Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အလွမ်းနှင့် ရေးသော ပြဇာတ်
Chapter 1
မနော်ဟရီ

ယနေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။ သို့တိုင်လျက်..ကျွန်မက သေဆုံးရန် အသင့်ရှိမနေသေးသည့်အတွက် ခွင့်လွှတ်ပါချစ်သူ..။ တစ်နေကုန်တနေခမ်း စိုက်ပျိုးထားသော ဖြူစင်ခြင်းပျိုးပင်များ၊ ရိတ်သိမ်းသူမဲ့ဖြစ်နေသည်။ ခွင့်လွှတ်ပါ..Christina Rosette.. သင့်“သီချင်း”အား ကျွန်မကိုသီဆိုခွင့်ပြုပါ။ ယနေ့သည် ချစ်သူမွေးဖွားခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ကျွန်မထွက်ခွာသွားသည့်အခါ.. နှင်းဆီပင်များ မစိုက်ပျိုးရန်မှာခဲ့ချင်ပါသည်။

ယနေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။ ပြက္ခဒိန်တွင် အထင်ကရ ပါဝင်မနေသော နေ့တစ်နေ့လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ထိုနေ့သည် မိုးနေ့တစ်နေ့ မဟုတ်ပါပဲလျက် စွတ်စိုနေခဲ့သည်ကိုတော့ ကျွန်မတစ်ယောက်တည်း သိပါသည် နေရောင်ခြည်တချို့ကို ကြိုတင်ခူးဆွတ် သိမ်းဆည်းမထားမိသည့်အတွက် ခွင့်လွှတ်ပါချစ်သူ။ နံနက်ခင်း နေ့သစ်၏အစမှာပင် ကျွန်မ ထုဆစ်ရေးချယ်ထားခဲ့သော ချစ်ခြင်း၏ သင်္ကေတများ လူးလာခေါက်တုံ့ နှင့်ရင်ခုန်လှုပ်ရှားနေခဲ့ကြသည်။ ခုခါမှတော့..သူတို့လည်း ခြေကုန်လက်ပမ်းကျကာ နားလည်ရ ခက်နေပေလိမ့်မည်။ ခန့်မှန်းတွက်ဆ၍ မရသောအရာများထဲတွင် “ကံကြမ္မာ”ဟု နာမည်လှလှလေးတတ်ထားသော ဇာတ်ညွှန်းများ ပါသည်။ ထိုဇာတ်ညွှန်းတွင် ကျွန်မသည်ဇာတ်ရံအဖြစ် လွမ်းရလိမ့်မည်ဟု ဘုရားသခင်က ချစ်ခြင်းအားဖြင့်ကြို မပြောထားခဲ့ပေ။ ထိုချစ်ခြင်းအားဖြင့်ပင် ကျွန်မအသက်ရှင်လျက် ရှိနေသေးသည်။ Praise the Lord, Amen.

“မောရူးဆိုး”ရေးသားခဲ့သည့် “မွေးနေ့”ဆိုသည့် ကဗျာလေးတစ်ပုဒ်ကို လက်ဆောင်အဖြစ် ပေးချင်နေမိသည်။ သို့သော်.. နာရီလက်တံ များက ကျွန်မကို သစ္စာဖောက်သွားခဲ့ကြသည်။ ပျော်စရာမကောင်းသော အရောင်များပါဝင်သည့် ပန်းချီကားတစ်ချပ်ကို စိတ်လိုလက်ရ သီဆိုရေးစပ်ခွင့်သည် ကျွန်မနှင့်မှတိတိပပသက်ဆိုင်သည်တဲ့လား။ ချောက်ကမ်းပါးများကို ကပ်မလျှောက်ခဲ့ပါပဲလျက် မတော်တဆ လေးနက် သိမ်မွေ့သွားသော ကံတရားသည်“ချစ်ခြင်း”ဖြစ်နေခဲ့သည်။

ယနေ့သည် ချစ်သူကိုမွေးဖွားခဲ့သော နေ့တစ်နေ့ ဖြစ်သည်ဟုဆိုသည်။ လူတို့၏ စိတ်ကူးစိတ်သန်းများနှင့် ယက်လုပ်ထားသော တာရှည်ခံအိပ်မက်များသည်အဆိပ်သင့်နေကြောင်း ကျွန်မကိုယ်ကျွန်မ သတိမပေးရသေးပါ။ ခံနိုင်ရည်မရှိသော ညများစွာကို မွေးဖွား ပေးသော ဖန်ဆင်းရှင်သည် အဘယ်သူနည်း။ ကျွန်မသည် ကျွန်မနန်းတော်၏ နောက်ဆုံးဘုရင်မဖြစ်သည်။ နောက်ထပ်ပွင့်စရာ ပန်းမရှိတော့သလို ဖြစ်ရန် စစ်ပွဲများလည်းမရှိတော့ပါ..။

ချစ်သူကိုမွေးဖွားခဲ့သည့်နေ့က စစ်ပွဲတစ်ပွဲတစ်လေများ ဖြစ်ပွားခဲ့ဘူးသလား။ မသေချာပါ။ ထို့ကြောင့် မသေချာမှုများစွာကို မှုတ်သိမ်း ငြိမ်းသတ်ပစ်လိုက်ကာ.. သေချာသည့် “ချစ်ခြင်း”တစ်ခုတည်းကိုသာ ချန်ထားခဲ့လိုက်သည်။ ချစ်သူကို ပူစော်ပသရန်ဖြစ်သည်။

ဤမွေးနေ့မှသည် ချစ်သူ၏ရှေ့ဆက်အနာဂါတ်သည် ရှင်သန်လိုသောလမ်းကြောင်းများစွာနှင့် မွှေးပျံ့နေခဲ့ပါစေ…။ခရမ်းရောင်သစ္စာပန်း တစ်ပွင့်၏ အတ္ထုပ္ပတ္တိသည် အလွမ်း…ဖြစ်သည်။ တစ်ချိန်ကတော့ ထိုအလွမ်းများကို ကျွန်မက မေ့လျော့နေခဲ့ဖူးသည်။ Haply I may remember, haply I may forget..

ဂန္ဓမာပန်းဝါ၀ါများ စွေးစွေးတောက် ဖူးပွင့်ရာနေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။ အပြာရောင် ဥဿဖယားပွင့်များနှင့် ခပ်ဆင်ဆင်တူသော ခံစားမှုများကို ဖြစ်တည်စေခဲ့သူ အရှင်…သခင်..။ သင့်အား ဂန္ဓမာပွင့်များနှင့် ပူစော်ခွင့်ပေးပါ။ နိုက်တင်းဂေးလ် ငှက်တစ်ကောင်၏ ငိုကြွေးပူဆွေးမှု ကဗျာတစ်စကို ယူဆောင်သွားခဲ့သော CG Rosette သင့်အား ကျွန်မကျေးဇူးမတင်ပါ။ ဒါဏ်ရာဒါဏ်ချက်များနှင့် ရုန်းထရန် ကြိုးစားနေသော မြက်ခင်းစိမ်းစိမ်းလေးတစ်ပွင့်.. ကျွန်မဦးခေါင်းထက်တွင် လန်းဆတ်စွာ တည်ရှိနေခဲ့သည်။

“ချစ်ခြင်းတွေက..ဆိတ်သုဉ်းသွားခဲ့တာလား..? ”။ နဂိုတည်းကထင်ယောင်ထင်မှားတည်ရှိခဲ့တာလား..။ အသေစောခဲ့သော ဟိုက်ဇင်းဘတ်သာရှိခဲ့လျင်ဖြေရှင်းပေးနိုင်လိမ့်မည်လား…။ မသေချာပါ..။ ခုတော့ ကမ္ဘာကြီး၏ အနာဂါတ်သည် ကျွန်မနှင့်အတူ ဘီးတပ်ကုလားထိုင်တစ်လုံးပေါ် ရောက်နေခဲ့ရသည်။ ကျွန်မကရော…ငြင်းဆန်တတ်မှုတွေကို ခဲရာခဲဆစ်မွေးမြူရင်း သေဆုံးနေခဲ့ ရသည်ပဲ..။ တဖြည်းဖြည်း နေမြင့်လာခြင်းနှင့်အတူ.. ကျွန်မ၏ရူးသွပ်မှုများကလည်း လူမသိသူမသိ မြင့်တက်လာခဲ့သည်။ မွေးနေ့ လက်ဆောင်အဖြစ် နားရွက်တစ်ဖက်ဖြတ်ပေးလိုက်ရန် စိတ်ကူးမရှိပါပဲလျက် ယဉ်ယဉ်လေးနှင့် ရူးသွပ်သွားခဲ့ရခြင်းဖြစ်သည်ကို သိလျင် ….. သင်ရင်ထုမနာ ဖြစ်နေလိမ့်မည်ဟု…ကျွန်မ မထင်ပါ။ အကြောင်းမှာ ကျွန်မသည် အဘယ်သူနှင့်မှမသက်ဆိုင်သော သက်ရှိဖြစ်ပြီး ကျွန်မသက်ဆိုင်ခဲ့သော တစ်ခုတည်းသော သက်ရှိသည်“ချစ်သူ”ဖြစ်သည်။

ယနေ့သည် ထိုတစ်ခုတည်းသော သက်ရှိချစ်သူ၏ မွေးနေ့ဖြစ်သည်။ ကျိမ်စာသင့်ထားသူတစ်ယောက်အလား ဆောင်းကန္တာရကို တစ်နေကုန် ဖြတ်ကူးလာခဲ့ရသည့်တိုင် ..ပန်းတိုင်ကမရှိ။ ကြုံရာအိုအေစစ်များကိုလည်း ကျွန်မက အယုံအကြည်မရှိပြန်..။ ထို့ကြောင့်.. လရောင်ဖြင့်ရောစပ်ထားသော ၀ိုင်တစ်ခွက်ကို မော့သောက်ပစ်လိုက်သည်။ သို့တိုင်လျက်…ကျွန်မက မူးယစ်မသွားပဲ ယစ်မူးကျန်နေခဲ့ သည်က အံ့သြစရာ..။

နေရောင်တချို့ တိမ်းပပျောက်ကွယ်သွားတော့မည့် နေ့သည် ချစ်သူ့မွေးနေ့ဖြစ်သည်။ လာရောက်ရန် မဖိတ်ခေါ်ပါပဲလျက် မျှော်လင့်နေမိခြင်သည်.. ရူးသွပ်မှုတစ်ခုမဟုတ်ပါ။ တိတ်ဆိတ်စွာနားလည်ခြင်းဖြစ်သည်။ ပန်းနုရောင်ဆန်သော နှင်းဆီပွင့်တချို့၏ ဖျားယောင်းတတ်သောရနံ့သည် ကျွန်မအတွက်တော့ သိပ်အသုံးအ၀င်လှပါ။ တဒင်္ဂဆိုသော အချိန်သည် သက္ကရာဇ်မည်မျှ ကြာညောင်းပါသနည်း။

ကမ္ဘာကြီး၏ တစ်ဖက်ခြမ်းက လင်းချင်းနေချိန်တွင် တစ်ဖက်ခြမ်းက မှောင်နေခဲ့လိမ့်မည်။ ယခု ကျွန်မ၏ ကမ္ဘာခြမ်း အမှောင်လွှမ်း တော့မည်။ ချစ်သူ၏နေ့ရက်များ လင်းချင်းတောက်ပနေခဲ့ပါစေ။ ကျွန်မ မဟုတ်သောတစ်စုံတစ်ယောက်နှင့် ရွတ်ဆိုသစ္စာပြုခဲ့ကြသည့် စကားသံများ ကျွန်မနှင့်ကမ္ဘာခြားနေခဲ့ပါစေ။ ဘ၀အဆက်ဆက် သံသရာအဆက်ဆက်ဆိုသော ကြိုးများအကြောင်း ကျွန်မ ကြိုးစား မေ့လျော့ထားလိုက်ပါမည်။ ကျွန်မက ချည်နှောင်မှုများကို မလိုလားခဲ့သူပါ။ သို့တိုင်လျက် အချည်ခံချင်သော ကြိုးလေးတစ်စတော့ ရှိနေခဲ့သည်။ ထိုကြိုးကလေး၏ မွေးနေ့သည် ဒီနေ့ဖြစ်သည်။ မပြီးဆုံးသေးပါ။ And if thou wilt remember, and if thou wilt forget…

ငြိမ်းအေးခြင်း၏ အစစ်အမှန်တရားသည် ချစ်ခြင်းဖြစ်စေချင်သည်။ ဖြူစင်လွန်းသော တိမ်လွှာလေးတစ်စတွင် လွှတ်တင်ပေးရင်း စကြ၀ဠာ၏ ဟိုမှာဘက်ကမ်းသို့ ပစ်လွှတ်လိုက်ချင်သည်။ သို့သော်… နေရောင်တို့က အိုကျလာခဲ့လေပြီ..။ ကုန်ဆုံးတော့မည့် မွေးနေ့ဆုတောင်းတစ်စကို.. တစ်ဖဲ့ချင်းဖဲ့ချွေရင်း စမ်းရေတွင်မျှောပစ်လိုက်သည်။ ချစ်သူက လက်မခံချင်၍ ချစ်သူထံ မရောက်ခဲ့ သည့်တိုင် ထိုဆုတောင်းများသည် စမ်းရေ၏ ချစ်ခြင်းအားဖြင့် အေးမြနေခဲ့လိမ့်မည်။

တစ်စစနှင့် လောင်ကျွမ်းကုန်ဆုံးသွားသော ချစ်သူ၏ မွေးနေ့ကိုကြည့်ရင်း လွဲချော်မှုတွေအကြောင်း စဉ်းစားနေမိသည်။ ကံတရားကို ခေါင်းချင်းဆိုင်တိုက်ရန် ကျွန်မတွင် လက်ကျန်အင်အား မရှိတော့ပါ။ အရာရာသည် ကျွန်မအတွက်တော့ ရှုံးနိမ့် ကျဆုံးမှုများသာ ဖြစ်သည်။ သို့တိုင်လျက်… ချစ်သူ၏မွေးနေ့တွင် ချစ်သူက အခြားသော တစ်စုံတစ်ယောက်နှင့်ရှိနေနိုင်ခဲ့ပြီး ကျွန်မက အခြားသော တစ်စုံတစ်ယောက်နှင့် အတူရှိမနေခြင်းအတွက် ကျေနပ်ကြေကွဲနေမိပါတော့သည်။

မနော်ဟရီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>