contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဆောင်း
Chapter 1
နေမျိုး

ဆောင်းကို ရောက်ပြီလား။ မနက်မိုးလင်းပြီလား။ ငါ အိပ်နေမည်၊ ငါ့ကို မနှိုးကြနှင့်။ ငါ့အခန်းတံခါးကို ဘယ်သူမှ မဖွင့်ကြနှင့်၊ ငါ အိပ်နေနေမည်။ အပြင်မှာ နှင်းတွေ ကျလာပြီလား။ ငါ အေးသည်။ ငါ ချမ်းသည်။ ငါ ခြုံထားသည်မှာ အပေါက်ကလေးတစ်ခုပါသော စောင်အဟောင်းတစ်ထည်ဖြစ်သည်။ ငါ စောင်ခြုံထားသဖြင့် နွေးနေသည်။ သို့ရာတွင် ငါခြုံထားသော စောင်မှာ အပေါက်ပါနေသဖြင့် အေးစိမ့်မှုတို့ ဝင်ရောက်လာ၏။ ငါ နွေးနေသည်။ ငါ အေးနေသည်။ ငါ နေမြင့် မွန်းတည့်သည်အထိ အိပ်နေမည်။ ငါ ဘာကိုမျှ မစဉ်းစား။ ငါ ဘာကိုမျှ မတွေးတော၊ ငါ ဘာကိုမျှ မကြောင့်ကြ။ ငါ အိပ်နေမည်။ ဆောင်းကို ရောက်ပြီလား။ ငါ နှစ်သက်ခဲ့ဖူးတာက အပြာရောင် နှင်းမှုန်ထုကြီး ဖြစ်သည်။ နှင်းထုကြီးကို ခွေးကလေးတစ်ကောင်နှင့်အတူ ငါ လျှောက်သွားချင်သည်။ လမ်းများရဲ့အဆုံးထိ။ သို့သော် အခုမူ ငါ အိပ်နေမည်။ ငါ့ကို ဘယ်သူမှ မနှိုးကြနှင့်။ ငါတို့အိမ်နောက်ဘက်မှ မီးရထားသံလမ်းမှာ မီးရထားတစ်စီး ခုတ်မောင်းသွားပြီ လား။ အခု ဘယ်နှစ်နာရီ ထိုးပြီလဲ။ ငါ့ကို ပြောပြစရာမလို။ ငါ အိပ်စက်နေမည်။ ငါတို့မြို့ရဲ့ မိုးကောင်းကင်ထက်မှာ နှင်းမှုန်ထုကြီး ရောက်ရှိလာပြီလား။ ရထားဥဩသံတွေ မြည်လာပြန်ပြီလား။ ယာဉ်ထိန်းရဲတွေက လူသူရှင်းလင်းတဲ့ လမ်းမကြီးမှာ ရပ်နေကြဆဲလား။ ဆောင်းတွင်းကြီးတစ်ညသာ ရေခဲမုန့်ဆိုင်ရှေ့က ငါဖြတ်သွားခဲ့စဉ် ဆိုင်ထဲမှာ လူသူ ရှင်းလင်းနေသည်။ ရေခဲမုန့်ဆိုင်ထဲမှာ တစ်ယောက်တည်း ထိုင်နေသူမှာ ဘယ်သူလဲ။ ထိုစဉ်က အေးစက်သောလမ်းမကြီးကို ငါ ရေခဲမုန့်ဆိုင်ရှေ့မှ ခပ်သုတ်သုတ် လျှောက်သွားခဲ့ဖူးသည်။ ညအမှောင်မီးပွိုင့်မှာ ယာဉ်ထိန်းရဲတွေက အနီရောင် မီးအလင်းချောင်းကို ကိုင်၍ ရပ်နေကြသည်။ အခုတော့ ငါ အိပ်နေဦးမည်။ မည်သူမျှ ငါ့ကို မနှိုးကြနှင့်။ ငါ့အခန်းတံခါးကို မည်သူမျှ လာမခေါက်ကြနှင့်။ ငါ အိပ်နေမည်။ ငါတို့မြို့ကလေးသည် နှင်းမှုန်ထုအောက်မှ ဆောင်းရာသီရောက်တိုင်း အေးစက်လာလေ့ရှိသည်။ ငါ့မှာ ခွေးကလေးတစ်ကောင် ရှိလျှင် သူ့ကိုပေးမည့် အမည်မှာ " ဘော်ဘီ " ဖြစ်သည်။ ငါ၏ ကုတ်အင်္ကျီအဟောင်းကြီးကို အခန်းထဲမှာ ချိတ်ဆွဲထား၏။ ငါ၏ ကုတ်အင်္ကျီအဟောင်းကြီးမှာ အဟောင်းဆိုင်မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ငါ၏ ကုတ်အင်္ကျီအဟောင်းကြီးမှာ အောက်သိုးသိုးအနံ့ ထွက်နေသည်မှအပ ငါ့ကို လုံခြံစေ ပါသည်။ ငါသည် ဆောင်းရာသီရောက်တိုင်း အပြင်ထွက်လျှင် ကုတ်အင်္ကျီအဟောင်းကြီးကို ဝတ်ဆင်မြဲ ဖြစ်သည်။ သို့ရာတွင် ယခုမူ ငါ အိပ်နေဦးမည်။ ဆောင်းရက်များသည် ညတာ ရှည်လျား၏။ သို့ရာတွင် ထိုရှည်လျားသော ညတာများကို ငါသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံး ခဲ့ပြီ။ ငါ့အနီးတွင် ကုတ်အင်္ကျီအဟောင်းကြီး ရှိ၏။ ထို့အတွက် ငါကျေနပ်သည်။ ငါတို့မြို့က လမ်းမများသည် ဆောင်းရက်များ သို့ ရောက်လာလျှင် ညနေစောင်းသည်နှင့် လူသူ ရှင်းလင်းသွားတော့သည်။ ယနေ့အဖို့ ကြာမြင့်စွာ ငါ အိပ်စက်မည်။ ငါ့အိမ်နှင့် မလှမ်းမကမ်းတွင်ရှိသော ရဲစခန်းမှ နာရီမှတ် အချက်ပေးသံချောင်းခေါက်သံကို တစ်ခါတရံ ကြားရတတ်၏။ ယခုမူ အားလုံး တိတ်ဆိတ် နေသည်။ ငါ ခြုံထားသော စောင်မှ ငါ၏ ကိုယ်နံ့ကို ရ၏။ ကိစ္စမရှိ ၊ ဤအဖြစ်အပျက်မှာ ရိုးနေပေပြီ။ ငါ အိပ်ပျော်သွားချိန်တွင် ငါ့ခန္ဓာ ကိုယ်ထက်၌ ရှိနေသော ဤစောင်ကို ကျေးဇူးတင်မိပါ၏။ သတင်းစာပို့သမားသည် ငါ့အခန်းသို့လာ၍ သတင်းစာပို့လိမ့်မည်။ ငါ မဖတ်။ သတင်းစာများကို ငါ မဖတ်ဘဲ ထားခဲ့သည်။ ရက်အတန်ကြာပြီ။ အဖြစ်အပျက်အကြီးကြီးတစ်ခုသည် တစ်နေရာ၌ ဖြစ်ပျက်ကောင်း ဖြစ်ပျက်နေလိမ့်မည်။ လမ်းမများထက်မှာ လူတချို့ အေးအေးလူလူပင် ဖြတ်သန်းသွားနေကြလိမ့်မည်။ " ဘော်ဘီ "သည် ငါ့ကို လိုက်ရှာနေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါ အိပ်စက်နေဦးမည်။ ဆောင်းရက်များကို ဤနည်းဖြင့် ဖြတ်သန်းခြင်းမှာ ငါ့အတွက် ပို၍ ကောင်းမွန်ပါသည်။ နက်မှောင်သော ကတ္တရာလမ်းမကြီး အေးစက်နေပုံကို ငါ အမှတ်ရသည်။ မော်တော်ကားတစ်စီး ဟိုအဝေးကြီး အမှောင်ထဲသို့ တိုးဝင်သွားနေပုံကို ငါ အမှတ်ရသည်။ ဆောင်းတွင်းကြီး လူသူရှင်းလင်းတိတ်ဆိတ်နေသော ရေခဲမုန့်ဆိုင်ထဲမှာ တစ်ယောက်တည်း ထိုင်နေသောသူကို အမှတ်ရသည်။ အပြာရောင် နှင်းထုကြီးထဲမှာ မြင်ကွင်းတွေအားလုံး မှုန်မှိုင်းသွားပုံကို ငါ အမှတ်ရသည်။ ငါ့အနေနှင့် အဖြစ်အပျက်များ၊ အကြောင်းအရာများကို မေ့သွားလိုလျှင် အခန်းထဲမှာရှိသော အေးစက်စက် ရေတစ်ခွက် ကို သောက်၍ နှစ်ခြိုက်စွာ အိပ်စက်နေလိုက်ရုံသာဖြစ်သည်။ တိတ်ဆိတ်ခြင်းသည် အေးစက်၍ အေးစက်မှုထဲ၌ ငါ လဲလျောင်းသည်။ ယခု နံနက်ခင်းလား၊ ယခု ညနေခင်းလား။ ငါ့အတွက် ဘာမျှအရေးမကြီး၊ ငါ အိပ်စက်နေဖို့သာဖြစ်သည်။ ရံဖန်ရံခါ အဝေးမှ အသံဗလံအချို့ကို ငါကြားရ၏။ ငါ နိုးလာလျှင် မျက်စိမှိတ်၍ လဲလျောင်းနေလျှင် ငါ အိပ်ပျော်သွားမည်သာ ဖြစ်သည်။ အဝေးမှာ မီးရထားတစ်စင်း ခုတ်မောင်းလာသံကို ကြားရမိသလိုလိုရှိသည်။ ညထဲ၌ မီးရထားများ ခုတ်မောင်းလာလေ့မရှိ။ ယခု ငါကြားနေရသော အသံမှာ မီးရထားတစ်စင်း ခုတ်မောင်းသံနှင့် ဆင်ဆင်တူသည်။ ငါ့အနေနှင့် အိပ်စက်ခြင်းက အသင့်လျော်ဆုံးဖြစ်သည်။ မင်းက စက်ရုပ်ဆိုတော့ အသက်ရှူစရာ မလိုဘူး။ ငါ ကြည့်ခဲ့ဖူးသော ရုပ်သံဇာတ်လမ်းတစ်ခုထဲမှာ စကားပြောခန်းတစ်ခန်းကို ငါ အမှတ်ရသည်။ နောက်ထပ် ငါ မှတ်မိနေသော ပြကွက်တစ်ခုမှာ လူတစ်ယောက်၏ လက်ဖျံကို အခြားတစ်ယောက်က မီးခြစ်ဆံဖြင့် ခြစ်လိုက်ရာ ရှဲခနဲ မြည်ပြီး မီးတောက်ထွက်ပေါ်လာပုံ ဖြစ်ပေသည်။ သူတို့ စီးကရက် သောက်ကြသည်။ ငါ့ အမှတ်ရချက်များက ငါ၏ နေထိုင်မှုကို ငြိမ်သက်စေသည်။ အကောင်းဆုံးမှာ ငါ အိပ်စက်နေခြင်းဖြစ်သည်။ ငါ့ပြတင်းပေါက်များက တိတ်ဆိတ်နေ၏။ ငါ့အခန်းထဲက ကုတ်အင်္ကျီကြီးမှာ သူ့ဘာသာသူ ငြိမ်သက်နေသည်။ ယနေ့ အအေးဓာတ်ကိုရ၏။ ထို့ကြောင့် ငါ အေးသည်။ ငါ ချမ်းသည်။ ငြိမ်သက်ခြင်းက ငါ့ကို တောင့်တင်းသွားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် အိပ်ပျော်နေသောသူတစ်ယောက် ဖြစ်သော ကြောင့် ဖြစ်သည်။ နှင်းများက အပြာရောင်ဖြစ်သည်။ ကတ္တရာလမ်းမက အနက်ရောင်ဖြစ်သည်။ ကြယ်များက အဖြူရောင်ဖြစ်သည်။ " ဘော်ဘီ "ရောက်လာလျှင် ငါ့ကို နှိုးကြပါ။

နေမျိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။