contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဆင်ခြေဖုံး
Chapter 1
အရိုး

လောကတွင် အလွန်အချိုးမကျသော ကိစ္စများရှိတတ်ကြောင်း လူတိုင်း သိကြပါကုန်၏။

အချို့ကိစ္စများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသူများအဖို့ အတည်တကယ် ကိုယ်စိုက် စိတ်စိုက် အားစိုက်၍ လုပ်ကိုင်နေကြစေကာမူ ဘေးလူများအမြင်တွင် အမှန်တကယ် တလွဲတချော်များချည်းသက်သက်သာ ဖြစ်၍နေတတ်၏။ အချို့ ကိစ္စများ၌မူ ပါဝင်ဆောင်ရွက်နေသူများက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေကြစေကာမူ ဘေးအမြင်အရ အတည်တကယ် စိုးရိမ်တကြီး လုပ်ကိုင်ဆောင်ရွက်နေကြသည်ဟုထင်တတ်ကြပြန်၏။ ဖော်ပြလတံ္တ့သော ကိစ္စသည် အထက်ပါ အမျိုးအစားနှစ်ခု အနက် မည်သည့်ထဲတွင် ပါဝင်နိုင်သည်ကို ဖတ်ရင်း ရှူရင်းသာ စာရှူသူများကိုယ်တိုင် သုံးသပ်ကြပါကုန်။ ဖြစ်ပျက်ခဲ့သည်များက တော့ စိတ်ကူးမဟုတ်၊ အမှန်ပင်ဖြစ်ကြောင်းကိုတော့ စာရေးသူကိုယ်တိုင် ဝန်ခံထားပါကြောင်း။

(၁)

ရန်ကုန်မြို့ကြီးသည် မြန်မာနိုင်ငံတော်သူ နိုင်ငံသားတိုင်း သိတော်မူကြပြီးကုန်သည့်အတိုင်း အလွန် ခေတ်ဆန်လှသော မြို့ကြီး ဖြစ်ကြောင်း အထူးပြောရင်မရှိပါ။ မြို့ပြကွက်သစ်များ၊ ဆင်ခြေဖုံးရပ်ကွက်များ စဉ်ဆက်မပြတ်တိုးပွါးချဲ့ထွင်နေရသော မြို့ကြီး ဖြစ်ကြောင်းလည်း တစ်နိုင်ငံလုံးသိကြပါ၏။ ထိုကဲ့သို့ ခေတ်မီခေတ်ဆန်လှသော ရန်ကုန်မြို့ကြီးတွင် နယ်တကာအသီးသီးမှ မြန်မာပြည်သူပြည်သားတို့ ရွှေ့ပြောင်းအခြေချ လာရောက်နေထိုင်လျက် စဉ်ဆက်မပြတ် ကြီးထွားနေသည့်မြို့ကြီးတွင် ဝက်သိုး တစ်ကောင်နှင့် ပတ်သက်၍ အူတူတူ လူငယ်တစ်စု မဖွယ်မရာ ဖြစ်ပျက်ခဲ့ကြဖူးသော အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးသည်ဟု ဆိုပါလျှင် ယုံချင်သူနည်းကြလေမည်လားမသိ။ အမှန်တော့ အနှီကိစ္စသည် အမှန်ဖြစ်ခဲ့လေ၏။ ရှူလေတော်မူကြကုန် ။

(၂)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ကြီးအတွင်း၍ သုဝဏ္ဏဟူသော ရပ်ကွက်ကြီးတစ်ခု ရှိလေ၏။ ထိုရပ်ကွက်ကြီးသည် လွန်ခဲ့သော တစ်ချိန်က ဆင်ခြေဖုံးမကျတကျ ရပ်ကွက်ကြီးဖြစ်ခဲ့ဖူးလေ၏။ ထိုရပ်ကွက်ကြီး၏ အနှံ့အပြားသော နေရာတို့တွင် တစ်ချိန်က လူငယ်တစ်စုတို့ သွားရောက်နေထိုင်ခဲ့ကြဖူးလေ၏။

ထိုစဉ်က ထိုရပ်ကွက်ကြီးသည် ဆင်ခြေဖုံးမကျတကျ ရပ်ကွက်ကြီးများ၏ ထုံးစံအတိုင်း အိမ်ခြေအိမ်ရာများလည်း ဟိုတစ်စု ဒီတစ်စု၊ မြေလွတ်မြက်ခင်းများလည်း ဟိုသည်အစုစု၊ ဗွက်တော ကိုင်းတောများလည်း အစုစု၊ ငမိုးရိပ်ချောင်းနှင့် နီးသည်ဖြစ်၍ ထိုသုဝဏ္ဏ ရပ်ကွက်ကြီးမှာ လယ်တော ကိုင်းတောများလည်း အစုစုရှိလေ၏။ ထိုစဉ်က ထိုရပ်ကွက်ကြီးတွင် လူခြေလည်းနည်းသေးသည် ဖြစ်လေရာ ရပ်ကွက်အတွင်း ပေါက်ဖွား၍ လာကြကုန်လေသော သူငယ်များမှာ အချင်းချင်း လွန်စွာရင်းနှီးစွာ ပေါင်းသင်းနေထိုင် ကြီးပြင်းလာကြလေကုန်၏။ ငပိန်၊ မေးရှည်၊ ကောက်ကြီး၊ စိန်စိန်၊ ချစ်စရာ၊ ဒိန်ဒိန်း စသူတို့ရှိကြ၏။ ဆယ်ကျော်သက်များဖြစ်ကြ လေရာ ထင်ရာလုပ်ကြကုန်၏။ သူတို့သည် သူတို့ရပ်ရွာကို လွန်စွာချစ်ကြလေသောကြောင့် ရပ်ရွာကလည်း သူတို့အား လွန်စွာ ချစ်၏။ သို့သော် တစ်ခါတစ်ရံတွင် သူတို့သည် ရပ်ရွာကို လွန်စွာအလုပ်ရှုပ်စေတတ်သောကြောင့်လည်း သူတို့ကိုရပ်ရွာက လွန်စွာစိတ်ရှုပ်ကြရပြန်၏။ သူတို့ပုံမှန် စတည်းချလေသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်သည်လည်းရှိ၏။ ထိုသို့ဖြင့် ...

(၃)

ကိုပြုံးမှာ တောမှနေ၍ ရန်ကုန်တက်လာသူဖြစ်၏။ သူဝဏ္ဏတွင် နေလာခဲ့သည်မှာ ကြာခဲ့ပြီ။ တစ်ခါသော် နယ်မှ အမိအဖများ ဆုံးပါးကြပြီးဖြစ်၍ ထုံးစံအတိုင်း အမွေခွဲကြရန် ကိုပြုံး တောခဏပြန်၏။ လယ်ယာ ချောင်းမြောင်း ငွေကြေးကိစ္စများ ရှင်းလင်း၍ ပြီးကြသည်ရှိသော် ကိုပြုံးပြန်လာ၏။ သို့သော်အသွားတုန်းကကဲ့သို့ သူတစ်ဦးတည်းမဟုတ်တော့ချေ။ အမွေခွဲနေကြစဉ်ကာလက တောမှအိမ်တွင် ဝက်များပေါက်နေသည်ဖြစ်လေရာ မောင်နှမများ အချိုးကျ ဝေပုံချလေသော် ကိုပြုံးမှာ ဝက်ထီးလေးတစ်ကောင် ရ၍လာလေ၏။ ထိုဝက်ကလေးကို ကိုပြုံး သံယောဇဉ်ဖြစ်လေသောကြောင့် ရန်ကုန်သို့ ခေါ်လာလေသည်။

အမှန်တော့ ကိုပြုံးသည် ရန်ကုန်တွင် အနေကြာခဲ့ပြီဖြစ်၍ ကြက်၊ ဝက်၊ ကျွဲ၊ နွားအကြောင်း သိပ်မသိလှတော့။ သူရလာသော ဝက်ထီးလေးကို ချစ်၍သာ ခေါ်ခဲ့ခြင်းဖြစ်၏။ ဝက်ကလေးမှာ အမွေးအညို နုကြမ်းကြမ်းလေးများနှင့် နောင်အခါ ဆိုးချင်ချင် အတော် ရှိသော ဝက်သိုးလေးတစ်ကောင် ဖြစ်လာမည်ကို ကိုပြုံးမသိ။ မေးဟယ် စမ်းဟယ်နှင့် အမြီးကလေး၊ နားရွက်ကလေးတွေ တလှုပ်လှုပ်ရှိသည်ကို အစွဲပြုကာ လှုပ်လှုပ်ဟု အမည်ပေးထားလျက် သားသမီးလို မွေးထားလေ၏။ ထိုသို့ဖြင့် ကာလကြာသော် ဝက်ကလေးမှာ အပြုအစု၊ အယုအယ ကောင်းသည်နှင့်အညီ ဝက်ကြီးဖြစ်လာတော့၏။ ရပ်ကွက်ထဲ ဝက်ကြီးမွေးထားသည်ကို အရပ်ကလည်း ကန့်ကွက်ခြင်း လုံးလုံးမရှိ။ ကိုပြုံးမှာ သူ့ဝက်ကို အိမ်မွေးခွေးလို သဘောထားသဖြင့် ကြိုးနှင့်ချည်၍ ခေါ်လာကာ လက်ဖက်ရည်ဆိုင်တွေ ဘာတွေ လာထိုင်တတ်၏။ သို့သော် ဝက်ကလေးမှာ ကြီးလာလေ အငြိမ်မနေလေ ဖြစ်ရကား နောက်ပိုင်း အပြင်ထွက်လျှင်မခေါ်တော့။ အိမ်မှာသာ ခြံလေးလုပ်ပေး၍ မွေးထား၏။ သို့သော် ကိုပြုံး သတိမမူမိသော အချက်ကား လှုပ်လှုပ် သည် ကိုပြုံးအိမ်နှင့် မလှမ်းမကမ်းရှိ ပေတစ်ရာပတ်လည်ခန့်ကျယ်သော ဗွက်စပ်စပ်နှင့် မြက်တောကို အမြဲစိတ်ဝင်တစား ရှိနေ ခဲ့သော အဖြစ်တည်း။ တစ်နေ့ တစ်နေ့ အိမ်ထဲမှ အိမ်ပြင် မထွက်ရတော့လေ၊ မြက်တောကို ကြည့်၍ စိတ်တိုလေဖြစ်နေသည်ကို ကိုပြုံးမသိ။ ဝက်ပျိုလေးဖြစ်လာသည်နှင့်အမျှ လွတ်လွတ်လပ်လပ် ပြေးလွှားလိုက်ချင်စိတ်များ ပေါ်နေသည်ကို ကိုပြုံးမရိပ်မိ။ ထိုသို့ဖြင့် ...

(၄)

တစ်ခုသောနံနက်ခင်း၊ ကိုးနာရီခန့်လောက်၌ ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင်တွင် ငပိန်နှင့် မေးရှည်မှာ ကျန်သူငယ်ချင်းများ အလာကိုစောင့်ရင်း မုန့်ဟင်းခါးကို ခွစားနေကြလေ၏။ ဤတွင် ခပ်လှမ်းလှမ်းလမ်းတစ်လျှောက်မှ အူယားဖားယား ပြေး၍လာသော ကိုပြုံးကို မြင်ကြ၏။ တစ်ခါတစ်ရံ အရက်လေးဘာလေးသောက်၍ ထွေလာတတ်သည်မှအပ အေးအေးဆေးဆေးနေလှသော ကိုပြုံး ဒရောသောပါး ဖြစ်လာသည်ကို အံ့ဩကြ၏။ ကိုပြုံးမှာ မောကြီးပန်းကြီး စိုးရိမ်တကြီးနှင့် ရောက်လာ၏။

" ဟ အေး ဟူး၊ တော်သေးတာပေါ့ကွာ၊ မင်းတို့ကို တွေ့မှ တွေ့ပါ့မလားလို့ "

" ဘာဖြစ်လာတာတုံး "

" ဘာလဲဗျ ကိုပြုံး၊ အိမ်မီးလောင်နေလား "

" အာ နိမိတ်မရှိ နမာမရှိ၊ ဘယ်က အိမ်မီးလောင်မှာတုံး၊ လှုပ်လှုပ်လွတ်သွားလို့ဟ "

ထိုအခါ မကျေမချမ်းဖြစ်ကြ၏။

" ဟာ ဘာများလဲလို့၊ ဝက်ကြီးလွတ်သွားတာပဲ အချိန်တန် ပြန်လာမှာပေါ့ "

" အေးလေ ကိုကြီးပြုံးကလည်း "

" မ မဟုတ်သေးဘူးလေကွာ၊ ကိုင်းတောထဲ တိုးသွားတာဟ၊ မြွေပါးကင်းပါးနဲ့ ငါ့သားဒုက္ခရောက်မှာစိုးလို့ "

" ခင်ဗျား ပြန်ချော့ခေါ်လေဗျာ "

" မြက်တောထဲ တိုးသွားတဲ့ ဝက်ဖင်ပဲ မြင်လိုက်ရတာဟ၊ ပြန်ထွက်ကို မလာတော့ဘူး "

" အဲဒါ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့တုံး "

" ဟိုကွာ မင်းတို့တွေလူစုပြီး၊ ငါ့သားကို ဝိုင်းပြန်ဖမ်းပေးကြစမ်းပါ။ ဒဏ်ရာအနာတရ မရှိစေနဲ့ကွာ၊ ငါမင်းတို့ကို တစ်ယောက် တစ်ထောင်ပေးမယ် "

ငပိန်နှင့် မေးရှည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြလေ၏။ ထိုခေတ်က ငွေတစ်ထောင်သည် မနည်းလှ၊ ငွေအရ တယ်လွယ်သကိုးဟု တစ်ဦးကိုတစ်ဦး မျက်စပစ်ကြ၏။ လှုပ်လှုပ်မှာ သူတို့နှင့်လည်း စိမ်းသည်မဟုတ်။ သို့သော် ကိုပြုံးအပြောအရ လှုပ်လှုပ်ဝင်သွားသော ကိုင်းကွင်းက ကျယ်သည်။ ပေတစ်ရာကျော် ပတ်လည်ရှိသော ကိုင်းကွင်းထဲမှ ဝက်သိုးကို နှစ်ယောက် တည်းနှင့်တော့ ပြန်မြှူ၍မလွယ်မှန်း သူတို့သိ၏။ ကိုပြုံးမှာ သူတို့အား အားကိုးတကြီး ကြည့်နေ၏။

" လုပ်ကြစမ်းပါဦးကွာ၊ ငါက ရုံးသွားရဦးမှာကွ "

" ကိုင်းတောက ဗွက်တွေနဲ့ဗျ "

" မြွေတွေ ဘာတွေတော့ မရှိပါဘူး "

" အေး အဲဒါပြောတာပေါ့။ မင်းတို့က တစ်ရပ်ကွက်လုံး ကိုးကျင်းကိုးကျောင်း အကုန်သိတဲ့ ဥစ္စာ၊ ငါ့သားကို ပြန်ဖမ်းထားပေးကြစမ်း ပါကွာ၊ ကျေးဇူးမမေ့ပါဘူး "

" ခင်ဗျားသားက ခင်ဗျားခေါ်တာ မလာဘူးလား "

" ဘယ်တုန်းကတည်းက ချောင်းနေမှန်းမသိဘူးကွ၊ ဝင်သွားတာ ပြန်ကို ထွက်မလာတော့ဘူး။ ကိုင်းတောထဲမှာတော့ သေချာ တယ်"

" ဝက်ဖမ်းတာများ ဘာခက်တာလိုက်လို့ဗျာ၊ ခင်ဗျားရုံးသွားစရာရှိတာ အေးအေးသွား၊ ကျွန်တော်တို့ ပြန်ဖမ်းထားလိုက်မယ် "

" အေး အေး လုပ်ကြပါဦးကွာ "

ထိုသို့ဖြင့် ...

(၅)

ဝက်ဟူသော သတ္တဝါအကြောင်းကို အရှင်းကောင်းကောင်းမသိလေသော မြို့ပြလူငယ် ငါးယောက်နှင့် မွေးကတည်းက ယဉ်ပါးခဲ့ပြီး ဖြစ်လေသောကြောင့် လူဟူသောသတ္တဝါကို အလျင်းဂရုမစိုက်လှသော ဝက်ပျိုသိုးတစ်ကောင်သည် ဗွက်ပေါက်နေသော ကိုင်းမြက် တောထဲ တွေ့ကြလေတော့၏။ အချိန်ကား မနက် ၁၁နာရီခန့်။ ကိုပြုံးမှာ မဖြစ်မနေ ကိစ္စရှိလေသောကြောင့် ရုံးသွားရပြီဖြစ်၏။ ငပိန်နှင့် မေးရှည်မှာ သူတို့နှစ်ယောက်တည်းနှင့် မရလောက်သည်ကို သိသည့်အတိုင်း ကောက်ကြီးနှင့် စိန်စိန်ကို သွားခေါ်၏။ သူငယ်ချင်းတွေ လုပ်သမျှ ဘာဖြစ်ဖြစ် အကောင်းမှတ်ထားသော ကောင်များမှာ ကောက်ကောက်ပါအောင် လိုက်လာ၏။ စိန်စိန်မှာ ဝက်မြှူရန် ဝက်ကြိုက်မှန်း မကြိုက်မှန်းမသိသော ငှက်ပျောသီးနှစ်လုံးပါ ယူလာသေး၏။ ကိုင်းတောသို့ ရောက်လေပြီ။ ဖုန်းဆိုး မြေရိုင်း မြက်တောမှ မြက်များမှာ ခါးကျော်ကျော်အထိပင်ရှိ၏။ ကိုပြုံးအဆိုအရ လှုပ်လှုပ် ဤဗွက်တောထဲရှိသည်မှာ သေချာ၏။ သို့သော် ဘယ်နေရာတွင်မှ လှုပ်ရှားသည်ကို မမြင်ရ။ ( အမှန်တော့ လှုပ်လှုပ်မှာ သူ အလွန်နှစ်လိုလှသော ဗွက်စိမ်ခြင်းအလုပ်ကို အခုမှလုပ်ရသည် ဖြစ်လေရကား ကိုင်းတောတစ်နေရာဗွက်ထဲတွင် အိပ်ပျော်နေခြင်းဖြစ်၏ ) ကိုင်းတောထဲ လှုပ်ရှားမှုကို မမြင်သော် သူငယ်လေးယောက်မှာ ကိုင်းတောထဲဝင်၍ လူခွဲကာ ဝက်ကိုလိုက်ရှာကြရန် ဆုံးဖြတ်ကြ၏။ စိန်စိန်မှာ သိပ်စိတ်မလှုပ်ရှား။ ကျန်သောအကောင်များနှင့်စာလျှင် သူ့ထံတွင် ဝက်မြှူရန် ငှက်ပျောသီးနှစ်လုံးတိတိကြီးများတောင် ရှိသဖြင့် ဝက်တွေ့ရန်သာ ရှာ၏။ ပြီးတော့ လှုပ်လှုပ်မှာ သူတို့နှင့်လည်း သိပ်စိမ်းလှသည် မဟုတ်သဖြင့် ဤကိစ္စ လွယ်လွယ်နှင့် ပြီးသွားလိမ့်မည်ဟု ယုံကြည် ထား၏။ စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ ခြေသလုံးဖုံးခန့် မြုပ်သော ဗွက်များတည်း။ သို့သော် ရှိစေ။ ဝက်သိုးလောက်ကတော့ တစ်ခါတည်း တွေ့ရင် ခုန်အုပ်ပြီးသားပဲ ဟု တွေးထား၏။ သို့သော် သူတို့လေးယောက်လုံး မေ့၍နေသည်ကား ဝက်ကိုတွေ့၍ ဖမ်းမိလျှင် ချည်တုပ်ထားရန် ကြိုးပါမလာခြင်းတည်း။ ထိုသို့ဖြင့် ...

(၆)

လှုပ်လှုပ်သည် ဗွက်တောထဲ ကျကျနန အိပ်ပျော်နေလေသည်။ ဝက်ဘဝဖြစ်ပြီးသည့်နောက် တစ်ခါမှ ဤသို့ ဇိမ်မကျစဖူး။ ပေပေတေတေ နေချင်ခဲ့သည်မှာ ကြာပြီ၊ ယခုမှ ဆန္ဒပြည့်တော့၏။ ထိုစဉ် တစွပ်စွပ်အသံများကြားလေသည်။ သူ့အဖေ ကိုပြုံး များလား။ အဖေသည် အလွန်နှောင့်ယှက်ပါလားဟု တွေး၏။ ဝက်ဖြစ်လျက်နှင့် ဝက်လို ပေတူးတူးနေခွင့်မပေး။ ရေချိုးပေးရသည် နှင့်၊ ခြံကို သန့်ရှင်းပေးရသည်နှင့်။ အခုမှ သူ့အလစ် ကိုင်းတောထဲ လာပြေးနေသည်ကို လိုက်လာပြန်ချေပြီ။ အဖေတွေ့လျှင် ပြန်ခေါ်ဦးမည်၊ တစ်နေရာ အသာလေးရွှေ့နေမှ။

မေးရှည်မှာ မြက်ပင်များ လှုပ်ရှားသွားသည်ကို သွားတွေ့၏။ အတော်လည်သောဝက်ဟု သူတွေး၏။ အနေအထားအရ သူနှင့် အနီးဆုံး။ ထိုစဉ် ရုတ်တရက် အခုမှသတိရ၏။ လှုပ်လှုပ်ကို မိသော်ငြား ဘာနှင့် တုပ်နှောင်မည်နည်း။ လူကြံလျှင် ထရံတောင် သွားကြားထိုးတံဖြစ်သေးသည်ဖြစ်ရာ မေးရှည်သည် ဝတ်၍လာသော ပုဆိုးကို ချွတ်လေ၏။ သို့သော် မဖွယ်မရာမဖြစ်။ ညနေ ခြင်းခတ်လျှင် ဝတ်နေကျ မျိုးတင့်ဆွေဘောင်းဘီ ကျန်သေး၏။ ပုဆိုးကို အသာလုံး၍ ဝက်ကိုအုပ်ရန် ကြံလေ၏။

ငပိန်မှာ မေးရှည်လှုပ်ရှားသည်ကို မြင်လိုက်၏။ ဘယ်လိုလဲဟု မေးဆတ်ပြသော် ဒီနားမှာဟဟု ပြသည်ကို မြင်ရ၏။ နဂိုကတည်းက လှမ်းအကဲခတ်၍နေသော စိန်စိန်မှာ ငပိန်နှင့် မေးရှည် အမူအရာပြောင်းသည်ကို သတိထားမိ၏။ ထို့ကြောင့် ငပိန်မှာ ငှက်ပျောသီး တစ်လုံး ထောင်ပြ၏။ ငှက်ပျောသီးနှင့်မြှူရန် အကြံပေးသည့်သဘော။ ခက်သည်က စိန်စိန်မှာ ငပိန်တို့နှင့် ဝေးနေ၏။ ထိုအခါ စိန်စိန်သည် လုပ်ချင်ရာလုပ်လေ့ရှိသည့်အတိုင်း ငပိန်တို့ထံ ဗွက်သံတဗွမ်းဗွမ်းပေးကာ ပြေးချလာတော့၏။ ထိုအခါ ကောက်ကြီး မှာလည်း ဝက်တွေ့ပြီဟု ယူဆလေရကား ဖမ်းမည်ဟူသော အသိသာရှိပေရာ အော်ဟစ်ဆူညံကာ စိန်စိန်နောက်မှ ပြေးလိုက် လာလေတော့၏။ သူ့ခြေသံသည်လည်း ဗွက်ထဲ တဗွမ်းဗွမ်း။ လှုပ်လှုပ်မှာ ခေါင်းထောင်ကြည့်ကာ သဘောပေါက်လေ၏။ လက်စသတ်တော့ ရပ်ကွက်ထဲမှာ ငါမြင်နေကျ ကိုးရိုးကားရားကောင်တွေပါလားဟ။ ဝက်သိုးမြူးလေတော့၏။ ငနဲလေးကောင်နှင့် ကိုင်းတောထဲ စိန်ပြေးလေတော့၏။ ထိုသို့ဖြင့် ...

(၇)

ဝက် တည့်တည့်ပြေးလာသဖြင့် မေးရှည်မှာ ဝက်ကို အုပ်မိ၏။ သို့သော် ဘာလုပ်ရမှန်းမသိ။ လက်ထဲမှ ပုဆိုးက အဆင်သင့်မဖြစ်။ သို့သော် ဖြစ်သလို အုပ်လိုက်၏။ လှုပ်လှုပ်မှာ မြူး၍နေလေပြီဖြစ်ရာ ပုဆိုးကို မမှု၊ လူကိုသာမှု၏။ မေးရှည်ကို သူ မှတ်မိသည်ကိုး။ ပုဆိုးအအုပ်ခံကာ လူကိုပါ ဝင်တိုက်၏။ ဝက်နှင့်လူ ဗွက်ထဲ လုံးလေသည်။ တစ်သက်လုံး တယုတယ ကျွေးမွေးထားသည်ဖြစ်ရာ လှုပ်လှုပ်၏အင်အားမှာ မနည်း။ မေးရှည်သည် ပုဆိုးတခြား လူတခြား ဗွက်ထဲ ကိုင်းထဲ ထွေးခနဲ ကျ၏။ ဤသည်ကို ကယ်မည်ဟု အားတင်းကာ ငပိန် အတင်းဝင်လာ၏။ မြူးနေသော လှုပ်လှုပ်မှာ တွေ့နေကျငပိန်ကိုလည်း မှတ်မိသည် ဖြစ်ရကား နှာခေါင်းနှင့် ပြေးဆောင့်၏။ အရှိုက်တည့်တည့် အဆောင့်ခံရသဖြင့် မြက်တောကြား ဗွက်ကြား ငပိန် ကားခနဲ ကျ၏။ ခေါင်းဆုံး ခြေဆုံး ဗွက်နှင့် လူးလေသည်။ ထိုစဉ် တရကြမ်းပြေးချလာသော စိန်စိန်မှာ ငှက်ပျောသီးတွေ ဘယ်ကျကျန်ခဲ့မှန်း မသိတော့။ လှုပ်လှုပ် ခြေထောက် တစ်ဖက်ကို အားပါးတရ ဒိုင်ဗင်ပစ်ကာ ဝင်ဆွဲ၏။ ကောက်ကြီးမှာလည်း ဝက်ကြီးတစ်ကောင်လုံး တွေ့၍နေမှ ငါ့လက်က မလွတ် စေရဘူးလဟဲ့ဟူ သဘောထားသည့်အလား လှုပ်လှုပ်ကျောပေါ် ခုန်တက်ရန်ကြံ၏။ လှုပ်လှုပ် စိတ်လွတ်ရှာလေပြီ။ အဖေသည် သဘောကောင်းလှချေတကား။ ဤအကောင်တွေနှင့် ဤဗွက်တောထဲ ငါ့အားဆော့ခိုင်းရှာလေခြင်း။ ဝက်သိုး အလွန်မြူးလေပြီ။ ခြေထောက်တစ်ချောင်းဆွဲထားသော စိန်စိန်ကို နောက်တစ်ချောင်းနှင့် အတင်းကန်ကျောက်ရုန်းရာ လန်ကျန်ခဲ့၏။ အတင်း ခုန်အုပ်လာသော ကောက်ကြီးအား ခါချ၏။ လှုပ်လှုပ်မှာ ဝေးဝေးမပြေး။ ငပိန်တို့လေးယောက် ပတ်ဝန်းကျင်တွင်သာ ပတ်ပြေး၏။ ငပိန်တို့မှာလည်း ဝက်ကို လူကမှ မနိုင်လျှင် လူသိက္ခာကျသည့်အလား အတင်းဖမ်း၏။ တကယ်တမ်းတော့ မြူးနေသော ဝက်သိုး တစ်ကောင်သည် အဖမ်းရခက်လှကြောင်း သူတို့မသိ။ လုံးထွေး၍သာ နေကြကုန်၏။ ဤကြားထဲ မည်သူ သွားဆော်ဩသည်မသိ။ ယောက်ျား၊ မိန်းမ၊ ကလေးလူကြီးအချို့သည် ကွင်းစပ်သို့လာ၍ လူလေးယောက်နှင့် ဝက်သိုးတစ်ကောင် လုံးထွေးနေသည်ကို တဝါးဝါး တဟားဟား လာရောက်ကြည့်ရှူလေကြကုန်၏။ ထိုသို့ဖြင့် ...

(၈)

ကိုပြုံး ရုံးမှ ပြန်လာသောအခါတွင် လှုပ်လှုပ်မှာ သူ့ခြံထဲသူ ရောက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရလေ၏။ ထို့အတူ ငပိန်နှင့် မေးရှည် အမှူးပြုသော ချာတိတ်လေးကောင်မှာလည်း သူ့အိမ်ဝ သမံတလင်းတွင် ရွှံ့အလိမ်းလိမ်းနှင့် လဲကာ အိပ်မောကျနေသော မေးရှည်ကို အတင်းနှိုးကာ မေးရလေ၏။ သူ့သား ခြံထဲပြန်ရောက်နေသည်ကို သူ ဝမ်းသာသည်ကိုး။

" ဟေ့ကောင်တွေ ထကြပါဦးဟ၊ တော်တယ်ကွာ။ ငါ့သား ဘေးမသီရန်မခ ပြန်ပို့နိုင်တာ "

အိပ်ချင်မူးတူးဖြစ်နေသော မေးရှည်စကားကြားသော် ကိုပြုံး အံ့အားသင့်လေသည်။

" ခင်ဗျားသားက ကျုပ်တို့နဲ့ လုံးတာ သေမလိုပဲ။ ဆော့လို့ ဝမှ သူ့ဟာသူ အိမ်ပြန်သွားတာ၊ ရှီးတဲ့မှ၊ ခင်ဗျားသားက ဝက်သာ ပြောတာ လူထက်လည်တယ်။ ဆော့လို့ဝတော့ အိမ်ပြန်လာတာ တန်းလို့။ အခု ခင်ဗျားမြင်တဲ့အတိုင်း သူ့နေရာသူ ပြန်အိပ်လို့၊ နောက်တစ်ခါ ကျုပ်တို့ကို လုံးဝ လာမခေါ်နဲ့ "

လှုပ်လှုပ်မှာ မကြားတော့ပါ။ ဤလိုကောင်စားတွေရှိမှတော့ ရန်ကုန်မြို့ကြီး နေပျော်လှပေါ့။ စိန်စိန်ဆိုသောကောင်မှာ အာပုပ်ရည်များပင် ထွက်လျက်။ ဪ တစ်ချိန်က ရန်ကုန်ဆင်ခြေဖုံး။ တို့မြို့ တို့ပိုင်ခဲ့တုန်းက ပျော်စရာ။ အခုတော့ သုဝဏ္ဏ။ မီးကျိုးမောင်းပျက် သူဌေးတွေနဲ့ ပွလို့။

အရိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။