Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဖြန့်ထားတဲ့ လက်ဝါးကြီး
Chapter1
နေမျိုး

ဖြန့်ထားတဲ့ လက်ဝါးကြီး မြို့ထဲမှာလျှောက်သွားနေတယ်လို့ သတင်းဖြစ်ပေါ်နေတယ်။ ကျွန်တော်က မယုံပါဘူး။ ကျွန်တော် မယုံဘူးဆိုတာ အဖြစ်အပျက်ကို မယုံတာမဟုတ်ပါဘူး။ တစ်ဆင့်ခံသတင်းတွေကို မယုံတာပါ။ ဒီခေတ်ဒီအခါမှာ ဘယ်အဖြစ် အပျက်မဆိုဖြစ်နိုင်တယ်လို့ ကျွန်တော်လက်ခံထားပြီးသားပါ။ ဖြန့်ထားတဲ့ လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်တဲ့။ လူတွေဟာ ကဖေးဆိုင်တွေမှာ ဒီသတင်းကို ပြောဆိုနေကြတယ်။ ဘတ်စ်ကားမှတ်တိုင် လူစုစုမှာလည်း ဒီသတင်းကို ပြောဆိုနေ ကြတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေည သန်းခေါင်လောက်မှာ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ နိုက်ကလပ်ထဲကို ဝင်သွားပြီး ခန်းမလယ်မှာရပ်နေတယ်တဲ့။ နိုက်ကလပ်ရဲ့ သန်းခေါင်ကျော်ခဲ့ချိန်မှာ အထဲကလူတွေဟာ သူတို့ရဲ့ခံစားမှုကလွဲလို့ ဘာကိုမှ အရေးမလုပ်ကြတော့ဘူး။ ဖြန့်ထားတဲ့ လက်ဝါးကြီးကိုလည်း စိတ်မဝင်စားကြဘူးတဲ့။ ဒါပေမယ့် ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ ဖြန့်ထားလျက်ပါပဲ။ ဖြန့်ထားတဲ့ လက်ဝါးကြီးနဲ့ နိုက်ကလပ်ထဲက လူတွေအကြောင်း ကိုယ်တွေ့သိမြင်ခဲ့သူ တစ်ဦးက ခုလို ပြောပြပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ အချိန်တော်တော်ကြာအောင် ရှိနေခဲ့သတဲ့။ နံနက်လင်းအားကြီး တစ်ခုခုမရဘဲ တစ်နေရာရာက ဘယ်တော့မှမထွက်ခွါဘူးတဲ့။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ နိုက်ကလပ် ထဲကနေ သီချင်းတစ်ပုဒ် ( ငါတို့ အမှောင်ထဲမှာ ဆုံကြမည် ) ဘီယာတစ်ဖန်ခွက်၊ အပျိုစင်ညတစ်ည၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ဂိတ်စောင့်အဘိုးကြီးရဲ့ တုတ်ကောက်တစ်ချောင်းကို ယူဆောင်သွားခဲ့ပါတယ်တဲ့။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ မြို့ထဲမှာ လျှောက် သွားနေတယ်လို့ လူတွေပြောနေကြလျက်ပဲ။ ဒါတွင်သာမက မြို့ပြင်ဘက်ထိပါ ဖြန့်ထားတဲ့လက်ဝါးကြီး လျှောက်သွားနေတယ် လို့ ပြောလာကြပါတယ်။ တစ်ရက်က လူတစ်ယောက်ဟာ မြို့ပြင်က မြစ်ကမ်းတစ်ခုမှာ ငါးထိုင်မျှားနေသတဲ့။ သူဟာ ငါး သုံးလေး ကောင်ကိုလည်း မိထားပြီတဲ့။ သူဟာ ငါးမျှားတံမှာ ငါးစာကိုတပ်ပြီး ငြိမ်သက်မှုနဲ့ ငါးကိုမျှားနေတာပေါ့။ အဲဒီအချိန်မှာပဲ သူ့နောက် ကျောဘက်ကို ဖြန့်ထားတဲ့ လက်ဝါးကြီး ရောက်လာတော့တယ်။ သူဟာ ဖြန့်ထားတဲ့ လက်ဝါးကြီး သူ့နောက်မှာ ရောက်နေတာကို မသိဘူးတဲ့။ ငါးစာကို ငါးက ဟပ်လိုက်တဲ့ အချိန်မှာ သူထာ ဆတ်ခနဲ ဆွဲတင်လိုက်တယ်။ ငါးဟာ ငါးမျှားချိတ်မှာမိပြီး လေထဲမှာ ကိုင်းညွတ်ကာ နောက်ဘက်ကိုကျသွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ဖြန့်ထားတဲ့ လက်ဝါးကြီးနဲ့ ဖြန့်ထားတဲ့ လက်ဝါးကြီး ထဲမှာ ဖျပ်ဖျပ်လူးနေတဲ့ ငါးကို တွေ့ရတော့တာပါပဲ။ သူက တစ်ခုခုပြုမူဖို့ ကြံရွယ်နေစဉ်မှာပဲ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ နောက်ပြန်ဆုတ်ပြီး မြို့ဘက်ကို ထွက်ခွါသွားတော့တယ်တဲ့။ ဖျပ်ဖျပ်လူးနေတဲ့ငါးဟာ ဖြန့်ထားတဲ့ လက်ဝါးကြီးထဲ ပါသွားတော့ တာပေါ့။ တစ်ရက်ကလည်း မနက်စောစောစီးစီး ဈေးထဲမှာ ဖြန့်ထားတဲ့ လက်ဝါးကြီး လျှောက်သွားနေတယ်တဲ့။ လူတွေက သူတို့ကြားထဲ ရောက်လာတဲ့ ဖြန့်ထားတဲ့ လက်ဝါးကြီးကို တိုးတိုးဝှေ့ဝှေ့ ရှောင်ရှောင်တိမ်းတိမ်း သွားနေကြသတဲ့။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ဝက်သားဆိုင်၊ ဆိတ်သားဆိုင်၊ ဆူးပုပ်ရွက်ဆိုင်၊ ပုစွန်ခြောက်ဆိုင်၊ ငံပြာရည်ဆိုင်၊ သံပရာသီးဆိုင်တို့ကို တရွေ့ရွေ့ဖြတ်လာသတဲ့။ အာလူးဆိုင်ရှေ့မှာ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ခဏရပ်လိုက်သေးတယ်။ ပြီးတော့ ရှေ့ကိုထွက်ခွါပြီး ဈေးပေါက်က သူတောင်းစားတစ်ယောက်ဆီမှာ ဖြန့်ထားတဲ့ လက်ဝါးကြီး ရပ်သွားတော့တယ်တဲ့။ သူတောင်းစားက အဝါးရခက်တဲ့ ပေါင်မုန့်တစ်လုံးထည့်ပေးလိုက်တော့မှ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ဈေးကနေ ထွက်ခွါသွားတော့တယ်တဲ့။ ဖြန့်ထားတဲ့ လက်ဝါးကြီးအကြောင်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောလာကြတယ်။ ဆေးရုံကြီးဝင်းထဲက ကင်ဆာဆောင်ရှေ့မှာ ဖြန့်ထားတဲ့ လက်ဝါးကြီးကို တွေ့လိုက်ကြသတဲ့။ မြို့ရဲ့မြင့်မားလှတဲ့ အဆောကအအုံတစ်ခုဖြစ်တဲ့ မီးသတ်မျှော်စင်ထိပ်မှာလည်း ဖြန့်ထားတဲ့ လက်ဝါးကြီးကို တွေ့မြင်မိကြသတဲ့။ ဘဏ်တစ်ခုရှေ့မှာ ဖြန့်ထားတဲ့ လက်ဝါးကြီးကို တွေ့မြင်ကြသတဲ့။ ဆုတောင်းပြည့်ဘုရားရဲ့ မုခ်ဝတစ်ခုမှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်နေတာကို ဘုရားဖူးလာသူတွေ မြင်လိုက်ကြသတဲ့။ မြို့ရဲ့လူစည်ကားလှတဲ့ ရုပ်ရှင်ရုံတွေတစ်ဝိုက်မှာလည်း ဖြန့်ထားတဲ့ လက်ဝါးကြီး ရွေ့လျားနေတာကို တွေ့ခဲ့ကြသတဲ့။ နာရီစင်အောက်မှာ ဖြန့်ထားတဲ့ လက်ဝါးကြီးရပ်နေတာကိုလည်း အတော်များများတွေ့ခဲ့ကြကြောင်း ပြောဆိုနေကြတယ်။ ကိုယ်တွေ့ကြုံဆုံရမှုဟာ သတင်းတစ်ခုကို တကယ့်အဖြစ်အပျက်အဖြစ် လက်ခံစေပါတယ်။ အကြောင်းကတော့ မနေ့ညက အခန်းထဲမှာ ကျွန်တော်စာဖတ်နေစဉ် ဖြန့်ထား တဲ့ လက်ဝါးကြီး ရောက်ရှိလာခဲ့လို့ပါပဲ။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ပိတ်ထားတဲ့ အခန်းပြတင်းနံရံကို တအိအိတိုးဝင်ဖြတ်သန်းပြီး ကျွန်တော်စာဖတ်နေတဲ့ စားပွဲနားကို ရောက်လာပါတော့တယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီး အရွယ်အစား အတော်ကြီးပါတယ်။ အရောင်က ကြေးညိုရောင်ပါ။ မွန်ဂိုလွိုက်အနွယ်တွေရဲ့ အသာအရေမျိုးနဲ့လည်း ခပ်ဆင်ဆင်ပါ။ ဖြန့်ထားတဲ့ လက်ဝါးကြီးထဲမှာ ဉာဏလေခ၊ အာယုလေခတို့ဟာ သိသာထင်ရှားစွာဖြစ်ပေါ်နေပြီး အားကောင်းလှတယ်လို့လည်း ထင်မှတ်မိပါတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးထဲမှာ ဟဒီယလေခကိုတော့ တိုတောင်းတဲ့ မျဉ်းဖြောင့်တစ်ကြောင်းသဏ္ဌာန်သာ တွေ့ရပါတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးပေါ်က အရေးအကြောင်းတွေနဲ့ပတ်သက်လို့ သည့်ထက်ပိုပြီး ကျွန်တော်လည်းမသိပါဘူး။ ထူးခြားတာကတော့ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ပြည့်အိဖြိုးမောက်တဲ့ အသားအရေတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ ဖြန့်ထားတဲ့ လက်ဝါးကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်ကြားဖူးတာတွေ သတိရလာတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ တစ်ခုခုထည့်မပေးမချင်း မထွက်ခွါဘူး ဆိုဘဲ။ ကျွန်တော်ဟာ စာဖတ်နေရာကနေ စာအုပ်ကို စားပွဲပေါ်ချ ဦးခေါင်းကိုငဲ့ပြီး ဖြန့်ထားတဲ့ လက်ဝါးကြီးကို ကြည့်လိုက်မိတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ခပ်ကြီးကြီး စကောတစ်ချပ်အရွယ်တော့ ရှိလိမ့်မယ်။ ကြမ်းပြင်အထက် လေထဲမှာကြွပြီး ငြိမ်သက် နေပါတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ တစ်နေ့နေ့မှာ တစ်ယောက်ယောက်ဆီက တစ်ခုခုကိုယူဖို့ ရောက်လာစမြဲပဲဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူးလို့ ကျွန်တော် ပြောခဲ့ချင်ပါတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ကျွန်တော့်ဆီက ဘာကိုယူဖို့ အလိုရှိ သလဲ။ ကျွန်တော်က ကုလားအုပ်တံဆိပ် စီးကရက်တစ်လိပ်ကို ဖြန့်ထားတဲ့ လက်ဝါးကြီးထဲ ထည့်လိုက်ပါတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ကျွန်တော်ထည့်ပေးလိုက်တဲ့ စီးကရက်ကိုကောက်ယူပြီး လက်ညှိုးနဲ့ လက်မကြားမှာ ဖိညှပ်ကာ ခြေမွပစ်လိုက် ပါတော့တယ်။ ဘယ်သူ့ဆီက ဘယ်အချိန်မှာ ဘာကို ယူရမယ်ဆိုတာ ကျွမ်းကျင်ပုံရတဲ့ လက်ဝါးကြီးဟာ စီးကရက်အကြွေတွေကို ခါချပြီး ရပ်နေပါတယ်။ လေထဲမှာ ကြွနေလျက်နဲ့ပါပဲ။ ကျွန်တော်ဟာ အံဆွဲထဲက ဓားမြှောင်ကိုထုတ်ပြီး ဖြန့်ထားတဲ့ လက်ဝါးကြီးရဲ့ အလယ်ခေါင်တည့်တည့်ကို စိုက်ချလိုက်ရမလား။ မဖြစ်နိုင်ပါဘူး။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ကြီးမားသန်စွမ်းပါတယ်။ ပြီးတော့ သူ့မှာ အလွန်ကြွယ်ဝတဲ့အတွေ့အကြုံလည်း ရှိပုံပါ။ ကျွန်တော်ဟာ ဖြန့်ထားတဲ့ လက်ဝါးကြီးထဲကို ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံး အရာတစ်ခုခုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံး အရာတွေကတော့ - ( ၁ ) လူငယ်ဘဝ၊ ( ၂ ) ကဗျာတွေ၊ ( ၃ ) ထွန်ယက်ထားတဲ့ ဝိညာဉ်၊ ( ၄ ) ယုံကြည်ချက် နဲ့ ( ၅ ) ကိုယ်ကျင့်တရားတို့ပါပဲ။

အဲဒီနေ့ကစပြီး ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ပြန်ရောက်မလာတော့ပါဘူး။ ဖြန့်ထားတဲ့ လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်ဆိုတဲ့ သတင်းဟာ တဖြည်းဖြည်း မှိန်ဖျော့တိုးတိတ်သွားပါပြီ။ အဲဒီသတင်းကို ပြောသူ တစ်စတစ်စနဲ့ မရှိသလောက်ဖြစ်သွားပါပြီ။ လူတွေမေ့သွားကြပါပြီ။ ဖြန့်ထားတဲ့ လက်ဝါးကြီးဟာ ဝေးလံလှတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်များမှာ လှည့်လည်နေမလားလို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ဆီက အဖိုးအထိုက်တန်ဆုံး အရာတစ်ခုကိုလည်း သူ ယူဆောင်သွားခဲ့ပြီ။ ခုချိန်မှာတော့ ကျွန်တော်ဟာ အရက်စွဲနေတဲ့ အဘိုးအိုတစ်ယောက် ဖြစ်နေပါပြီ။ ကျွန်ုပ်ခါးတွေ ကိုင်းခဲ့ပါပြီ။ ကျွန်ုပ်နားတွေ ထိုင်းခဲ့ပါပြီ။ ကျွန်ုပ်မျက်စိတွေ မှုန်မှိုင်းခဲ့ပါပြီ။ ကျွန်ုပ်ဆံစတွေလည်း ဖြူခဲ့ပေါ့။ ကျွန်ုပ်လက်တွေဟာ အမြဲလိုလို တုန်ယင်နေကြတယ်။ အိမ်အိုဟောင်းကလေးထဲကနေ အပြင်ကိုငေးလို့ ကျွန်ုပ်စောင့်ကြည့်နေမိတယ်။ ဖြန့်ထားတဲ့ လက်ဝါးကြီး နောက်တစ်ကြိမ် ရောက်လာမယ့်နေ့ကိုလေ။

နေမျိုး
၁၉၊ ၄၊ ၂၀၀၃

ပင်မစာမျက်နှာသို့ပြန်သွားမည် >>