contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အိမ်မြှောင်
Chapter1
အရိုး

မည်သို့သော အကြောင်းကြောင်းအားဖြင့် မည်သို့သောသူက စ၍ပေးခဲ့သော နာမည်မှန်း ကျွန်ုပ်သိနိုင်မည် မဟုတ်ပါ။ သိနိုင်အောင် စုံစမ်းမည်ဆိုပါကလည်း တိုတောင်းလှသော ကျွန်ုပ်၏သက်တမ်းကားထိုကိစ္စကို စုံစမ်းသိရှိနိုင်ရလောက်အောင် လုံလောက်သောအချိန် ပေးမည်မဟုတ်ပါ။ ထို့ကြောင့် အမည်နာမကိစ္စကို ကျွန်ုပ် ဤအတိုင်းထားလိုက်ပါသည်။ လူအများ ခေါ်ကြသည့် ကျွန်ုပ်သည် " အိမ်မြှောင် " တစ်ကောင်သာ ဖြစ်ပါသည်။

အိမ်မှာနေလျှင် အိမ်မြှောင်၊ ကျောင်းမှာနေလျှင် ကျောင်းမြှောင်၊ ရုံးမှာနေလျှင် ရုံးမြှောင်၊ စက်ရုံမှာနေလျှင် စက်ရုံမြှောင်၊ တောမှာ တွေ့၍ တောမြှောင်၊ မြို့မှာရှိ၍ မြို့မြှောင်ဟု ကျွန်ုပ်တို့အား ခွဲခြားခေါ်ဝေါ်ခဲ့ခြင်း လူတို့တွင် ဘယ်တုန်းကမှ မရှိခဲ့ပါ။ သို့သော် သူတို့လူများကြားထဲတွင်တော့ အိမ်မြှောင်၊ ကျောင်းမြှောင်၊ ရုံးမြှောင်၊ စက်ရုံမြှောင်၊ တောမြှောင်၊ မြို့မြှောင်များ အလွန်ပေါများ ကြောင်းကို သူတို့ပြောစကားများအရ ကျွန်ုပ်သိရှိခဲ့ရဖူးပါ၏။ ကပ်မြှောင်ခိုကပ် စားသောက်နေထိုင်တတ်သော သတ္တဝါသည် လူ တစ်မျိုးသာရှိကြောင်း လူအများ မေ့လျော့နေကြချိန်တွင် ထိုအချက်ကို ကျွန်ုပ် အိမ်မြှောင်တစ်ကောင် အပါအဝင် သတ္တဝါအားလုံး သိရှိခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် အမဲလိုက်ခြင်းဟူသော စကားသည် လူသတ္တဝါ လောကတစ်ခုတည်းတွင်သာ ရှိ၍ ကျန်သော တိရစ္ဆာန်အားလုံး၏ လောကတွင် " အစားအစာ ရှာဖွေစားသောက်ခြင်း " ဆိုသောစကားသာ ရှိကြောင်းလည်း လူတို့မသိခဲ့သည်ကို ကျွန်ုပ် အိမ်မြှောင် တစ်ကောင်အနေနှင့် ကောင်းကောင်းသိခဲ့ပြီး ဖြစ်လေသည်။ ကျွန်ုပ်အိမ်မြှောင် အပါအဝင် သတ္တဝါများသည် ဝမ်းရေးအတွက် အသက်ရှင်ရပ်တည်နိုင်ရုံသာ သတ္တဝါအချင်းသတ်ဖြတ် စားသောက်တတ်ကြသော်ငြား လူသတ္တဝါများသည် သူတို့အချင်းချင်း အပါအဝင် အခြားသတ္တဝါများကိုပါ အပျော်သဘောနှင့်ပင် အမဲလိုက်တတ်ကြကြောင်းလည်း ဤအိမ်ခန်းထဲတွင် နေထိုင်သွားခဲ့ ဖူးသည့် လူကလေးတစ်ဦးအားဖြင့် ကျွန်ုပ်သိခဲ့ရပြီး ဖြစ်ပါ၏။ ထိုသည်သာမက လူတို့သည် ကျွန်ုပ်တို့အိမ်မြှောင်များလောက်မှ လိုအပ်လာလျှင် အမြီးဖြတ်ပြေးရဲလောက်သော သတ္တိမျိုးပင် မရှိကြောင်းလည်း ဤအိမ်ခန်းတွင် နေသွားခဲ့ဖူးသော လင်မယားတစ်စုံ အားဖြင့် ကျွန်ုပ်သိခဲ့ရပြီး ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် အိမ်ခန်းတစ်ခန်းထဲမှ သာမန်အိမ်မြှောင်တစ်ကောင်သာ ဖြစ်လေသည်။

အိမ်မြှောင်တစ်ကောင်၏ ငယ်ဘဝကာလများအား မည်သည့်သတ္တဝါမျိုးမှ လိုလားလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်မှတ်မိသမျှ ကျွန်ုပ် ငယ်ဘဝ၏ နေ့ရက်တိုင်း နာရီတိုင်းမှာ အစာရေစာ ငတ်မွတ်ခြင်းနှင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်အောင် အချိန်ရှိသရွေ့ ပြေးလွှားနေရခြင်းများသာ ရှိခဲ့ကြောင်း ကျွန်ုပ်ကောင်းကောင်း မှတ်မိနေခဲ့လေသည်။ အသက်ဘေးအန္တရာယ်အတွက် ရန်သူကို လှည့်စားမျက်ခြေဖြတ်ရန် ကျွန်ုပ်၏ ခြေလက်အင်္ဂါတစ်ခုဖြစ်သော အမြီးကို ကျွန်ုပ်ကိုယ်တိုင် ဖြတ်၍ပြေးရသော အကြိမ်အရေ အတွက်ကိုပင် မည်ရွေ့မည်မျှ ရှိခဲ့ကြောင်း ကျွန်ုပ်မမှတ်မိတော့ပါ။ အလွန်တရာ နာကျင်ခဲ့ရသည်ကို ကျွန်ုပ်တစ်ဦးတည်းသာ ခံစား ခဲ့ရသော်ငြား အသက်ကို မြတ်နိုးလှသောကြောင့် ကျွန်ုပ် အကြိမ်ကြိမ်အမြီးဖြတ်ပြေးခဲ့ရလေသည်။ ထိုစဉ်က ကျွန်ုပ်အိမ်ခန်းထဲတွင် အိမ်မြှောင်မည်းကြီးတစ်ကောင်၊ ကြောင်တစ်ကောင်နှင့် လူကလေးတစ်ဦး ရှိနေခဲ့လေသည်။ အိမ်မြှောင်မည်းကြီးမှာ မျိုးတူသတ္တဝါ တစ်ကောင် စားကျက်မြေအတွင်း မနေထိုင်နိုင်ရန် ကျွန်ုပ်အား တွေ့သည်နှင့် အပြင်းအထန် လိုက်လံ ကိုက်ခဲ သတ်ဖြတ်ရန် ကြိုးပမ်းနေခဲ့ဖူးသလို ကြောင်မှာလည်း ကျွန်ုပ်အား သူ၏သရေစာအဖြစ် သဘောထားကာ အမြဲတစေ ချောင်းမြောင်းနေခဲ့လေ သည်။ လူကလေးကား ထိုသို့မဟုတ်။ ကျွန်ုပ်သည် မည်သို့မျှ အန္တရာယ်မပေးနိုင်သော တစ်စုံတစ်ရာ အနှောင့်အယှက်ပြုနိုင်သော သတ္တဝါမဟုတ်သော်ငြား ကျွန်ုပ်အားတွေ့သည့် အချိန်တိုင်း တစ်စုံတစ်ရာနှင့် အမြဲတစေ လိုက်လံပစ်ပေါက်နေတတ်ခဲ့လေသည်။ ကျွန်ုပ် အမြီးဖြတ်ချ၍ ပြေးသွားတိုင်း အမြီးပြတ်ကိုကြည့်ကာ ကျေနပ်နေလေ့ရှိကြောင်း ကျွန်ုပ်အကြိမ်ကြိမ် တွေ့ခဲ့ရဖူး၏။ ထို့နောက် အမြီးပြတ်ကို မေ့လျော့ကာ ထွက်ခွါသွားမြဲ ဖြစ်၏။

ကျွန်ုပ်၏ငယ်ဘဝအတွက် မမေ့နိုင်ဆုံးသော မြင်ကွင်းတစ်ခုမှာ ကြမ်းပေါ်ပြုတ်ကျ၍ အကြောသေကာ ငြိမ်သက်သွားပြီဖြစ်သော ကျွန်ုပ်၏အမြီးလေးအား ပုရွက်ဆိတ်နီများ ကိုက်ချီ သယ်ဆောင်သွားကြသည်ကို ကျွန်ုပ်ကိုယ်တိုင် နာကျင်စွာ ကြည့်နေခဲ့ရသော မြင်ကွင်းပင် ဖြစ်လေသည်။ ထိုစဉ်က ကျွန်ုပ်တစ်ကိုယ်လုံး နာကျင်ကြောက်ရွံ့မှုများနှင့် တဆတ်ဆတ်တုန်နေခဲ့သည်ကိုလည်း ကျွန်ုပ်မှတ်မိနေသေး၏။ ထိုမှစ၍ လူသတ္တဝါများကို ကျွန်ုပ် သတိထားနေခဲ့ရလေသည်။ ကျွန်ုပ်သည် သေးငယ်လှသော အိမ်မြှောင် တစ်ကောင်သာဖြစ်၍ ပုန်းအောင်းနေထိုင်တတ်အောင် ကြိုးစားခြင်းသည်သာလျှင် တစ်ခုတည်းသော အသက်ရှင်ရပ်တည်ရာ ဖြစ်လေသည်။

ပထမဦးဆုံး စုတ်ထိုးတတ်ခဲ့သည်မှာ ကျွန်ုပ်အား ထမင်းစေ့လေးများ ချပေးထားတတ်သော အဘွားအိုကြီးတစ်ဦး သေဆုံးသွားခဲ့ ချိန်က ဖြစ်၏။ လူတို့ဖြစ်ပေါ်လာတတ်သည့် ထူးခြားသော အခြင်းအရာများအား ကျွန်ုပ်မည်သို့ကြိုတင် သိရှိနိုင်နေခဲ့သနည်း ဟူသောကိစ္စကို ကျွန်ုပ်နားမလည်နိုင်ခဲ့ပါ။ ထိုနေ့ညက ကျွန်ုပ်သည် မျက်နှာကြက်မီးလုံးနားမှ နေ၍ အိပ်ရာထဲတွင်တစ်ဦးတည်း လဲလျောင်းအိပ်စက်နေသော အဘွားကြီးအား ကြည့်နေခဲ့လေသည်။ အလင်းရောင်လာခါနီး သူ သေဆုံးသွားခဲ့ချိန်တွင် သူ့ဘေးနား အနီးတဝိုက်၌ သက်ရှိသတ္တဝါဟူ၍ ကျွန်ုပ်သာရှိနေခဲ့လေသည်။ ကျွန်ုပ် စိတ်မကောင်းစွာ အော်ဟစ်လိုက်ခဲ့ခြင်းမှ အစပြု၍ ကျွန်ုပ် စုတ်ထိုးတတ်ခဲ့လေသည်။ ဤသည်မှစ၍ ကျွန်ုပ်သည် ဤအိမ်တွင်လာရောက်နေထိုင်ကြသော လူသတ္တဝါများအပေါ် စိတ်ဝင်စားခဲ့ လေတော့၏။ လူတို့၏ ကံကြမ္မာများ၊ ခံစားမှုများ၊ အဖြစ်အပျက်များသည်လည်း ကျွန်ုပ်အပေါ်ကြိုတင်ရိုက်ခတ်လာကြလေတော့၏။

ပထမဆုံး ကျွန်ုပ်မှတ်မိသည်မှာ ကျွန်ုပ်ငယ်ဘဝက ဤအိမ်ခန်းလေးထဲ၌ အဘွားအိုတစ်ဦး၊ ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ နေထိုင်သွားခဲ့ကြခြင်းဖြစ်၏။ ( ကလေးငယ်မှာ ကျွန်ုပ်အား အမြဲတစေ နှိပ်စက်နေခဲ့သူ ဖြစ်၏ ) အဘွား အိုသေဆုံးသွားခဲ့ပြီး မကြာလှသော ကာလတွင် ထိုလူတို့နှင့် ပတ်သက်၍ မကောင်းသော အငွေ့အသက်တစ်ခုကို ကျွန်ုပ်ခံစားလာ ရလေသည်။ ကျွန်ုပ်အော်ဟစ်နေခဲ့ပြီး မကြာသောကာလတွင် အမျိုးသားကို ကျွန်ုပ်မတွေ့ရတော့ချေ။ ထို့နောက်တွင်တော့ အမျိုး သမီးနှင့် ကလေးသည် ဤအိမ်ခန်းကို စွန့်ခွါသွားခဲ့ကြလေ၏။ သူတို့ပြောင်းရွှေ့သွားကြသောနေ့က ကျွန်ုပ်စုတ်ထိုးကာနေခဲ့ လေသည်။

ဒုတိယ ပြောင်းရွှေ့လာကြသည်မှာ အမျိုးသားကြီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်၏။ အမျိုးသားကြီးမှာ နေ့စဉ်အပြင်သို့ ထွက်ခွါသွားတတ်ပြီး အမျိုးသမီးငယ်မှာ တစ်ဦးတည်း ကျန်ရစ်နေခဲ့တတ်လေသည်။ သူတို့ပြောင်းရွှေ့လာကြပြီး မကြာသော ကာလတွင် ကောင်းသောအငွေ့အသက်များ ခံစားလာရသဖြင့် ကျွန်ုပ်ရက်အတန်ကြာ စုတ်ထိုးနေမိ၏။ ထိုသို့ဖြင့် သူတို့ ပြော စကားအရ ထီပေါက်သည်ဆိုသော အခြင်းအရာတစ်ခုဖြစ်ပွါးခဲ့လေသည်။ ထီပေါက်သည် ဆိုသော ကိစ္စကို ကျွန်ုပ် မသိပါ။ သို့ရာတွင် သူတို့ပျော်ရွှင်နေကြသဖြင့် ကျွန်ုပ်ဝမ်းသာမိပါ၏။ ကျွန်ုပ်၏ဝမ်းမြောက်မှုသည် ကြာရှည်မခံပါ။ များမကြာမီ ကာလ၌ အမျိုးသားကြီးအပြင်ထွက်သွားတိုင်း အမျိုးသားငယ်တစ်ယောက် ရောက် ရောက်လာတတ်သည်ကို ကျွန်ုပ် သတိထားမိလာ၏။ ကံဆိုးမိုးမှောင် ကျမလာမီ နှစ်ရက်က ကျွန်ုပ် သတိပေးသောအားဖြင့် မကြားခဏ စုတ်ထိုးနေမိ၏။ ဤသို့ဖြင့် အမျိုးသားကြီး၊ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်တို့ တွေ့ဆုံကြသောနေ့၌မူ ကျယ်လောင်စွာ အော်ဟစ်ကြလျက် တစ်ဦးကို တစ်ဦး တိုက်ခိုက် ကြလေသည်။ များမကြာမီကာလ၌ သူတို့အားလုံး ထွက်ခွါသွားကြလေတော့၏။

တတိယနှင့် ယခုလက်ရှိ ရောက်ရှိလာခဲ့သူမှာမူ တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်လေသည်။ ဖြစ်သလိုနေတတ်သော ထိုလူ ရောက်ရှိလာချိန်မှစ၍ ကျွန်ုပ်မှာ အတန်ငယ် အန္တရာယ်ကင်းရှင်းသွားခဲ့လေသည်။ အလွန်မွှန်စူးသော အနံ့ရှိသည့် ပုလင်းလွတ်များ မကြာခဏတွေ့ရသည်မှ လွဲ၍ ထိုသူသည် ကျွန်ုပ်အဖို့ အလွန် အန္တရာယ်မပေးသော သူတစ်ယောက်ဖြစ်လာခဲ့လေသည်။ အချို့ သော ကာလများတွင် ထိုသူသည် နေ့ပေါင်းများစွာ ဘယ်မှမသွားဘဲ အိမ်ခန်းထဲတွင် ရှိနေတတ်၏။ အချို့သောကာလများတွင်မူ ရက်ပေါင်း အတော်ကြာ ပြန်ရောက်မလာဘဲရှိနေတတ်ပြန်၏။ အချို့ညများတွင် မျက်နှာကြက်၌ ကျွန်ုပ်အစာရှာစားနေသည်ကို လိုက်ကြည့်နေရင်း မွှန်စူးသော အနံ့ရှိသည့် ပုလင်းကို မော့ကာ ကျွန်ုပ် ဘာမှနားမလည်သည်များကို ပြောဆိုနေတတ်၏။ တစ်ခါ တစ်ရံတွင်တော့ လူအများရောက်လာကြကာ ရယ်မော ဆူညံနေတတ်ကြပြန်၏။ မည်သို့ဆိုစေ အသက်ကြီးရင့်လာသော ကာလ တွင် ထိုလူနှင့် နေထိုင်သွားရသည်ကို ကျွန်ုပ် ကျေနပ်မိတော့၏။ အဘယ်ကြောင့်ဆိုသော် အိမ်မြှောင်တစ်ကောင်၏ ဘဝတွင် ကျွန်ုပ်အား အန္တရာယ် မပေးဆုံးသော လူသားတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ရသောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်သည် အိမ်ခန်းတစ်ခန်း ထဲမှ သာမန်အိမ်မြှောင်တစ်ကောင်သာ ဖြစ်လေသည်။

နောက်နေ့မနက် အိပ်ရာမှ နိုးထလာသောအခါ ကိုမောင်လှသည် အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သေဆုံးနေရှာသော အိမ်မြှောင်တစ်ကောင်ကို တွေ့ရှိရာ "စုတ်တသပ်သပ်"နှင့်သာ ရှိနေလေတော့သတည်း။

အရိုး
Eternal Light မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၁၁

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။