖြည်းဖြည်းချင်းပြောလိုက်တယ်။ သက်ပြင်း ချလိုက်ပြီးမှ မြေပေါ်ထိုင်ချလိုက်တယ်။ '' တကယ်တော့အကြည့်ရှစ်ခုစလုံးနဲ့ ကျုပ်တို့ကြည့်နေတြာမဟုတ်ဘူး။
ကျုပ်တို့ဟာကြိုးတွေဖြစ်ပြီး အဲဒီကြိုးတွေဟာ အကြည့်ရှစ်ခုစလုံးထဲမှာ တိုးလျှိုပေါက်ပျံသန်းနေကြတဲ့အရာတွေသာ ဖြစ်တယ်။ '' လို့ကြောင်က သူ့ရှေ့က မီးခိုးမဲ ကြီးတွေဆီ ခပ်ငိုင်ငိုင်ငေးပြီးပြော လိုက်တယ်။


လူနဲ့ကြောင်ဟာ ငြိမ်နေတဲ့အရာဝတ္တုတစ်ခုနဲ့လှုပ်ရှားနေတဲ့အရာဝတ္တုတစ်ခုကိုပြိုင်တူကြည့်နေကြတယ်။ ကြောင်ဟာ ငြိမ်နေတေဲ့အရာဝတ္တုကိုကြည့်နေပြီး လူကတော့လှုပ်ရှားနေတဲု့အရာဝတ္တုကို ကြည့်နေတယ်။ ဒါပေမဲ့သူတို့နစ်ဦးစလုံး ကတော့ ငြိမ်နေတဲ့လေပြေလိုပဲ ခပ်အေးအေးနဲ့ ရပ်ပြီးကြည့်နေကြတယ်။


သူတို့ရဲ့အကြည့်တွေမှာ နဂိုကတည်းက သူတို့ရဲ့မျက်လုံးတွေထဲမှာ တည်ဆောက်ခံထားရပြီးသားအရာတွေရှိနေတယ်။ အဲဒီအရာတွေကိုအေးခဲသွားအောင်လုပ်ပြီးတဲ့ ကာလတစ်ခုမှာ သူတို့အခုကြည့်နေတဲ့အကြည့်တွေဟာ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အဆင်သင့်ရောက်နေကြတယ်။ အဲသလိုအကြည့်တွေနဲ့ လူရောကြောင်ပါ သူတို့ရှေ့က အရာဝတ္ထု နှစ်ခုရဲ့ ငြိမ်သက်မှုနဲ့လှုပ်ရှားမှုကိုကြည့်နေကြတယ်။ငြိမ်သက်မှုထဲကလှုပ်ရှားမှုကို လူကကြည့်တဲ့အခါမှာ လှုပ်ရှားမှုထဲက ငြိမ်သက်မှုကို ကြောင်ကလည်းကြည့်တယ်။ သူတို့ရဲ့အကြည့်နဲ့အကြည့်ခံအရာတွေကြားမှာ နက်ရှိုင်းတဲ့ ချောက် ကမ်းပါးကြီး ရှိနေတ်ာကိုတော့ ကြည့်တဲ့သူတွေရောအကြည့်ခံရတဲ့ အရာတွေ ကပါမသိကြဘူး။


မျက်လုံးထဲမှာ နဂိုကတည်းကရှိပြီးသားအရာတွေဟာ သူတို့မြင်ရတဲ့ လှုပ်ရှား/ငြိမ်သက် ငြိမ်သက်/လှုပ်ရှား အရာတွေရဲ့ ခန္ဓာပေါ်ကို တဖွဲဖွဲကျနေတယ်။ ခန္ဓာနစ်ခုပေါ်ကိုအဲသလို ကျဆင်းတင်ကျန်ပြီးသွားတဲ့နောက်မှာ ကြည့်နေတဲ့ လူနဲ့ ကြောင်ရော အကြည့်ခံနေရတဲ့ အရာတွေပါ အန္တဝေးကွာသွားကြတယ်။


အကြည့်တွေနဲ့ ငြိမ်သက်/လှုပ်ရှားမှုတွေပဲကျန်ခဲ့ကြတယ်။


မီးခိုးအမဲကြီးတွေဟာ အကြည့်တွေနဲ့ ငြိမ်သက်/လှုပ်ရှားမှုတွေပဲဖြစ်တယ်။ ဒီမီးခိုးမဲကြီးတွေဖြစ် တည်နေတဲ့ ပတ်ဝန်းကျင်ဟာ လူနဲ့ကြောင်မဟုတ်သလို လူနဲ့ကြောင်ကဖွဲ့စည်းတည်ဆောက်လိုက်တဲ့ ပတ်ဝန်းကျင်လည်း မဟုတ်ဘူး။ လူနဲ့ကြောင်ဟာ ဒီပတ်ဝန်းကျင်နဲ့ အနန္တသဘောချိတ် ဆက်အသက်ရှင်နေတဲ့ အသွေးအသား ယန္တရားတွေသာဖြစ်တယ်။


. . . . . . . . . . . . . . . . . . . . . . . . . . . . . .


အောင်သူရ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။