contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဗိုင်းရပ်(စ်)တစ်ကောင်ရဲ့ အဖျား
Chapter 1
နေမျိုး

( က )

ခပ်စောစောက ခုန်ပေါက်ဆူညံခဲ့သောမြို့သည် အရက်မူး၍အိပ်ပျော်စပြုပြီ။ ကောင်းကင်မှာ လမင်းဖြူက ထိန်နေလေသည်။ သည်ကနေ့ညက နက္ခတ်ကြယ်တာရာတွေ စုံမယ့်ည။ တိတ်ဆိတ်၍ လူသူကင်းမဲ့ဟန်ရှိသော ကင်းတဲတစ်ခုထောင့်ကွေးတွင် ဖရိုဖရဲဖြစ်နေသော မီးဖိုတစ်ခုမှ မီးခိုးစတို့ အူထနေ၏။ အနီး၌ ခွေးတစ်ကောင် ငြိမ်သက်နေသည်။ အားလျားမှောက်နေသော ကတ္တရာလမ်းမ၏ ကျောကုန်းထက်မှာ ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို ကျယ်လောင်စွာဟစ်အော်၍ လမ်းလျှောက်လာခဲ့သည်။ ကျွန်တော့သီချင်းသံကြောင့် နှင်းတွေ ကြွေကျလာသည်။ အဝေးရှိ ဓာတ်တိုင်ကြီးများမှ မီးရောင်ကို မှုန်ပျပျနှင့် လွမ်းဆွတ်စဖွယ် မြင်တွေ့ရလေသည်။ ကြည့်စမ်း ကျွန်တော် တစ်ယောက်ယောက်ကို လွမ်းနေသည်ပဲ။

" မိန်းမဆိုတာ ဆောင်းလေပမာညီ အတွင်းသဘော ဘယ်မတည်ပြောင်းလဲ ဖောက်လွဲတတ်သည် "

အက်ကွဲကွဲ သီချင်းသံကို ကြားရ၏။ သီချင်းသံသည် ကျွန်တော့အသံဖြစ်သည်မှာ သေချာပါသည်။ ( အကြောင်းမှာ ဤအနီး တစ်ဝိုက်၌ သက်ရှိဟူ၍ သစ်ပင်များ၊ ကျွန်တော်နှင့် ခွေးတစ်ကောင်သာ ရှိလေသည်။ သစ်ပင်များနှင့် ခွေးတို့ သီချင်းဆိုသည်ဟု ကျွန်တော်မကြားဖူးသေးချေ) ထိုခဏ၌ ဆောင်းလေသည် ဝေ့လာ၏။ ချမ်းသည်လား အေးသည်လား မပြောတတ်။ ကျွန်တော့ အရိပ်သည် ဟိုလူးသည်ခါနှင့်။ လမ်းလျှောက်သည်မှာ ယိုင်နေပြီကော။ ကျွန်တော့အမြင်တော့ ကတ္တရာလမ်းမသည် ကြိုး တစ်ချောင်းနှင့် တူနေတော့သည်။ ( တွန့်ကောက်နေ့တဲ့ ကြိုးနက်တစ်ချောင်းပါပဲ ) လမင်းကြီးမှာ ထိန်လွန်းလှတော့၏။ ကမ္ဘာဦးကျောက်ခေတ်က ညတစ်ညမှာ လမင်းကြီး သည်လိုပဲ ထိန်ခဲ့မည်ကို ကျွန်တော်ယုံကြည်ပါသည်။ ကမ္ဘာဦးလူသား တစ်ယောက်သည် ကျွန်တော့လိုပဲ လမ်းလျှောက်ဖူးလိမ့်မည်ကား။

" ဝုန်း ... ခွပ် "

ကျွန်တော့ ကိုယ်ခန္ဓာ ဘေးတစောင်းလဲကျသွား၏။ ( ဘယ်သူမှ မြင်ဟန်မတူပါ ) ကျွန်တော့ခြေထောက် ချိုင့်ခွက်ထဲသို့ ကျသွား သည်။ လူးလဲထလိုက်သည်။ ဤချိုင့်ခွက်က ကမ္ဘာဦး ချိုင့်ခွက်မဟုတ်ချေ။ ( ၈၂ )လမ်း ဝက်စုလမ်းမကြားမှ ချိုင့်ခွက် ဖြစ်သည်။ ခုမှ သတိပြုမိလိုက်၏။ ခြေထောက်မှာ ဖိနပ်ပါမလာတော့။ ကျွတ်ကျကျန်ရစ်ခဲ့ပြီ။ ဘယ်နေရာမှာလဲ မသိ။ အို သည်ကောင် အမြီးပါးလှ ပြီပဲ။ အေးအေး နေရစ်ခဲ့ပေတော့။ ငါသွားတော့မယ် ဖိနပ်ကလေးရေ။ ကျွန်တော်သည် ကိုယ့်အတွေးကိုယ် သဘောကျ၍ အသံထွက်အောင်ပင် ရယ်လိုက်မိသည်။ သူငယ်ချင်းတစ်ယောက်၏ စကားကိုလည်း ရုတ်တရက် သတိရမိလိုက် သေးသည်။

" မင်းဟာ တွေးခေါ်ပညာရှင် မဟုတ်သေးတာက လွဲလို့ မင်း အတွေးတွေဟာ မဆိုးဘူးကွ "တဲ့။

( ထိုသူငယ်ချင်းအမည်မှာ ဇော်ကြီးဖြစ်ပြီး ယခု ဒေါ်ကုလားမကြီးဆိုင်တွင် မှောက်နေသဖြင့် ထားခဲ့ရသူ ဖြစ်ပါသည် ) ထို့နောက် ကျွန်တော်သည် ဂုဏ်ယူနိုးကြားစွာ လမ်းဆက်လျှောက်လာသည်။ ရှေ့တူရှူတွင် ခွေးများ လမ်းမဟိုဘက်ပြေးလိုက် သည်ဘက် ပြေးလိုက်နှင့်။ သူတို့ပျော်ရွှင်နေကြပုံမှာ မနာလိုစရာ ကောင်းနေသလား။ သို့မဟုတ် အားကျစရာကောင်းနေသလား။ ထိုခွေးအုပ် ထဲတွင် ကိုယ့်အရိပ်ကိုယ် ပြန်ဟောင်နေတဲ့ ခွေးတစ်ကောင်တလေမျှမပါတာ သေချာပါသည်။ ခွေးအုပ်အနီးမှ ဖြတ်သောအခါ ဝဲစား၍ အမွေးရှားပါးနေသော ခွေးတစ်ကောင်က စဟောင်၏။ နောက်တော့ အားလုံးသံပြိုင်။ ကျွန်တော်မကြားရလေဟန်ဖြင့် ဆက်လျှောက်လာခဲ့ပါသည်။ မီးရောင်တန်းတစ်ခုရှေ့ အေလမ်းမမှအထက် ( ကျွန်တော့ခန့်မှန်းခြေ တစ်ပေ၊ တစ်ပေခွဲသာသာ နှစ်ပေနီးနီး အလွန်ဆုံး သုံး လေးပေ) မှ ဖြတ်ပြေးလာ၏။ ကားလေးတစ်စီးတော့ လာနေပြီ။ ကျွန်တော့နား၌ အင်ဂျင်စက်သံကို ကြိုတင်၍ ကြားမိလိုက်၏။ ချိန်တန်ပြီကွေ့မှာ သတိနှင့်ရပ်နေလိုက်သည်။ ( ဥပမာ ကုလားကားထဲမှ လားလာ... လာ ဒီဒီ...ဒီ အူ... အူး ဆိုတာမျိုး ) မော်တော်ဆိုင်ကယ် နှစ်စင်း ဖြတ်မောင်းသွားကြလေသည်။ ဆိုင်ကယ်နှစ်စီး၏ သွားနှုန်းသည် ညီလှ၏။ မော်တော်ကားတစ်စီး ဖြတ်မောင်းသွားသည့်နှယ် စီးနိုင်ကြသဖြင့် သူတို့ကို ကျွန်တော့စိတ်ထဲမှ ကြိတ်၍ ချီးကျူးမိလိုက်သည်။ ချိန်တန်ပြီကွေ့အနောက်ဘက်ရှိ တရုတ်လက်ဖက်ရည်ဆိုင်သည် နီယွန်မီးရောင်တို့ကို ကတ္တရာလမ်းမပေါ်သို့ ထွေးထုတ်ထား၏။ သီချင်းသံကြားရသည်။ စိုင်းထီးဆိုင်၏ သီချင်းတစ်ပုဒ်။ သီချင်းသံနောက်မှ စိတ်လှုပ်ရှားဖွယ် ဘေ့(စ်)ဂစ်တာသံကို ကြားနေရ၏။ ဘေ့(စ်)ဂစ်တာသံ၏ ဆွဲငင်မှုကြောင့် ဆိုင်ရှေ့လားရာ ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့သည်။ ဆာလောင်မှုမရှိ။ ယနေ့ညအဖို့ လက်ဖက်ရည်သောက်ချင်စိတ်လည်း မရှိပါ။ သို့သော် လက်ဖက်ရည်ဆိုင်အတွင်းသို့ ကျွန်တော် ဝင်လိုက်သည်။ ဘေ့(စ်)ဂစ်တာ သံကို သဘောကျ၍ဖြစ်သည်။ ထိုင်ပြီး နားထောင်ချင်သည်လေ။ လူတချို့က ကျွန်တော့ကို လှမ်းငဲ့ကြည့်ကြသည်။ တချို့က လက်ဖက်ရည်ကို တစ်ကျိုက်တစ်ကျိုက် မော့ချနေကြသည်။ တချို့က ငိုက်မြည်းရင်း ပေါက်စီကို လေးကန်စွာ ဝါးနေကြ၏။ ဘေ့(စ်)ဂစ်တာသံကြောင့် ကျွန်တော့အာရုံကြောတို့ နိုးကြားလာသည်။ နှုတ်ခမ်းနီမသည် ကျွန်တော့အပါးသို့ ချည်းကပ်လာ၏။ ထောင့်ကွေးက လူလွတ်စားပွဲတစ်ခုမှာ ကျွန်တော်ရောက်နေပါပြီ။

" ဖန်ကျဝမ်း "

သူမ နှုတ်ခမ်းလှုပ်ရန် ပြင်နေဆဲမှာပဲ ကျွန်တော်က ဦးအောင်မှာလိုက်၏။ ( တစ်ခါ တစ်ခါ ကျွန်တော်က ဒီလိုပဲ လျင်ပါသည် ) လက်ဖက်ရည် သောက်ချင်စိတ်မရှိ။ သို့သော် ညလက်ဖက်ရည်ဆိုင်တွင် ထိုင်တိုင်း ကျွန်တော် ဒီမှာ ထိုင်နေကျပဲ ဖြစ်လေသည်။ ဝကစ်ကစ် နှုတ်ခမ်းနီမသည် မလှသော နှုတ်ခမ်းများကို ကွေးညွှတ်၍ တင်းရင်းသော အသားစိုင်တို့ကို လှုပ်ယမ်း၍ ကျွန်တော့ထံ သေချာစွာ လာနေလေပြီ။ လက်ထဲက လက်ဖက်ရည်ပန်းကန်သည် အငွေ့ချောင်းချောင်းအူလျက် ကြည့်ကောင်းကောင်းနှင့် ကျွန်တော်ကြည့်နေခဲ့မိသည်။

" ဒီမှာ လက်ဖက်ရည်ရှင့် "

ပန်းကန်ကို ချ၍ ရှက်မူရှက်ရာဖြင့် ( အမှန်တကယ် မရှက်။ ကျွန်တော်သိသည်။ သိပါလိမ့်မည် ) ထွက်သွားလေသည်။ အို... မိန်းကလေး ကျွန်တော့ရင်ခွင်ထဲတွင် ခရာမှုတ်သံများ မြည်လာသည်။

" ဒီမယ်... ဟေ့ ဒီမယ် ဒီမယ် ခဏ "

" ပေါက်စီလား၊ ဟိုမှာ လာနေပြီရှင့် "

" နိုး.... ပေါက်စီကိုခေါ်တာမဟုတ်ဘူး၊ သူ့ကိုခေါ်တာ "

တစ်ခါဖြင့် တွေ့ကြပြီးဟန်မျိုးနှင့် သူမကလည်း ကျွန်တော့ထံ လှည့်လာ၏။

" ကွာ... ဒီကုလားထိုင်မှာ ခုနှစ်မိနစ်လောက် မင်းထိုင်နေပါလား "

" ............... "

" ငါ ကြည့်နေချင်လို့ "

သူမက ဘာလို့လဲဟု မမေးခင်မှာပဲ ကျွန်တော် ဆက်ပြောလိုက်သည်။

" အို ထိုင်ချင်ပါဘူး၊ သူက အရက်မူးနေတာကြီး "

" မူးနေတယ်၊ အို... မင်းက ဒီလိုထင်နေသလား၊ မင်းမှားပြီ "

" ကိုယ် ဆယ့်နှစ်အလီကို ဇောက်ထိုးရွတ်ပြရမလား၊ ခြေတစ်ပေါင်ကျိုး မတ်တပ်ရပ်ပြရမလား၊ စုံတွဲသီချင်းတစ်ပုဒ်ကို မင်းနဲ့အတူ ဆိုပြရမလား လား လား လား လား ... "

သူမ၏ နှုတ်ခမ်းနှစ်ခု ထိစပ်ရာသည် ဗဂျီအောင်စိုး၏ မျဉ်းကောက်တစ်ကြောင်းနှင့် တူသွားလေသည်။ သားငယ်ကိုကြည့်သော မိခင်၏ မျက်လုံးမျိုးဖြင့် ကျွန်တော့ကို ကြည့်ရင်း

" ဒီက သီချင်းမှ မဆိုတတ်ပဲ "

" ဒါဖြင့် ကောင်းပြီ၊ မင်းထိုင်တော့ ထိုင်တတ်တယ်မဟုတ်လား၊ ခဏထိုင်ပါလား "

သူမသည် နောက်သို့ လည်ပြန်ငဲ့ကြည့်ပြီး ဝင်ထိုင်လိုက်သည်။ ကောင်တာမှာ တရုတ်ကြီး ငွေစက္ကူများကို ရေတွက် ပွတ်သပ် အမ်းနေသည်။ ဟော ခုကြားရသည့်သီချင်းက တစ်မျိုးပါလား။ ကွာစိလေးလိုပဲ။ ကွာလိုက် စိလိုက်နဲ့တဲ့။ သန်းနိုင်သီချင်း ဖြစ်နေ သည်။

" မင်း ဒီလို သီချင်းတွေ သဘောကျသလား " ( ခေါင်းညိတ်ပြ၏ )

" ရော့ မင်းလက်ဖက်ရည် မင်းပဲ သောက်လိုက်တော့၊ ငါ မသောက်ချင်လို့၊ မုန့်ရောစားလေ "

မည်သို့မှပြန်မပြော။ အလွယ်တကူပင် ယူသောက် လိုက်လေသည်။ ကျွန်တော့ အကဲခတ်မှန်နေပြီ။ လက်ဖက်ရည်ကြိုက်တဲ့ ကောင်မလေးပဲ။ သူ လက်ဖက်ရည်ကြိုက်တတ်ပုံမှာ တစ်ယောက်ယောက်နှင့် တူလွန်းပါကလား။ လျှပ်စစ်ဓာတ်သည် မည်သည့် ဝိုင်ယာမှ ကူးသွားသည်မသိ။ ကျွန်တော့ချစ်သူကို သတိရသွားလေသည်။ ( သတိချပ်။ ကျွန်တော့မှာ ချစ်သူရှိသည် ) အို... အခုမှ ကျွန်တော့ကိုယ်ကျွန်တော် ရိပ်မိတော့သည်။ ကျွန်တော် အရက်မူးနေသည်ပဲ။ ကိစ္စမရှိ။

" မင်း သွားတော့ကွာ၊ ဟိုမှာ ကောင်တာက လှမ်းကြည့်နေတယ် "

သူမသည် အေးစက်စွာပင် ထပြန်သွားလေသည်။ ကျွန်တော်သည် အိတ်ကပ်ထဲမှ ငွေစက္ကူများကို ဆွဲထုတ်လိုက်သည်။ ထိုစက္ကူများထဲမှ စက္ကူတစ်ရွက်ကို ရွေးထုတ်ပြီး စားပွဲပေါ်ချထားလိုက်သည်။ စားပွဲမှ ထလာခဲ့သည်။ ခုချိန်ဆို ကျွန်တော့ချစ်သူ သည် သူ့ချစ်သူထံမှာ ရှိနေမည်ထင်သည်။ အလို... အမူးပြယ်တော့မည်။ ခက်လှပါတကား။ ကိစ္စမရှိ။ အပြင်ကို ကြည့်လိုက်တော့ နှင်းတွေပိတ်နေသည်။ ဟိုမှာ နှင်းတွေ နောက်နှင်းတွေ ... နှင်းတွေနှင့် ဟိုးအဝေးကြီးမှာ နှင်းတွေ ... ။

( ခ )

မိုးပေါ်မှာ လသာနေသည်။
လမ်းပေါ်မှာ လေတိုက်နေသည်။
ကားတိုက်ခံလိုက်ရသော ခွေးတစ်ကောင်မှာ ကျယ်လောင်စွာ ဟောင်နေလေ၏။

နေမျိုး
၁၉၈၃၊ နိုဝင်ဘာ၊ ၂၀

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။