Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သေဆုံးသွားတဲ့ လျှို့ဝှက်ချက်
Chapter1
တာရာမင်းဝေ

တစ်ခါတုန်းကပေါ့လေ။ ဘိုခါရာ ဆိုတဲ့မြို့မှာ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။ သူ့ခေတ်ကာလအလျောက် ကြွယ်ဝချမ်းသာ ပါတယ်။ သူ့မှာ အလှမွေးထားတဲ့ ကြက်တူရွေးတစ်ကောင်ရှိတယ်။ ကြွားဝါတတ်တဲ့ ကုန်သည်ကြီးဟာ အဲဒီကြက်တူရွေးကို ရွှေလှောင်အိမ်နဲ့ထည့်ထားတယ်။

တစ်နေ့တော့ ကုန်သည်ကြီးဟာ ခရီးထွက်ဖို့ကိစ္စ ကြုံလာတယ်။ အဲဒီတော့ သူ့အိမ်သားတွေကို သူမေးတာပေါ့။

"ကဲ ဘယ်သူ ဘာမှာကြမလဲ"

အိမ်သူ အိမ်သားတွေက တစ်ယောက်တစ်ပေါက် ဝိုင်းမှာကြတယ်။ ပိုးထည်ဝတ်ရုံ၊ ကြိုးဆွဲပုတီး၊ ဖန်လက်ကောက် စသည်ဖြင့်ပေါ့။ ခရီးထွက်ကာနီးကြတော့ သူဌေးက အနောက်အပြောင်သဘောနဲ့ ကြက်တူရွေးကိုပါ ထပ်မေးတယ်။

"မင်းရော ငါ့ကို ဘာမှာဦးမလဲ"

ကြက်တူရွေးက တော်တော်စဉ်းစားပြီးမှ ပြန်ဖြေတယ်။

"ကျွန်တော့်အတွက် ဘာမှ မလိုအပ်ပါဘူး"

"အေးလေ မင်းကို ဘာမှမလိုအပ်အောင် ငါ ထားတာပဲ"

"တစ်ခုပဲ အမှာစကား ပါးချင်ပါတယ်"

"ပြော ဘာလဲ"

"သူဌေးမင်းရဲ့ လက်ရှိခရီးဟာ တောအုပ်တစ်ခုကို ဖြတ်သွားရမှာ ဖြစ်ပါတယ်"

"ငါသိတယ် ဘာဖြစ်လဲ ဆက်ပြော"

"အဲဒီမှာ ကျွန်တော့်ရဲ့ မျိုးတူကြက်တူရွေးတွေကို တွေ့ရင် ကျွန်တော်က နှုတ်ဆက်လိုက်ကြောင်း ပြောပေးပါ"

ကုန်သည်ကြီးက "တဟားဟား"ရယ်ပါတယ်။ "စိတ်ချ စိတ်ချ ငါ ပြောလိုက်မယ်" လို့လည်း ဆိုပါတယ်။ နောက်တော့ သူ့ခရီးကို စထွက်တယ်။

ခရီးက ချောချောမောမောပါပဲ။ အိမ်သားတွေမှာလိုက်တဲ့ ပစ္စည်းတွေကိုလည်း စုံစုံလင်လင် ဝယ်ယူခဲ့ပါတယ်။ ကြက်တူရွေးကလေး မှာလိုက်တဲ့ ကိစ္စကိုတော့ အပြန်ခရီးကြမှ သတိရတော့တယ်။ အဲဒါနဲ့ပဲ အဲဒီတောအုပ်ကို ပြန်အဖြတ်မှာ

"ဟေး ကြက်တူရွေးကလေးတို့"

ကြက်တူရွေးတွေ စုစည်းနားခိုနေတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ သူ အော်ဟစ်စကားစလိုက်တယ်။

"မင်းတို့အားလုံးကို ရွှေဂဲက သတိရပါတယ်"

ကြက်တူရွေးတစ်ကောင်က ပြန်မေးတယ်

"ဘယ်က ရွှေဂဲလဲ"

"ဘိုခါရာမြို့က ရွှေဂဲလေ"

"သူက ဘယ်ရောက်နေလို့လဲ"

"ဘိုခါရာမှာပဲပေါ့။ ငါ့အိမ်က ရွှေလှောင်ချိုင့်ထဲမှာရှိတယ်"

" အို "

အဲဒီစကားကိုလည်းကြားရော အဲဒီကြက်တူရွေးလေးဟာ တဆတ်ဆတ်တုန်ယင်လာတယ်၊ ပြီး သစ်ကိုင်းပေါ်ကနေ ဘုတ်ခနဲ ပြုတ်ကျပြီး သေဆုံးသွားတော့တယ်။

ကုန်သည်ကြီးဟာ အဲသည့်မြင်ကွင်းကို တွေ့ပြီး စိတ်မကောင်းဘူး။ မိတ်ဆွေအပေါ် အတော်ချစ်ရှာတဲ့ ကြက်တူရွေးကလေးလို့ သတ်မှတ်မိတယ်။ စိတ်မချမ်းမသာနဲ့ပဲ သူ့ခရီးဆက်လို့ အိမ်ပြန်လာခဲ့ရတာပေါ့လေ။ အိမ်ရောက်တော့ ကျန်တဲ့သူတွေကို လက်ဆောင်ပစ္စည်း ဝေငှပေးတယ်။ နောက်ဆုံးကျမှပဲ ရွှေလှောင်ချိုင့်ထဲက ကြက်တူရွေးလေးဆီ သူ လေးတိလေးကန် ရောက်သွားတယ်။

"ရွှေဂဲရေ မင်း မှာတာကို ငါ ပြောခဲ့ပါတယ်"

"သူတို့က ဘာပြန်ပြောလဲ သူဌေးကြီး"

"အေးကွာ သူ့တို့ထဲက တစ်ကောင်က မင်းအကြောင်းတွေပြန်မေးရင်း သစ်ပင်ပေါ်ကနေ ပြုတ်ကျ သေသွားတာပါပဲ"

" ဗျာ "

ရွှေဂဲကလည်း တဆတ်ဆတ်တုန်ယင်လာတယ်။ သူကိုယ်တိုင်လည်း ခြေကုပ်မမြဲတော့ဘဲ လှောင်အိမ်ထဲမှာ "ဘုတ်"ခနဲ ပြုတ်ကျ သေဆုံးသွားတော့တယ်။

"ဟာ ဖြစ်ပြန်ပြီ"

သူဌေးကြီးဆိုတဲ့ ကုန်သည်ကြီးဟာ အတော့်ကို တုန်လှုပ် ချောက်ချားသွားတယ်။

"ဪ တော်တော်ချစ်ကြတဲ့ သူငယ်ချင်းတွေပဲကိုး"

ကြက်တူရွေးလေး ရွှေဂဲကို လှောင်ချိုင့်ထဲကထုတ်ပြီး စားပွဲပေါ် တင်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ သေနေပြီလို့ထင်ထားရတဲ့ ရွှေဂဲက တဖျပ်ဖျပ် အားယူထပျံပြီး

"အိုး သူဌေးကြီး၊ သင် တွေ့ခဲ့ရသော ကြက်တူရွေးသည် အမှန်တကယ် သေဆုံးခြင်းမဟုတ်။ နည်းနာပေးခြင်းပါပဲ။ သူ့လို လုပ်ရင် လှောင်ချိုင့်ထဲက လွတ်မယ်လို့ အမူအရာနဲ့ သွန်သင်ပြလိုက်ခြင်းပါပဲ။ အခုတော့ ကျွန်တော် လွတ်မြောက်သွားပြီ။ ကျေးဇူးတင် ပါတယ် သူဌေးကြီး ဟား ဟား ဟား "

အားယူပျံတယ်။ ကြမ်းပြင်ပေါ် ဘုတ်ခနဲ ပြန်ကျလာတယ်။ ခုနက စကားကို ထပ်ပြောပြီး အားယူပျံတယ် ဘုတ်ခနဲ ပြန်ပြုတ်ကျ တယ်။

"အခုတော့ ကျွန်တော် လွတ်မြောက်သွားပြီ။ ကျေးဇူးတင်ပါတယ် သူဌေးကြီး ဟား ဟား ဟား "

အားယူပျံတယ် ဘုတ်ခနဲ ပြန်ပြုတ်ကျလာတယ်။ သည်တစ်ခါတော့ ပြန်တောင် မထနိုင်တော့ဘူး။

ကုန်သည်ကြီးကတော့ အူကြောင်ကြောင်ပါပဲ။ သူ ပျံတက်သွားရင် လိုက်မော့ကြည့်လိုက်၊ သူပြန်ပြုတ်ကျလာရင် လိုက်ငုံ့ကြည့် လိုက်နဲ့ ဘာမှန်းတောင် နားလည်ပုံ မရဘူး။ ရွှေဂဲမှာလည်း ကြုံးဝါးရုံသက်သက်က လွဲပြီး အကောင်အထည် မဖော်ပြနိုင်တဲ့ အနေအထားလေ။

မပျံရတာကြာလို့ သူ့ရုပ်ခန္ဓာကို စိတ်က မလိုက်နိုင်တော့ဘူး။ ပြီး အတောင်ပံ အညှပ်ခံထားရတယ်လေ။ ခပ်ကြွားကြွား ကြုံးဝါး လိုက်တာက လွဲပြီး ကျန်တာကို သူ မတတ်နိုင်ဘူး။ နောက်ဆုံးအကြိမ် ပြုတ်ကျတာမှာ တော်တော် နာသွားပြီး ပြန်တောင် မထနိုင် တော့ဘူး။ အဲဒီတော့ သူ့ကို မျက်လုံးပြူးနဲ့ ငုံ့ကြည့်နေတဲ့ ကုန်သည်ကြီးကို သွားပဲ ဖြဲပြရတော့တာပေါ့။

"ကျွန်တော်က နောက်တာပါ သူဌေးကြီးရဲ့။ သူဌေးကြီးရော ဘယ်လိုလဲ၊ ဟဲ ဟဲ နေကန်းတယ်နော်"

တာရာမင်းဝေ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>