Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အချစ်ကိုပြုပြင်မွမ်းမံခြင်း
Chapter 1
မင်းလူ

အချစ်ကိုပြုပြင်မွမ်းမံခြင်း

သူငယ်ချင်း သုံးယောက်တို့သည် ဈေးရှေ့က လက်ဖက်ရည်ဆိုင်မှာ ဆုံကြရန် ချိန်းထားသည်။ နှစ်ယောက်ကတော့ ရောက်နေပြီ။ တစ်ယောက်က ရောက်မလာသေးချေ။ အေးသိန်းသည် အလွန် နှေးကွေး လေးလံသူ ဖြစ်သဖြင့် ချိန်းသည့် အခါတိုင်း နောက်ကျလေ့ ရှိသည်။ ဒါကို သန်းဝင်းနှင့် စန်းအောင်တို့က သိပြီးဖြစ်၍ သိပ်အရေးစိုက် မနေတော့။ ပြီးတော့လည်း အေးသိန်း မလာခင် သူတို့နှစ်ယောက် အေးသိန်းအကြောင်း ပြောဖို့ အချိန်ရသည် မဟုတ်လား။

သူတို့ သုံးယောက်က ဒီလိုပါပဲ။ နှစ်ယောက်တွေ့လျှင် ကျန်တစ်ယောက် အကြောင်း ပြောကြသည်။ အတင်းအဖျင်း အနေဖြင့် ပြောခြင်း တော့ မဟုတ်။ ဟိုကောင်က ဘာတွေ လုပ်နေသည်။ သူလုပ်တာ ဘယ်နေရာမှာ မှန်၍ ဘယ်နေရာမှာ မှားသည် စသည်ဖြင့် ဝေဖန် ကြခြင်း ဖြစ်သည်။ သုံးယောက် ဆုံမိလျှင် နှစ်ယောက်က တစ်ဖက်၊ ကျန်တစ်ယောက်က တစ်ဖက် ဖြစ်သွားပြီ။ ထိုတစ်ယောက်ကို ဝိုင်း၍ တိုက်ခိုက်ကြသည်။ ထုံးစံမှာ တစ်နေရာရာမှာ ချိန်းဆိုပြီး အရင်ရောက်သူ နှစ်ယောက်က တွဲမိကာ နောက်ကျသူကို ဝိုင်းတွယ် တတ်သည်။ အေးသိန်းသည် အမြဲ နောက်ကျသူဖြစ်၍ သူချည်း ခံရတာ များ၏။

ဒီနေ့လည်း သူ့ကိုစောင့်ရင်း သူ့အကြောင်း ပြောကြသည်။ စန်းအောင်က....
“ဟိုကောင့်ကို နည်းနည်းတော့ သတိပေးမှ ဖြစ်မယ်ကွ”
ဟု စကားစသည်။ သန်းဝင်းက..
“ဘာဖြစ်လို့လဲ” မေးသည်။
“အေးသိန်းက နည်းနည်းဖောက်ပြန်ချင်သလို ဖြစ်နေတယ်ကွ”
“ဘယ်လို ဖောက်ပြန်တာလဲ”
“ဒီကောင် ခုတလော စီးပွားရေး အဆင်ပြေနေတာ မင်းသိတယ်မဟုတ်လား”
“သိသားပဲ၊ ဒါကောင်းတာပေါ့ကွ၊ အေးသိန်းကို ငါတို့ အမြဲတမ်း အဲဒီကိစ္စကို တိုက်တွန်းနေတာပဲ မဟုတ်လား”

အေးသိန်းသည် အလုပ်ကို အားကြိုးမာန်တက် မလုပ်တတ်ချေ။ အပျင်းကြီးတာတော့ မဟုတ်။ ပင်ကိုကပင် အေးအေးဆေးဆေး နေတတ်လေသည်။ ဒါကို သန်းဝင်းနှင့် စန်းအောင်တို့က လုံ့လဝီရိယ နည်းသည်ဟု အပြစ်တင်ချင်သည်။ သူကတော့ သူ့မူအတိုင်းပင် သန့်သန့်ရှင်းရှင်း ရတဲ့ငွေကိုပဲ တန်ဖိုးထားတယ် ဆိုပြီး ဆပ်ပြာစက်ရုံမှ ရသည့်လခဖြင့်သာ ကျေနပ်ရောင့်ရဲနေ၏။ သို့ရာတွင် သူက ကံတော့ ကောင်းသည်။ သူ့အဖေဘက်က အဘိုး ကွယ်လွန်သွားရာ အမွေ နှစ်သောင်းလောက် ရလိုက်သည်။

“အေးလေ.. ဒီကောင် ချောင်ချောင်လည်လည် ဖြစ်သွားတာပေါ့၊ တစ်ခုခု ရင်းနှီးလုပ်ကိုင်စားလို့ ရတယ်”
သန်းဝင်းက ပြောရာ စန်းအောင်က..
“အဲဒါဆို တော်သေးတာပေါ့ကွ၊ ခုတော့ ဒီကောင် တစ်မျိုး ဖြစ်နေတယ်၊ အရင်ကနဲ့ မတူတော့ဘူး”
“ဘဝင်မြင့်သွားလို့လား”
“မဟုတ်ပါဘူး၊ ဒီကောင် ဒီလောက် ဘယ်ကြောင်ပါ့မလဲ၊ ငါပြောချင်တာက ခုတလော ဒီကောင် အချိုးတွေ ပြောင်းနေတာကို ဆိုလိုတာ၊ ဒီကောင်လာတော့ မင်းကြည့်၊ အရင်ပုံစံနဲ့ တူသေးရဲ့လားလို့၊ အဝတ်အစားတွေက အရမ်းသားနားနေတယ်”
“အဲဒါ ဘာဖြစ်သလဲကွ၊ သူ့မှာ ပိုက်ဆံရှိလို့ ဝယ်တာပဲ”
“ဒါတင် မကသေးဘူး၊ တစ်ပတ်တစ်ခါလောက် ဟိုတယ် တက်ပြီး ဝီစကီ သောက်မယ်လို့ ပြောနေတယ်”
“အလကားပါ၊ ဒီကောင် သက်သက် လျှောက်နောက်နေတာ ဖြစ်မှာပါ”
“ဒါဆို မင်းကို ငါ တစ်ခု ထပ်ပြောပြဦးမယ်၊ ဒီကောင်က ငါ့ကို မေးတယ်၊ စားပွဲထိုး ကောင်မလေးတွေ ရှိတဲ့ဆိုင်တွေ အခု ရှိသေးလားတဲ့၊ နောက်ပြီး အခုတလော ဒီကောင် အိမ်သိပ်မကပ်ဘူးလို့လည်း ကြားတယ်၊ ဒီကောင် နည်းနည်း ခြေရှုပ်ချင်နေပြီကွ”

သန်းဝင်းက စိတ်ဝင်စားလာသည်။ စန်းအောင်က ဆက်ပြော၏။
“ဟိုတစ်ခါကလည်း ငါ့ကိုပြောဖူးတယ်၊ သူ့မိန်းမက ဒုတိယကလေး မွေးပြီးနောက်ပိုင်း တော်တော်အိုစာသွားတယ်တဲ့”
“အဲဒီတော့ မင်းက ဘယ်လိုထင်လဲ”
“ခု ငါပြောခဲ့တာတွေကို ဆက်စပ် တွေးကြည့်စမ်း၊ ဒီကောင် အိမ်အပြင်မှာ သာယာမှု ရှာတော့မယ်ကွ၊ အခွင့်အရေးရရင် အငယ်အနှောင်း ထားတာတွေ ဘာတွေ လုပ်တော့မယ်”
“ဟာ.. ဒီလောက်တော့ ဖြစ်မယ် မထင်ပါဘူး၊ နည်းနည်းပါးပါး ပျော်ရုံပါးရုံလောက်ပဲ ဖြစ်ချင်ဖြစ်မှာပါ”
“မပြောတတ်ဘူးလေ၊ ဒီကောင့်အကြောင်း မင်းလည်း သိသားပဲ၊ တစ်ခါတစ်ခါ စိတ်ကူးတည့်ရာ လျှောက်လုပ်တတ်တယ်ကွ”

သူတို့သုံးယောက်သည် သူငယ်ချင်းများ ဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ပြောမနာ ဆိုမနာ သိပ်ခင်ကြသည်။ အထက်တန်း ကျောင်းမှာ ကတည်းက တစ်ခုံတည်း အတူတူထိုင်ကြသည်။ တက္ကသိုလ် ရောက်၍ ဘာသာရပ်ခြင်း ကွဲပြားသွားသည့်တိုင် အားလပ် သည့် အချိန်တိုင်း တတွဲတွဲ ရှိနေမြဲ ဖြစ်သည်။ ဘွဲ့ရပြီး အလုပ်အကိုင် အဆင်မပြေမီ စပ်ကြားမှာ နေ့တိုင်းလိုလို တွေ့ကြသည်။ အလုပ်တွေရ၊ အိမ်ထောင်တွေ ကျပြီးတော့လည်း အရင်ကလောက် မဆုံဖြစ်တာတောင် တစ်ပတ်တစ်ရက်တော့ မဖြစ်ဖြစ်အောင် တွေ့ကြသည်။ ကလေးတွေ ရပြီးတော့မှ အတွေ့ကျဲသွားကြခြင်း ဖြစ်သည်။ ဒါတောင် အချိန်ရသလောက်မှာ တကူးတကန့် ဆုံပြီး တစ်နေ့လုံး တစ်ခါတလေ ညဥ့်နက်သန်းခေါင်အထိ စကားတွေ ထိုင်ပြောဖြစ်ကြသေးသည်။

တက္ကသိုလ်မှာတုန်းက ရည်းစား ရကြတော့လည်း ပြိုင်တူလိုလိုပင် ဖြစ်သည်။ အေးသိန်းက မြင့်မြင့်သောင်းကို လိုက်သည်။ ထိုအခါ ကျန်နှစ်ကောင်ကလည်း အားကျမခံဘဲ သန်းဝင်းက ခင်ခင်မော်ကို လည်းကောင်း၊ စန်းအောင်က မူမူလင်းကို လည်းကောင်း ကြံစည်ကြိုးစားကြ လေတော့သည်။

သုံးယောက်စလုံးမှာ ခပ်သည်းသည်းသမားတွေ ဖြစ်သည်။ မိန်းကလေးတို့၏ အချစ်ကိုရရန် အပြင်းအထန် ကြိုးစားကြသည်။ ရပြီး တော့လည်း ဘေးလူတွေ အမြင်ကတ်စရာ ကောင်းလောက်အောင် ဂရုစိုက်ကြသည်။ အေးသိန်းက အကဲဆုံးဖြစ်သည်။ မြင့်မြင့်သောင်း ကို စလိုက်သည့်နေ့က စပြီး နေ့တိုင်း စာတစ်စောင် တစ်စောင် ပေးသည်။ ကြာတော့လည်း ဘာရေးရမှန်း မသိတော့။ ဥပမာပေးပြီး တင်စားစရာလည်း ကုန်ပြီ။ ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက် ခံစားနေရကြောင်းတွေလည်း ထပ်နေပြီ။ ဒီတော့ သူငယ်ချင်း တွေဆီ အကူအညီ တောင်းရသည်။ သန်းဝင်းနှင့် စန်းအောင်တို့က စာတစ်စောင်လျှင် လက်ဖက်ရည် တစ်ခွက်နှုန်းဖြင့် တစ်လှည့်စီ ရေးပေးကြသည်။

အမှန်မှာ ဟိုနှစ်ကောင် လူလည်ကျခြင်း ဖြစ်သည်။ သူတို့၏ ကောင်မလေးတွေဖြစ်သော ခင်ခင်မော်နှင့် မူမူလင်းတို့ဆီ ရေးသော စာများ၏ မိတ္တူကို အေးသိန်းအား ပေးပြီး အကြံအဖန် လုပ်ခြင်းပင်။

အေးသိန်း၏ စိတ်ကူးကား မြင့်မြင့်သောင်း အနေဖြင့် သူ့တစ်ယောက်တည်း အပေါ်မှာသာ အာရုံစူးစိုက်မှု ရှိနေစေရန် နေ့စဉ် စာတစ်စောင်ကျ ပေးနေခြင်း ဖြစ်သည်။ သို့ရာတွင် မြင့်မြင့်သောင်းက သူထင်သလို မဟုတ်။ တစ်နေ့ စာတစ်စောင်ပေး၊ နားပူနားဆာ လုပ်သဖြင့် အနှောင့်အယှက် ပေးသည်ဟု ထင်သည်။ ထို့ကြောင့် တစ်ခါတွင် “ရှင့်ကို လုံးဝစိတ်မဝင်စားဘူး” ဟု ပြောလွှတ်လိုက်သည်။

အေးသိန်းသည် သူငယ်ချင်း နှစ်ယောက်ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုရှာလေတော့သတည်း။

စန်းအောင်နှင့် သန်းဝင်းတို့က ထိုသတင်းကို မြင့်မြင့်သောင်းဆီ ရောက်အောင်ပို့သည်။ နည်းနည်း ပိုပိုသာသာကလေး လုပ်လွှတ် လိုက်၏။ ထိုအခါ မြင့်မြင့်သောင်းကလည်း ငါမကယ် သေဖွယ်ရာသာ ရှိတော့သည် ဆိုပြီး အေးသိန်း၏ အချစ်ကို လက်ခံလိုက် လေသည်။

ချစ်သူဘဝရောက်ပြီ ဆိုတော့လည်း အေးသိန်းက သူများထက် ပိုကဲသည်။ ကဲသည် ဆိုရာတွင် အကြင်နာ အယုအယ ကိုသာ ဆိုလိုခြင်း ဖြစ်၏။ သူ မြင့်မြင့်သောင်းအပေါ် ချစ်သည့် အချစ်သည် ရိုးသားသန့်စင်ကြောင်း ပြသည့်အနေဖြင့် နှစ်ယောက်အတူ ထိုင်သောအခါ ကပ်မထိုင်၊ တစ်ထွာလောက် ခွာပြီး ထိုင်သည်။ နှုတ်ခမ်း မဆိုထားနှင့်၊ ပါးကို နမ်းလျှင်ပင် ရိုင်းသည် ဆိုပြီး ဆံပင်ကလေးကိုသာ နမ်းသည်။ မြင့်မြင့်သောင်း လမ်းလျှောက်သွားလျှင် နောက်ကနေ ဘယ်တော့မှမကြည့်။ သူ၏ သန့်ရှင်းဖြူစင်သော အချစ် ညစ်ညမ်းသွားမှာ စိုးသောကြောင့် ဟူ၏။

လက်ထပ်ပြီးကြသော အခါမှာလည်း ဒီကောင် တော်တော်ပိုသည်။ မိန်းမကို ဈေးလွှတ်လျှင် သူများတွေ ဝိုင်းကြည့်မှာစိုးလို့ ဆိုပြီး သူကိုယ်တိုင် ဈေးသွားသည်။ ခြေမွှေးလက်မွှေး မီးလောင်မှာစိုးလို့ ဆိုပြီး သူကိုယ်တိုင် ထမင်းချက်သည်။ သားဦးကလေး မွေးသောအခါတွင် မြင့်မြင့်သောင်း တစ်ကိုယ်လုံး သူကိုယ်တိုင် နနွင်းလိမ်းပေးသည့်အကြောင်း သတင်းစာထဲ မထည့်ရုံတမည် လျှောက်ကြွားသည်။

ဒီလောက် မိန်းမကိုချစ်ပြီး ကြင်နာယုယသူတစ်ယောက်က အပြင်မှာ ရှုပ်ရှုပ်ပွေပွေ လုပ်ဖို့ ကြံစည်နေသည် ဆိုသော စကားကို သန်းဝင်းက မယုံနိုင်အောင် ဖြစ်နေသည်။ စန်းအောင်သည် သူ့ထုံးစံအတိုင်း တစ်ခါတစ်ခါ အစိုးရိမ်ကြီးတတ်တာမျိုး ဖြစ်မှာပါဟု သန်းဝင်း တွက်လိုက်သည်။

လက်ဖက်ရည်ဆိုင်သို့ အေးသိန်း ရောက်သောအခါမှာတော့ စန်းအောင်ပြောတာ ဟုတ်များနေမလားဟု သန်းဝင်း ထင်လိုက်မိပြန်သည်။ အကြောင်းမှာ ခါတိုင်း ခပ်စုတ်စုတ် နုပ်နုပ် နေလေ့ရှိသော အေးသိန်းမှာ တော်တော် သားသားနားနား ဖြစ်နေသည်ကို တွေ့ရသောကြောင့်ပင်။ နိုင်ငံခြားဖြစ် အကောင်းစား စပို့ရှပ်၊ ဝက်ဝံ တက်ထရက် ပုဆိုးတို့ကို ဝတ်ပြီး ကတ္တီပါဖိနပ် အသစ်စက်စက် စီးထားသည်။ လက်မှာက စီကိုကွပ်ဇ် နာရီနှင့်။ ပြီးတော့ မျက်နှာကလည်း စနိုးလို၊ နေဗီးယာခရင်လို ဟာမျိုး လိမ်းထားသည် ထင်၏။

သူ စားပွဲမှာ ဝင်ထိုင်လိုက်သောအခါ ရေမွှေးနံ့ သင်းခနဲ ထွက်လာသည်။ စန်းအောင်က သန်းဝင်းကို “ငါပြောတယ် မဟုတ်လား” ဆိုသော အကြည့်ဖြင့် ကြည့်သည်။

သန်းဝင်းက..
“မင်း တယ်သားနားနေပါလား
ဟု ပြော၏။ အေးသိန်းက..
“ဒီလိုပေါ့ကွာ”
“မင်း ငါတို့ကို ပြောစရာရှိတယ် ဆိုပြီး ချိန်းတာ ဘာအတွက်လဲ”
“ပြောမှာပေါ့ကွာ.. ဖြည်းဖြည်းပေါ့”
ဆိုပြီး အေးသိန်းက နက်စ်ကော်ဖီ တစ်ခွက် မှာလိုက်သည်။ ဒူးယားဘူးနှင့် ဂက်စ်မီးခြစ်ကို စားပွဲပေါ် တင်သည်။ ပြီးမှ....
“ငါ မင်းတို့ကို တိုင်ပင်စရာရှိလို့”
“ဘာကိစ္စလဲ”
“အိမ်ထောင်ရေး ဆိုပါတော့ကွာ”

သူဆက်ပြောဖို့ ခက်နေပုံရသည်။ နက်စ်ကော်ဖီ တစ်ငုံနှစ်ငုံ သောက်ပြီး ဒူးယားတစ်လိပ် မီးညှိသည်။ သန်းဝင်းက မစောင့်နိုင်တော့ဘဲ ဝင်မေးသည်။

“မင်းနဲ့ မြင့်မြင့်သောင်း ဘာတွေ ပြဿနာ တက်နေလို့လဲ”
“ပြဿနာရယ်လို့ မဟုတ်ပါဘူး၊ အင်း.. ပြောရမှာ ခက်တော့ အခက်သားပဲ”
စန်းအောင် စိတ်မရှည်တော့ဘဲ....
“ဒီမှာ အေးသိန်း.. ငါတို့သုံးယောက်ဟာ ငယ်ငယ်ကတည်းက တွဲလာတဲ့ သူငယ်ချင်းတွေပဲ၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်၊ အခက်အခဲ ရှိတာ ဝိုင်းပြီး အဖြေရှာကြရုံပဲ”
ဟု ပြောလိုက်တော့မှ အေးသိန်းက စကားဆက်သည်။
“ဒီလိုကွာ.. ခုနောက်ပိုင်း ငါ့မိန်းမ ဘယ်လိုဖြစ်နေတယ် ဆိုတာ မင်းတို့သိတယ် မဟုတ်လား”
“ဘာဖြစ်လို့လဲ.. ဘာမှ မဖြစ်ပါဘူး”
သန်းဝင်းက ဝင်ပြောသည်။ အေးသိန်းက ခေါင်းခါပြီး....
“စိတ်ပိုင်း ဆိုင်ရာကတော့ ဘာမှမဖြစ်ပါဘူး၊ ရုပ်ပိုင်း ဆိုင်ရာကတော့ တော်တော်ကို ကျသွားတယ်”

ကျန်နှစ်ယောက်က ဘာမျှမပြောကြသော်လည်း စိတ်ထဲကတော့ အေးသိန်းစကားကို ထောက်ခံမိသည်။ မြင့်မြင့်သောင်းသည် ကျောင်းမှာတုန်းကတော့ အချောအလှ စာရင်းဝင် တစ်ယောက် ဖြစ်သည်။ အေးသိန်းက နုထွားကြီးမို့ ရှုတိုင်းယဉ်ဟု တင်စားတတ်သည်။ ကလေးတစ်ယောက် ရပြီးကတည်းက သူ့ကိုယ်သူ မိန်းမကြီး တစ်ယောက်ပုံ ဖမ်းလာသည်။ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်တော့။ ပြင်ဆင်ခြယ်သမှုလည်း မရှိတော့ဘဲ ဖြစ်သလို နေနေသဖြင့် ခုအခါ အသက်သုံးဆယ် ပြည့်ရုံသာ ရှိသေးသော်လည်း လေးဆယ်အရွယ် မိန်းမကြီး တစ်ယောက်လို ဖြစ်နေသည်။

“အဲဒါ ဘာဖြစ်သလဲ”
ဟု စန်းအောင်က စကားထောက်သည်။
“ဘာဖြစ်ရမလဲကွာ၊ တစ်ခါတစ်ခါ သူ့ကိုငါ စိတ်ကုန်သလို ဖြစ်ဖြစ်လာတယ်”
“ဟာကွာ.... အစကတော့ မင်းပဲ သူ့ကို မရရရင် သေရပါတော့မယ် ဆိုပြီး ဖျပ်ဖျပ်လူး ဖြစ်နေပြီးတော့”
“အရင်ကဟာကို ထားပါကွာ”
“ထားလို့ ဘယ်ရမလဲ၊ လူဆိုတာ တဖြည်းဖြည်း အသက်ကြီးလာရတာပဲ၊ ရွှေရုပ်ကလေး တစ်ရုပ်လိုတော့ အမြဲတမ်း ပျိုမျစ်နုနယ်နေပါ့မလား”
သန်းဝင်းက ပြောရာ စန်းအောင်က ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြီး..
“မင်း သူ့ကို မချစ်တော့ဘူးလား”
ဟု မေးသည်။ အေးသိန်းက..
“မချစ်တော့ဘူး ရယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ၊ စိတ်ဝင်စားမှု လျော့နည်းလာတာကို ပြောတာ”
“အဓိပ္ပာယ် မရှိတာ၊ ဒါ မင်း ဖောက်ပြန်ချင်တာပဲ”
အေးသိန်းက ပြုံး၍....
“မင်းတို့က ငါ့ကိုသာ အပြစ်ပြောချင် နေတာကိုး၊ မင်းတို့ကော.... မင်းတို့ မိန်းမတွေ အပေါ်မှာ အရင်ကလောက် စွဲလန်းတပ်မက်မှု ရှိသေးရဲ့လား”

သန်းဝင်းနှင့် စန်းအောင် တွေသွားသည်။

သန်းဝင်း၏ မိန်းမ ခင်ခင်မော်သည် အပျိုတုန်းက သွယ်သွယ်ကလေး ဖြစ်သည်။ ငါးရံ့ကိုယ်လုံး မဟုတ်သည့်တိုင် ငါးပနော်ကိုယ်လုံးမျိုး လောက်တော့ ရှိသည်။ မျက်နှာကလေးက ချစ်စရာလေး။ နောက်ပိုင်းကျတော့ မီးယပ်ရောဂါလိုလို ဘာလိုလိုဖြစ်ပြီး ငါးဖောင်ရိုးခြောက် ကို ကျပ်တင်ထားသလို ဖြစ်နေသည်။

စန်းအောင်သည် သူ့မိန်းမ မူမူလင်း၏ ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်ပုံကို အလွန်ဂုဏ်ယူသူ ဖြစ်သည်။ အပျိုတုန်းက ခါးသေးသေး တင်ကားကားနှင့် ကြည့်ကောင်းလှသည်။ ကလေးတစ်ယောက် ရပြီးကတည်းက တဖြည်းဖြည်း ပေါင်ချိန်တွေ တိုးလာခဲ့ရာ ခုအခါတွင် သူငယ်ချင်းတွေက “ဝက်ပုပ်ကို လေထိုးထားသလိုပဲ” ဟု အမနာပ ပြောဆိုခြင်းကို ခံနေရလေပြီ။

သန်းဝင်းနှင့် စန်းအောင် သူတို့မိန်းမများ၏ လက်ရှိ အခြေအနေများကို မြင်ယောင်ရင်း ငေးငိုင်နေကြသည်ကို ကြည့်၍ အေးသိန်းက ခပ်သဲ့သဲ့ရယ်ပြီး....
“ဘယ်လိုလဲ ဟေ့ကောင်တွေ.... ငါပြောတာ ဟုတ်တယ် မဟုတ်လား၊ မင်းတို့လည်း ငါ့လိုပဲ မင်းတို့ မိန်းမတွေ အပေါ်မှာ စိတ်ကုန်သလို ဖြစ်နေတယ် မဟုတ်လား”
“မဆိုင်ပါဘူးကွာ.. အပျိုတုန်းကလိုတော့ ဘယ်ဟုတ်တော့မလဲ”
ဟု သန်းဝင်းက အကြောက်အကန် ငြင်းသည်။ လေသံကတော့ သိပ်တက်တက်ကြွကြွ မရှိတော့။
စန်းအောင်က အေးသိန်းကို ခပ်တည်တည် ကြည့်ပြီး....
“ဘာလဲ.. ဟေ့ကောင်၊ မင်းက ငါတို့ကို မယားငယ်ယူဖို့ လာစည်းရုံး နေတာလား”
“ဟာ.... ဒီလောက်တော့ မဟုတ်သေးပါဘူးလေ”
သန်းဝင်းကလည်း....
“ဒါဖြင့် အပြင်မှာ အပျော်အပါး လိုက်စားဖို့ ဆွယ်နေတာလား၊ ငါတော့ အဲဒါတွေ လုံးဝ ဝါသနာ မပါဘူး၊ ဒီလိုကိစ္စ ဆိုတာ ငွေကုန်ကြေးကျ ခံနိုင်မှ၊ ပြီးတော့ ကျန်းမာရေးလည်း ထိခိုက်တယ်၊ အခုဖြစ်နေတဲ့ ရောဂါက ကူးပြီဆိုရင် ကုလို့မရဘူး”
အေးသိန်းက လက်ဖျောက်တစ်ချက်တီး၍..
“ဟုတ်ပြီ.. ဒီတော့ ငါတို့ ဘာလုပ်စရာ ရှိတော့လဲ၊ ကိုယ့်မိန်းမတွေ ဆီကိုပဲ ပြန်လှည့်ကြရတော့မှာ မဟုတ်လား၊ ခက်တာက ငါတို့မိန်းမတွေကလည်း အရင်ကလို မက်မောစရာ မကောင်းလှတော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ”
“ဘာတတ်နိုင်မှာလဲကွာ
ဟု ကျန်နှစ်ယောက်က လေပျော့ကလေးတွေဖြင့် ပြောသည်။ အေးသိန်းက....
“ငါ အကြံတစ်ခု ရထားတယ်ကွ၊ တကယ်လို့ ငါတို့ မယားငယ် ယူမယ်၊ အပျော်အပါး လိုက်စားမယ်ဆိုရင် အန္တရာယ်လည်း မကင်းဘူး၊ ငွေလည်းကုန်မယ်၊ ဒီတော့ ဒီလိုလုပ်ကြရင် မကောင်းဘူးလား”

စန်းအောင်နှင့် သန်းဝင်း ခေါင်းထောင်ကြည့်သည်။ အေးသိန်းက ဆက်ပြော၏။
“တခြားမှာ အပျော်အပါး လိုက်စားလို့ ကုန်မယ့်ငွေတွေကို ကိုယ့်မိန်းမတွေအတွက် ပြန်သုံးမယ်ကွာ၊ သူတို့တွေကို ပြန်ပြီး နုပျိုလာအောင် ကြိုးစားကြည့်ရအောင်၊ ငါတို့အတွက် ငါတို့မိန်းမတွေသာလျှင် အသင့်တော်ဆုံး မဟုတ်လားကွ၊ အဲဒါကို တိုင်ပင်ချင်လို့ မင်းတို့ကို ချိန်းတာပဲ”
စန်းအောင်နှင့် သန်းဝင်းတို့သည် စဉ်းစားသလို လုပ်နေရာမှ တဖြည်းဖြည်း ပြုံးလာသည်။
“ကောင်းတယ်ကွ”
ဟူ၍ ပြိုင်တူပြောသည်။

ထိုနေ့မှစ၍....
အေးသိန်းသည် မြင့်မြင့်သောင်းကို အဝတ်အစားအသစ်တွေ ဝယ်ပေးသည်။ ဆံပင် ကောက်ခိုင်းသည်။ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေ ခြယ်သခိုင်းသည်။

သန်းဝင်းက ခင်ခင်မော်ကို အားဆေးတွေ ကျွေးသည်။ ကြက်ဥတွေ၊ နွားနို့တွေ၊ အသီးအနှံတွေ အာဟာရဖြစ်အောင် ကျွေးသည်။ ရေမြှုပ်ခံထားသော ဘရာစီယာ၊ အောက်ခံဘောင်းဘီတို့ဖြင့် ကျားကန်ပေးသည်။

စန်းအောင်က မူမူလင်းအတွက် ကော့ဆက် ဗိုက်ချပ်ဘောင်းဘီ၊ ပိန်ဆေး စသည်တို့ ဝယ်ပေးသည်။ ကိုယ်ကာယ အလှသင်တန်း တက်ခိုင်းသည်။

ယင်းတို့အတွက် ကုန်ကျငွေများကို “အချစ် ပြန်လည်မွမ်းမံရေး အထူးအရေးပေါ် ရန်ပုံငွေ” ဟု ခေါ်ကြလေသည်။

မင်းလူ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။