Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အထီးကျန် တနင်္ဂနွေ
Chapter 1
မိုးသက်ဟန်

လမ်းလျှောက်ဖြတ်သွားတဲ့ စကတ်အတိုဝတ် မိန်းကလေးရဲ့ တင်ပါးကို အသက်ခြောက်ဆယ်ကျော် အဘိုးကြီး လိုက်ငေးကြည့် နေတဲ့မြင်ကွင်း ကျွန်တော် တွေ့လိုက်တယ်။ ပထမတော့ အဲဒီကောင်မလေးရဲ့ တင်ပါးတွေကို ကျွန်တော် လိုက်ငေးမလို့ပဲ။ ဒါပေမယ့် လက်ဖက်ရည်ခွက် ကိုင်လျက်နဲ့ ဦးခေါင်းစောင်းသွားတဲ့ အဘိုးကြီးကို ကြည့်ရတာ ပိုသဘောကျဖို့ ကောင်းနေတာ ကြောင့် အဲဒီတင်ပါးကို ကျွန်တော်မကြည့်တော့ပါဘူး။

ကျွန်တော့်ရဲ့ တနင်္ဂနွေမနက်ခင်းဟာ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်းထိုင်ရင်း စီးကရက်ခဲရင်း စတင်ခဲ့ ပါတယ်။ တနင်္ဂနွေဟာ ကျွန်တော့်အတွက်တော့ အမြဲတမ်း အထီးကျန်မှုတွေနဲ့ ပြည့်နှက်နေတတ်တဲ့ နေ့တစ်နေ့ပါ။

တနင်္ဂနွေဟာ တစ်ရက်သာရတဲ့ အားလပ်ရက်ဖြစ်ပေမယ့် ကျွန်တော်ဟာ တစ်ယောက်တည်းနေတဲ့သူ ဖြစ်တာကြောင့် တနင်္ဂနွေမှာ အဖော်ကင်းမဲ့လေ့ရှိတယ်။ ကျန်တဲ့ရက်တွေဆိုရင် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ပါးပါး စီးဆင်းလို့ရတယ်။ တနင်္ဂနွေတွေဆိုရင်တော့ ကျွန်တော် တစ်ယောက်တည်းပေါ့။ တနင်္ဂနွေကို ကျွန်တော် သိပ်မုန်းတာပဲ။

တနင်္ဂနွေဆိုရင် ကျွန်တော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်ရှိတဲ့ လမ်းဟာ ဖြတ်သွားဖြတ်လာနည်းတတ်တယ်။ ကျောင်းရှေ့မှာ ရှိနေတာမို့ ကျောင်းပိတ်တဲ့ တနင်္ဂနွေဟာ တိတ်တိတ်ဆိတ်ဆိတ်၊ အေးအေးချမ်းချမ်းရှိလှတယ်။

ပေါင်တံဖွေးဖွေး နှစ်ယောက်၊ သုံးယောက်လောက် ဆိုင်ရှေ့က ထပ်ဖြတ်သွားတယ်။ အဘိုးကြီးက ခုနကလိုပဲ ထပ်ငေးပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အဘိုးကြီးကို ခဏပဲကြည့်ပြီး ပေါင်တံဖွေးဖွေးတွေနောက် ကျွန်တော့်မျက်လုံးကို ထည့်လိုက်တယ်။ ပေါင်တံဖွေးဖွေးတွေကို ကြည့်ရတာ အရသာရှိတယ်။ လိင်စိတ်ကို ဖြစ်ပေါ်စေတယ်။

စိတ်ထဲမှာ ဖြစ်တာတွေကို အမှန်အတိုင်းပြောပြဖို့ ကျွန်တော်မရှက်ပါဘူး။ ဒါ လူ့သဘာဝပါပဲ။ လူ့ဘဝရဲ့ အရသာတွေထဲမှာ လိင်ကိစ္ဂ္စလည်း တစ်ခန်းတစ်ကဏ္ဍကနေ ပါဝင်နေတယ် မဟုတ်လား။ ဖရွိုက်က ပြောဖူးတယ်လေ။ လူတွေဟာ လိင်စိတ်ရဲ့ စေ့ဆောင်မှုတွေကြောင့် ရှင်သန်နေကြတာတဲ့။

အောင်မြင်ကျော်ကြားတဲ့ လူတွေဟာ လိင်စိတ်ပြင်းထန်တယ်လို့လည်းဆိုသေးတယ်။ ဒီတော့ဟာ လူတွေအတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပေါ့။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လူတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့ အရာပါပဲ။ မိန်းကလေးတွေလည်း ယောက်ျားလေး တွေကို ကြည့်တတ်ပါတယ်။ အထူးသဖြင့် ခပ်ဖြောင့်ဖြောင့်၊ ခပ်တောင့်တောင့် ယောက်ျားတွေဆိုရင် မိန်းကလေးတွေက မသိမသာ၊ ဒါမှမဟုတ် ပေါ်တင် ကြည့်တတ်ကြတာချည်းပါပဲ။

နေတိုး၊ ရဲလေး၊ စိုင်းစိုင်းစတဲ့ နာမည်ကြီး ဖျော်ဖြေရေးသမားတွေကို " ချစ်လိုက်တာဟယ်၊ အိမ်တောင်ခေါ်သွားချင်တယ် " လို့ အသက်ကြီးကြီး အမျိုးသမီးကြီးတွေ ပြောလေ့ရှိတတ်တယ်။ အဲဒီလိုပြောတာဟာ သူတို့ရဲ့ မသိစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လိင်စိတ် ကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ထုတ်လိုက်တာပါပဲ။

သူတို့လို နာမည်ကြီး ဖျော်ဖြေရေးသမားတွေကိုမှ မဟုတ်ပါဘူး။ တစ်ခါတလေ ရှပ်အင်္ကျီခါးအတိုနဲ့ ချက်ပြုတ်ဘောင်းဘီဝတ်ပြီး ရုံးသွားရင် ကျွန်တော့်ရဲ့ လုပ်ဖော်ရဲ့ လုပ်ဖော်ကိုင်ဖက် မိန်းကလေးတစ်ယောက်ဟာ ကျွန်တော့် ဘောင်းဘီဇစ်နေရာကို ငေးငေး ကြည့်တတ်တာ ကျွန်တော်သတိထားမိတယ်။

ဒီတော့ တနင်္ဂနွေ မနက်ခင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကျွန်တော်နဲ့ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်းထိုင်နေတဲ့ အဘိုးကြီးလည်း ဆိုင်ရှေ့က ဖြတ်သွားတဲ့ ကောင်မလေးတွေကို ကြည့်ပါစေ။ အဘရေ မလွတ်တမ်းသာ ကြည့်ပေတော့။

တနင်္ဂနွေမနက်ခင်းမှာ ကျွန်တော် ပလိန်းကြီး လိင်ကိစ္စအကြောင်းကို စဉ်းစားနေမိတယ်။ ဘာပဲပြောပြော ဒီ အတွေးတွေကြောင့် ကျွန်တော် အပျင်းတော့ အပြေသား။ တစ်ဆက်တည်းပဲ ကျွန်တော့်ချစ်သူကို ကျွန်တော် သတိရနေမိတယ်။ လွမ်းနေမိတယ်။ ပြန်တမ်းတမိတယ်။ အရတုန်းကဆိုရင် သူနဲ့ကျွန်တော့်အတွက် တနင်္ဂနွေနေ့တွေဟာ ရွှေရောင်အတိပြီးတဲ့ နေ့တွေပေါ့။

တနင်္ဂနွေတိုင်း ကျွန်တော့်ရဲ့ အခန်းကျဉ်းလေးထဲ သူရောက်ရောက်လာနေကျ။ သူနဲ့ကျွန်တော် ထမင်းဟင်းတွေ ချက်ပြုတ် စားသောက်ကြတယ်။ သူချက်ပြုတ်နေတုန်း ကျွန်တော်က ဘီယာသောက်ပြီး သူ့ကိုကူညီပေးတယ်။ နေ့လယ်စာ စားသောက်ပြီး သိပ်မကြာခင်မှာ ကျွန်တော်တို့နှစ်ယောက် နတ်ပြည်ကို တက်ကြပြီ။ နတ်ပြည်ကို တက်တယ်ဆိုတာက ချစ်ရေယာဉ်ကြောမှာ မျောတာကို ကျွန်တော်နာမည်ပေးထားတာပါ။ ကျွန်တော့်ချစ်သူဟာ ကျားသစ်မလေးလိုပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ကျွန်တော့်အပေါ်မှာ အမြဲခုန်တတ်တယ်။ အဲဒီလို ခုန်နေရင်းနဲ့ သူက ကျွန်တော့်ကို " ကို .. မျက်လုံးလေး ပိတ်ထားလေ " လို့ပြောတတ်တာကို ခုတောင်ကြားယောင်နေမိတယ်။ သူလည်း မျက်လုံးတွေ ပိတ်ထားတယ်။

မျက်လုံးတွေ မှိတ်တတ်တာ သူ့ရဲ့ အကျင့်ပါပဲ။ ကျွန်တော်က သူ့ကို " ချစ်.. ကိုယ်တို့ နတ်ပြည်ရောက်နေပြီနော် " လို့ပြောရင် သူက " အင်း "လို့ ပြန်ပြောတတ်တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ တနင်္ဂနွေနေ့တွေမှာ နတ်ပြည်ကို သုံးလေးကြိမ်ထက် မနည်း ရောက်သွားတတ်ကြတယ်။ ဘယ်လောက်ပျော်ဖို့ကောင်းတဲ့ တနင်္ဂနွေတွေလဲ။ ကြားရက်တွေဆိုရင် ကျွန်တော် သူ့ကို ရုံးဆင်း ရုံးပြန်ကြိုရင်း လူလစ်ရင် နှုတ်ခမ်းလေး နမ်းဖို့ကို မနည်းကြိုးစားရတာ။ ထားပါတော့လေ။

အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဟာ အကြောင်းသုံးပါး မညီညွတ်တဲ့အတွက် ပေါင်းဖက်ခွင့် မရခဲ့ပါဘူး။ ခုဆိုရင် သူဟာ တခြားတစ်ယောက်ရဲ့ ရင်ခွင်မှာ ခိုလှုံရင်း သားတွေ သမီးတွေ မွေးရင်း ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နေနိုင်ပါပြီ။

သူမရှိတော့တဲ့နောက် ကျွန်တော့်အခန်းလေးထဲကို ဘယ်အမျိုးသမီးမှ မရောက်တော့ဘူး။ တနင်္ဂနွေတွေမှာ တစ်ယောက်တည်း အထီးကျန်နေတော့တာပါပဲ။ ကြားရက်တွေမှာဆိုရင် အလုပ်ကဆင်းရင် သူငယ်ချင်းတွေနဲ့ သောက်စားပြီး အခန်းရောက်တာနဲ့ အိပ်ရုံပဲ။ တနင်္ဂနွေနေ့တွေမှာတော့ သူတို့တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုလေးတွေကို အချိန်ပေးရတတ်တာကြောင့် ကျွန်တော့် ကို သတိမရနိုင်ကြပါဘူး။

အခုလည်း ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရတာ ပျင်းလှပြီမို့ အခန်းကို ပြန်ပါတော့မယ်။ ကောင်းကင်ပေါ်က တိမ်ဖြူဖြူ တွေကို ကျွန်တော်လိုက်ငေးကြည့်နေမိတယ်။ ဒီနေ့ တော်တော်နေသာတာပဲ။ ဒီလိုနေ့မျိုးကို ကျွန်တော် သဘောကျတယ်။ မိုးတွေ ရွာလို့ အခန်းထဲမှာ အောင်းနေရတဲ့နေ့တွေဆို ကျွန်တော် အရမ်းပျင်းတာပဲ။

ပိုက်ဆံရှင်းပြီးလို့ ပြန်အမ်းငွေ စောင့်နေချိန်မှာ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းက ရုတ်တရက် ထမြည်လာပါတယ်။

ကျွန်တော် ဖုန်းဖွင့်ဖွင့်ပြီးချင်းမှာပဲ ကောင်မလေးတစ်ယောက်ရဲ့ အသံ ထွက်လာတယ်။

" ကို ခုထက်ထိ မလာသေးဘူးလား။ စောင့်နေရတာ စိတ်မရှည်တော့ဘူး။ ပြန်တော့မှာနော် "

" ဖုန်းမှာနေပြီထင်တယ်ဗျ "

" ရှင် ... အခုပြောနေတာ ကိုသော်မဟုတ်ဘူးလား။ ဆောရီးပါရှင် "လို့ ပြောပြီး ကောင်မလေး ဖုန်းချသွားတယ်။

ကျွန်တော် ဘာမှတောင် ထပ်မပြောလိုက်ရဘူး။ တကယ်ဆိုရင် ကျွန်တော့်ဘက်က တစ်ခုခုထပ်ပြောတာကို စောင့်သင့်တာပေါ့။ အခုတော့ တစ်ခါတည်း ဖုန်းချသွားတယ်။ ကျွန်တော်လည်း တစ်ယောက်ယောက်နဲ့ စကားပြောချင်တာပေါ့။

အထူးသဖြင့် ဆန့်ကျင်ဘက်လိင်တစ်ဦးဦးနဲ့ ခဏလေးဖြစ်ဖြစ် စကားပြောလိုက်ရမယ်ဆိုရင်လည်း ကျွန်တော့်အတွက် အပေါင်း လက္ခဏာအသွင်ဆောင်မှာ အသေအချာပါပဲ။

ဒီလိုနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်ထဲကနေ ထ ပြန်လာခဲ့တယ်။ ကျွန်တော့်ရဲ့အပြန်လမ်းမှာ နှုတ်ဆက်စရာ ဘယ်သူမှ မတွေ့တော့ ကျွန်တော် တစ်လမ်းလုံး ခပ်တည်တည်ကြီး နေရဦးမှာပဲလေ။ သိပ်တော့မထူးပါဘူး။ လမ်းမှာ အင်တာနက်ဆိုင် ဝင်မလားလို့ စဉ်းစားမိတယ်။ အင်တာနက်ဆိုင်ရောက်ရင်တော့ ဘာရယ် ညာရယ်မဟုတ်ပါဘူး။ အွန်လိုင်းမှာရှိတဲ့ သူငယ်ချင်း တွေနဲ့ နည်းနည်းပါးပါး စကားပြောလို့ရမှာပဲ။ ချက်တင်ထဲက စကားပြောရတာလည်း တစ်ခါတလေ ရယ်ဖို့တော့ အကောင်းသား။ ပါးစပ်နဲ့ပြောရမယ့် စကားတွေကို စာနဲ့ရိုက်ပြောရတာက ပိုကောင်းတာပေါ့။ ဟိုဟိုဒီဒီ ဝက်ဘ်ဆိုက်တွေကလည်း ကြည့်လို့ ရတယ်။ ဖေ့စ်ဘွတ်မှာ ဘယ်သူတွေ ပေါနေကြလဲ၊ ဘယ်သူတွေ ဂိုက်ပေးကြမ်းနေသလဲ၊ ဘယ်သူတွေ ဆရာကြီးစောက်ချိုး ချိုးနေသလဲဆိုတာ ကြည့်ရတာပေါ့။

အင်တာနက်ဆိုင်ရောက်တော့ ကျွန်တော် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူးဗျာ။ လေးလိုက်တဲ့ ကော်နက်ရှင်။ ဘာဆိုဘာမှ ဖွင့်လို့မရဘူး။ ငါးမိနစ်လောက်ထိုင်ပြည်း ထပြန်လာခဲ့တယ်။ အဆင်မပြေတဲ့ ဘဝက ဘာကိုမှ အဆင်မပြေဘူး။ ဘယ်တတ်နိုင် ပါ့မလဲ။ ဝဋ်ရှိသရွေ့ပေါ့။

ကျွန်တော့်အခန်းကိုတက်မယ့် လှေကား ရောက်ခါနီးမှာတော့ ဘေးကနေ ရင်သားထွားထွား၊ တင်ပါးကားကားနဲ့ အမျိုးသမီး တစ်ယောက် ဖြတ်လို့သွားတယ်။ ကျွန်တော် မျက်စေ့တဆုံး လိုက်ကြည့်ဖြစ်တယ်။ စိတ်သက်သာရာ အနည်းအကျဉ်း ရသွားသလိုပါပဲ။

ရှစ်လွှာကို ကျွန်တော် မမောမပန်းတက်လိုက်တယ်။ အခန်းသော့ဖွင့်ပြီး အထဲဝင်လိုက်ချိန်မှာ အထီးကျန်မှုဟာ ကျွန်တော့်ကို အသင့် စောင့်ကြိုနေသလို ခံစားလိုက်ရတယ်။ ဝမ်းနည်းသလိုလို၊ အသုံးမကျသလိုလို၊ ကျွန်တော့်စိတ်ထဲ လှိုက်ခနဲ စိမ့်ဝင် လာတယ်။ တစ်ချိန်က ကျွန်တော့်အခန်းထဲမှာ ကျွန်တော်နဲ့အတူ နတ်ပြည်တက်နေကျ ချစ်သူကို သတိရလို့လာတယ်။ ငိုချင် စိတ်တောင် ဖြစ်လို့လာတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ ကမ္ဘာကြီးထဲမှာ တစ်ယောက်တည်းနေနေကြသူတွေ အများကြီးပဲလို့ ကိုယ့်ကိုယ်ကိုယ် အသိပေးလိုက်မိတယ်။ ပြီးတော့ မူရာကာမိရဲ့ Norwegian Woods ဝတ္တုထဲက စာသားတစ်ခုကို သွားသတိရ မိတယ်။

" Don't make yourself sad, only stupid do that "

" ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းအောင်မလုပ်နဲ့။ သောက်သုံးမကျတဲ့ ကောင်တွေပဲ ကိုယ့်ကိုကိုယ် ဝမ်းနည်းအောင် လုပ်တာ "တဲ့။

အဲဒီစကားလေးက တော်တော်မိုက်တယ်။ ဝတ္တုထဲမှာ ဝမ်းနည်းနေတဲ့ တိုရုဝါတာနာဘီဆိုတဲ့ ကျောင်းသားလေးကို သူ့ရဲ့စီနီယာ ကျောင်းသားလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ နာဂါဆာဝါက ပြောလိုက်တဲ့စကားပါ။

ကျွန်တော် သီချင်းကို အသံကျယ်ကြီး ဖွင့်လိုက်တယ်။ အငဲရဲ့ ဘဝ ကစားပွဲဆိုတဲ့ သီချင်းတစ်ပုဒ်တည်းကို ထပ်တလဲလဲ နားထောင် နေမိတယ်။

" ဘဝ ကစားပွဲ စတင်မယ် ၅ ၄ ၃ ၂ ၁ "

" အသိခက်တဲ့ တံခါးတွေ တွန်း ဖွင့်ကာ ခရီးဆက် "

ကျွန်တော်ကြိုက်တဲ့ သီချင်းတွေထဲမှာ ဒီသီချင်းက ထိပ်ဆုံးမှာ ပါတယ်။ သီချင်းနားရင်း ကျွန်တော် ထမင်းအိုးတည်လိုက်တယ်။ ရေခဲသေတ္တာထဲမှာ ကျန်နေသေးတဲ့ ဘီယာဘူးတစ်ဝက်ကို ထုတ်သောက်ရင်း ဟင်းအတွက် ပြင်ဆင်ပါတယ်။ ကျွန်တော့်အတွက် ဟင်းက ထွေထွေထူးထူးမဟုတ်ပါ။ ကြက်ဥနှစ်လုံးကြော်မယ်။ ရှိတဲ့အရွက်တွေကို ကြော်မယ်။ ပြီးရင် Chito ငရုတ်ဆီနဲ့ စားမယ်။ ဒါပါပဲ။

လူတွေရဲ့ ဘဝတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ကိုယ့်ဘဝကိုယ် ပျော်စရာကောင်းအောင် ဖန်တီးတတ်ဖို့ပဲ လိုတာပါ။ အဲဒီလို ပျော်ရွှင်အောင်ဖန်တီးဖို့က ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်သူ့ကိုမှ အားကိုးလို့ မရပါဘူး။ ကျွန်တော် အဲဒီလို တွေးလာမိတယ်။ အဲဒီလို တွေးမိတာကိုလည်း သဘောကျလို့လာတယ်။ ဒီလို တွေးမိတဲ့အတွက် ကျွန်တော့်ကို ထားသွား ခဲ့တဲ့ ချစ်သူကိုလည်း သတိရနေလို့ အပိုပဲဆိုတာ ကျွန်တော် နားလည်လာတယ်။ သူလည်း သူ့ဘဝနဲ့သူ နေပါစေတော့။ ကျွန်တော်လွမ်းနေလည်း ဘာမှဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ကျွန်တော့်ဘဝကို ကျွန်တော်ပျော်အောင် နေရတော့မှာပါ။ ဒါဟာ ဘဝပါ။ ကျွန်တော်ဟာ အသုံးမကျတဲ့ လူတစ်ယောက် မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းအောင် မလုပ်တော့ပါဘူး။

ကျွန်တော့်အတွက် ပျော်ရွှင်စရာ နေ့ရက်တွေ ထပ်လာဦးမှာ သေချာတယ်။ ဝရန်တာကနေ တိမ်တွေကိုကြည့်လိုက်တော့ လူတစ်ယောက် အားရပါးရ ရယ်မောနေတဲ့ တိမ်ပန်းချီကားလေးတစ်ချပ် တွေ့လိုက်တယ်။

မိုးသက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>