Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အဲဒီနေ့က ကျွန်မ ခရီးထွက်နေခဲ့တယ်
Chapter1
မနော်ဟရီ

နှင်းစက်တွေရဲ့ တဝုန်းဝုန်းအေးစက်တောင်လောင်မှုကို မခံနိုင်တဲ့ အဆုံးမှာ ကျွန်မ ခရီးထွက်ခဲ့မိတယ်လို့ ထင်တာပဲ။(ခုချိန်မှာ ဘာတစ်ခုမှ မသေချာချင်ဘူး ) မှတ်တမ်း မှတ်ရာတချို့ကိုပြန်ကြည့်တဲ့အခါ ကျွန်မ အဲဒီနေ့ရက်နဲ့ ပတ်သက်ပြီး ဘာကိုမှ မှတ်တမ်း တင်မထားတာတွေ့ရတယ်။ ဟာလာ ဟင်းလင်း ဖြစ်နေတဲ့ အဲဒီနေ့ ရက်စွဲကို ဇဝေဇဝါကြည့်ပြီး ကျွန်မဘာကို ပြန်လည် ဖြည့်စွက်လိုက်ရမှန်း မသိခင်မှာပဲ စာမျက်နှာတစ်ခုလုံး အနီရောင်တွေဖုံးအုပ်သွားခဲ့တော့တာပဲ။ ဘာသာပြန်လို့မရ၊ အဓိပ္ပာယ် ဖော်လို့မရ၊ ဝေဝါး မှုန်သီနေတဲ့ကြားကပဲ အနီရောင်တွေဟာမြားအစင်းစင်း အဖြစ်ပြောင်းလဲသွားသလိုလို။ အို .. ပဉ္စလက်တွေက ကြောက်စရာကောင်းလိုက်တာ။ ဒါပေမယ့် ကျွန်မက နာကျင်နေရင်တောင် အော်ဟစ်ပစ်လိုက်ဖို့မေ့လျော့ နေခဲ့တတ်တဲ့သူပါ။

အဲဒီနေ့က ကျွန်မ ဘယ်တွေသွားနေခဲ့တာလဲလို့ လာမေးတဲ့သူတွေကို မြောက်အရပ်လို့ ခပ်တည်တည် ဖြေပစ်လိုက်ဖို့ ကြိုးစားတော့ဓူဝံကြယ်က ကျွန်မကို ရယ်တယ်။ တကယ်ဆို ကျွန်မ စိတ်နဲ့ ကျွန်မ လားရာမတူအောင်ထွက်လာခဲ့မိတာ တစ်ခုကလွဲရင် ဘယ်အရပ်ကို ထွက်လာခဲ့မိတယ်ဆိုတာ ကျွန်မကိုယ်တိုင်လည်းမသိပါဘူး။ ဒါကို သူ ဟားတိုက် မရယ်သင့်ဘူး ထင်တာပဲ။ တကယ်ဆို ကျွန်မက ကောင်းကင်မှာလွတ်လွတ်ကျွတ်ကျွတ်ကြီး လမ်းပျောက်နေလို့ ကျောက်ချနေခဲ့ရတဲ့ သူ့လိုကြယ်တစ်စင်းမဟုတ်ဘူးလေ။ ဝင်ရိုးစွန်းတွေရဲ့ ညို့ငင်မှုကို ခံထားရတဲ့ကြယ်တစ်စင်းလည်း မဟုတ်ခဲ့ဘူး။ ဒါကိုတော့ သူ သိသင့်ပါတယ်။ အဲဒါနဲ့ပဲမေးခွန်းတွေကို ကျွန်မ မဖြေဖြစ်ခဲ့တော့ဘူး။

နံနက်ခင်းတွေ ထူးထူးဆန်းဆန်း ယုံကြည်ချက်မဲ့ဦးတည်ရာမဲ့ ပွင့်အာနေပုံကိုကြည့်ပြီး ကျွန်မ နောက်ကို ပြန်လှည့်မကြည့် မိတော့ဘူး။ ခရီးစဉ်စခဲ့တဲ့ ခြေလှမ်းတွေက ပိုသွက်လာတယ်။ အဲဒီလို စိတ်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့အရပ်မှာ နေပျော်နေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှား ဖြစ်အောင် ဖျားယောင်းသွေးဆောင် ပစ်လိုက်မိတယ် ထင်တာပဲ။ စနစ်တကျနဲ့ ပရမ်းပတာ ဖြစ်ကျန်ခဲ့တဲ့အဲဒီနေ့ရက်ကိုတော့ ကျွန်မက တကယ့်ကို မမှတ်မိတော့ဘူး။ ဒါကြောင့်လည်း ကျွန်မဘာဆို ဘာမှ မှတ်တမ်းတင် မထားနိုင်ခဲ့သလို ပြန်ပြောပြနိုင်ဖို့ စွမ်းအားလည်း မရှိခဲ့တာပါ။

ဘယ်သူဟာခရမ်းရောင်ဝိုင်အရက်တစ်ခွက်ကို မာရ်နတ်ရဲ့ ကျမ်းတစ်ပိုဒ်နဲ့ မြည်းစမ်း ရဲခဲ့လို့လဲ။အဲဒီနေ့က တကယ်ပဲ ကျွန်မ အလိုမတူစွာ သွေးအေး ရဲရင့်ချင်ဟန်ဆောင်နေထိုင်ပစ်လိုက်ခဲ့တယ်။အက္ခရာတွေ တစ်လုံးပြီး တစ်လုံး သူတို့ကိုယ် သူတို့အဆုံးစီရင်သွားကြတဲ့အတွက်ကျွန်မ ဘာကိုမှ မှတ်တမ်း မတင်ထားနိုင်ခဲ့တာကလွဲရင် အဲဒီ မာရ်နတ်ကို ကျွန်မ အောင်နိုင်လိုက်ခဲ့တာ သေချာပါတယ်။ မှတ်တမ်းမှတ်ရာတွေဟာ ဘဝမှာ ဘယ်လောက်အရေးပါလို့ တုန်း …။ ဗြုန်းကနဲ ထိုးစိုက်ပစ်လိုက်လို့ အကြည့်ဓားတစ်လက်နစ်ဝင်သေဆုံးနေတဲ့ နှလုံးသားအတွက် ဘာသက်သေ သာဓကမှ လိုအပ်မနေခဲ့ပါဘူး။

ခပ်ဝါးဝါး ဖြစ်ကျန်ခဲ့တဲ့အပြုံးတစ်ဝက်နဲ့အတူ ကျွန်မလှည့်ထွက်ခဲ့တုန်းက ဓားကိုးလက်ကဒ်ဟာ နှလုံးသားမှာတည့်တည့် စိုက်ဝင်လို့။ အိတ်ကပ်ထဲ ထည့်ဆောင်ထားခဲ့ဖူးတဲ့ courage card ကို အလိုလိုအားနာနေမိတာ တစ်ခုကလွဲရင် လမ်းတစ်လျှောက်လုံး အစိမ်းရောင်ပန်းတွေ တဝုန်းဝုန်းထပွင့်တာကိုလည်း သည်းခံနားလည်လို့ ရခဲ့တာပါပဲ။ ဟည်းထနေတဲ့ တောကြီးမျက်မည်းထဲကခန်းနား တင့်တယ်မှုအားလုံး .. ကျူးကျော်ဝင်ရောက်လာတဲ့ မစ္ဆရိယ အားလုံး … သွေးရိုးသားရိုး မဆန်တဲ့ လိမ်လည်လှည့်ဖျားမှု အားလုံး၊ လှတပတ ဆင်ယင်ခြယ်သထားတဲ့ မာယာအားလုံး၊ လျှာဖျားလေးနဲ့ချစ်ပြနေတဲ့ စကားလုံးတွေအားလုံး … အဲဒီအချိန်က ကျွန်မ ပြုံးမြနေခဲ့ လိမ့်မယ်။ (သေချာတယ်။)

ခေါင်းမော့ အသက်ရှူပစ်လိုက်ဖို့မေ့လျော့နေမိတဲ့ နေ့ရက်တွေမှာ အသက်ရှူကြပ်နေခဲ့တာ ဘာဆန်းလဲ။ အရောင်တွေ အရိပ်တွေ ..ပြီးတော့ စကားလုံးတွေ မြားတွေ ချိုကျိုး နားရွက်ပဲ့ အမနာပတွေ၊ အလေနတော အကြည့်တွေ.. အုတ်ကြားမြက်ပေါက် ဗျူဟာထိုးစစ်တွေ အသက်မရှူမိတာ မှန်လိုက်တာ။

ခပ်တည်တည်နဲ့သော့ပျောက်ကြော်ငြာတွေ လိုက်ကပ်ဖို့ ခရီးထွက်နေခဲ့တယ် လို့ ပြောရရင်ကောင်းမလား။ စိတ်ကိုဖွင့်မယ့် သော့တစ်ချောင်း ပျောက်ဆုံးသွားခဲ့လို့လို့ ပြောဖို့စဉ်းစားရင်းဘယ်ဘက်ရင်အုံထောင့်က သော့တစ်ချောင်းကို စနိုးစနောင့် ဖြစ်နေခဲ့ရတာဟာလည်း ဟာသတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ပြန်ရယ်မောရတာပဲ နည်းနည်း နာကျင်တာပါ။တကယ်တမ်းကျတော့ သူဟာ သော့တစ်ချောင်းဖြစ်ကြောင်း ကျွန်မက သက်သေသာဓကတွေနဲ့ ရှေ့နေလိုက်ပေးနိုင်ပေမယ့် ဖွင့်ဖို့ ဘယ်လိုမှ အသုံးမဝင်တော့တဲ့ အကြောင်းကိုတော့ကျွန်မက လျို့ဝှက်ထားနေမိလိမ့်မယ် ထင်တယ်။ (လိုမှမလိုအပ်ပဲလေ) ခရီးတွေရှည်လာတာနဲ့အမျှ သူလည်း ပျောက်ကျခဲ့ဖို့ အလားအလာ သိပ်များတယ်လို့ တိတ်တိတ်ကလေး ကြိတ်မျှော်လင့်ထားမိတာကိုတော့ တစ်နေ့နေ့မှာ ဝန်ခံဖြစ်ပါလိမ့်မယ် ။ လောလောဆယ်မှာတော့ ကျွန်မက စကားလုံးတစ်လုံးမှ မပါတဲ့ ဇာတ်ဝင်ခန်းလို ခြောက်သွေ့တိတ်ဆိတ် .. ….. အဲဒီ အမနာပလောကက ခုထိ မီးမမှိတ်သေးဘူး။

အဲဒီ ဒိုင်ယာရီထဲက မှတ်တမ်းမှတ်ရာမဲ့ရက်စွဲလေးကတော့ မိုင် ၅၀၀ ကျော်မက ကွာဝေးသွားခဲ့ပြီ ..။ ဒီတော ဒီတောင်ဒီအမှောင်နဲ့က ကျွန်မစုထားတဲ့ နေရောင်လေးနဲ့ မလောက်င နိုင်တော့ဘူး။ သက်ပြင်းတွေကိုအသက်တိုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားပမ်းစား ချနေမိရင်း .ခရီးဆုံးကိုလက်ချိုးတွက်ရေရင်း နင့်နင့်သီးသီး ပျော်ရွှင်တတ်လာခဲ့ပြီ။ ပင်လယ် ကတော့တစ်နေ့တစ်ခြား ဆားငံနှုန်းမြင့်လာခဲ့ရဲ့ ..။ မုန်တိုင်းတွေကို ကျောသပ်ရင်သပ်နံပါတ်မှတ်ပေးနေရတဲ့ ဘဝမှာ မနေချင် တော့ပါဘူးကွယ် .. ကျွန်မကို လှေကလေး တစ်စင်းမပေးပါနဲ့ .. ခေါင်းချစရာ ဝက်သစ်ချပင်လေး တစ်ပင်ပဲပေးခဲ့ပါ ..။ ခုချိန်မှာအပြာရောင်တွေကို ငယ်ငယ်ကလို စိတ်ကူးတယဉ်ယဉ်နဲ့ ကောင်းကင်လုပ်ဖို့ မလိုချင်တတ်တော့ပါဘူး။

မေးချင်နေတဲ့ မေးခွန်းတွေကသုံးနာရီစာ မကဘူး။ ရလာမယ့် အဖြေတွေကို ကျွန်မက အမှတ်ပြည့် ပေးနိုင်ဖို့မသေချာတာနဲ့ပဲ ဘယ်ကံတရားကိုမှ စာမေးပွဲ မစစ်ဖြစ်တော့ဘူး။ မေးခွန်းတွေနဲ့ ပြန့်ကျဲရှုပ်ပွနေတဲ့ အဲဒီ အခန်းကိုတော့ သော့မခတ်ပဲ တံခါးဖွင့်ထားခဲ့လိုက်တယ်။ ကျွန်မပြန်လှည့်လာတဲ့အခါ အိပ်ယာဝင် ပုံပြင်တွေထဲကလို ရှင်သန်နေထိုင်နည်း တစ်ခုခုနတ်သမီး တစ်ပါးပါးကများ တိတ်တိတ်ကလေးလာချထားလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့..။ ခရီးကပြင်းလာတာနဲ့အတူ ခြေဆင်းကလည်း မြန်မြန်လာတယ်။ နောက်တစ်ကျော့ ဝင်လာမယ့် ဂီတဟာ ဘာအရောင်ဖြစ်မယ်လို့ထင်လဲ …။ ရှင်မှန်းကြည့်လိုက်စမ်းပါ။

မှောက်ကျသွားတဲ့ ကော်ဖီခွက်တစ်ခွက်မှာတော့လန်းဆန်းမှုတွေပါသွားခဲ့တယ်။ ကော်ဖီစီးကြောင်းလေး တစ်လျှောက် စိတ်နဲ့လိုက်သောက်ခဲ့ဖူးတာကို သတိရတော့ အတုန်တုန် အလှုပ်လှုပ်။ တစ်ကိုယ်စာ လှုပ်တဲ့ငလျင်ဆိုတာ ဒါပဲပေါ့။ ခရီးမိုင်တွေ အများကြီး ပေါက်နေခဲ့ပြီးမှတော့ ကိုယ်လာရာလမ်းမြေပုံကို ဆုတ်ဖြဲ ပစ်ခဲ့လိုက်ရုံနဲ့ အရာအားလုံးကို အလွယ်တကူ မေ့ပျောက်သွားရောတဲ့လား။ သကြားတွေအများကြီးထည့် မသောက်ခဲ့ဖူးတဲ့အတွက် ဘဝက သိပ်တော့ မချိုလှပါဘူးဆိုတဲ့ စာသား … ကျွန်မ ဘယ်နားမှာ ဖတ်ခဲ့ဖူးပါလိမ့်။ ကျွန်မကတော့ အခါးကိုအလိုမတူစွာ စွဲလန်းနေခဲ့ရပြီ ။

တစ်ခါတစ်ခါတော့လည်းအိပ်မက်ဆိုးတွေ မက်ချင်မက်ခဲ့မှာပေါ့။ ဒါပေမယ့် အချိန်တန်ရင်တော့ နံနက်ခင်းအသစ်ကို သာတူညီမျှ ရလိုက်ကြမှာချည်းပါပဲ။ ရောက်လာတဲ့ နံနက်ခင်းတွေက ရိုးသားသစ်လွင် သလောက်၊ လက်ခံလိုက်တဲ့ လူတွေက ရာနှုန်း အနည်းနဲ့အများ လွဲမှားနေခဲ့ကြတာ …ဒါဟာလည်း ကံတရားအရပါလို့ လမ်းလွှဲလိုက်ကြဦးမှာလား ..။ စိုက်ပျိုးခဲ့တဲ့အတိုင်းရိတ်ရမယ်ဆိုတာ သိခဲ့ပါရဲ့။ ကန္တာရပင်တွေကို ဆူးစူးမယ်မှန်း သိသိကြီးနဲ့စိုက်ခဲ့မိကြောင်း ကျွန်မ ဝန်ခံချင်ပါတယ်။ ကျွန်မ အဲဒီဆူးတွေရဲ့ ရနံ့ကိုဘဝပေါင်းများစွာ မှတ်မိနေဖို့ လိုတယ်လေ ..။ ဆူးခက်တွေ ပြွန်းနေတဲ့ လမ်းကတော့နည်းနည်းတော့ ကြမ်းမှာပေါ့။ ဒါပေမယ့် အသားကျသွားခဲ့ရင်တော့ ဆူးတွေလည်းကျိုးကျန်ခဲ့မယ်လို့ ယုံတယ်။

တသွင်သွင်စီးနေတဲ့ မြို့ပြရဲ့လူစီးကြောင်းထဲမှာ သိမှတ်မဲ့စွာ မျောနေတဲ့ ရုပ်ဒြပ်တစ်ခုဟာ အရောင်တင်ဆီ ခပ်ရဲရဲနဲ့။ မနေ့က သွန်ပစ်လိုက်တဲ့ အကြွင်းအကျန် စိတ်ကူးအသိုးတွေကို ဘာလို့ မီးရှို့လက်စဖျောက်မပစ်ရဲကြတာတဲ့လဲ ..။ ပြာမှုန်တွေ လွင့်နေမှဖြင့် အဲဒီအရပ်မှာ မီးခိုးလည်းရှိနေလိမ့်မယ်။ အသက်ရှူရနည်းနည်း ခက်တာ တစ်ခုကလွဲရင် ကျန်တာအားလုံးရေလိုက်ငါးလိုက် …။ ငါးမျှားချိတ်မှာ ငြိကျန်ခဲ့တဲ့ ပါးစပ်တွေနဲ့ရေနောက်လိုက်တဲ့ငါးတွေ အကုန်လုံး မောဟိုက်နေကြတာချည်းပါပဲ။

အရောင်တွေမှားခဲ့တဲ့ပန်းချီကားချပ်ကိုတော့ လွှင့်ပစ်လိုက်ပြီ။ အသစ်ရေးခြယ်လို့ရမယ့် ပန်းချီကားတစ်ချပ်အတွက် ကျွန်မ ဘာလို့ငိုမလဲ။ ခရီးသွားရင်း ပန်းချီဆွဲရတာ သိပ်ပျော်ဖို့ကောင်းတယ်လို့ ကျွန်မ ဒိုင်ယာရီ စာအုပ်လေးရဲ့ ရှေ့မှာ ခပ်ကြီးကြီး ရေးထားလိုက်တယ်။တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို သတိပေးတဲ့ စာကြောင်းတွေကို နီတိလိုလို စကားပုံလိုလိုဆိုရိုးလိုလို မင်နီနဲ့ ရေးမှတ်ထားရတာ နည်းနည်းတော့ ရှက်စရာကောင်းပါတယ်။ ခက်တာကကျောပိုးအိတ်တစ်ခုလုံးအပြည့် ဆေးအဖြူရောင်တွေ ချည်းပဲ ပါလာခဲ့တာပါပဲ။ အထပ်ထပ်ဆွဲနေတဲ့ အဖြူရောင်ပန်းချီကားချပ်အကြောင်းကိုတော့ နောက်မှပဲ ပြောပြတော့မယ်။ လောလောဆယ်တော့ အရောင်ကန်းနေတဲ့သူတွေ မတွေ့ဖို့ ဒီပန်းချီကားတွေကို လုံခြုံတဲ့အရပ်မှာ သိမ်းထားပေးရဦးမယ်လေ။

အာရုံတွေကို လမ်းလွှဲနေရင်းကဝတ်ထားတဲ့ တီရှပ်ပေါ်က ပုံလို ရဲရင့်ခဲ့ဖူးသလား တွေးတယ်။ စီးထားတဲ့ဖိနပ်တံဆိပ်လို ဝေးဝေးပြေးနိုင်ခဲ့ပြီလား မေးတယ်။ (ကိုယ့်ကိုယ်ကို) ။သုံးစွဲနေတဲ့ လက်ကိုင်ဖုန်း တံဆိပ်လို သူတစ်လူ ငါတစ်မင်းတွေတော့ တွေ့ နေရပြီ။အဖြေမရတဲ့တူတူ သီချင်း တစ်ပုဒ်ကို၊ စိတ်ပါလက်ပါ ဆိုခဲ့ဖူးတဲ့ နိုင်ငံတော်သီချင်းတစ်ပုဒ်လို စိတ်လို လက်ရ ဆိုလိုက်မိတာ နာကျင်မှုတွေ တဖတ်ဖတ်ကွာကျလာခဲ့တယ်။နဂိုတည်းက သီချင်းမှာ အက်ရာတွေနဲ့ ပြည့်နှက်နေတာကို ကျွန်မဘာလို့ မသိထားခဲ့တာတဲ့လဲ ။ ဝေးလေ ဝေးလေ အသံတွေ ဝေးလွင့် ပါးလျားသွားလေတဲ့လား။ ခုတော့အဲလိုမဟုတ်ပဲ အသံတွေက အမှုန်တွေနဲ့အတူ သိပ်သည်း ထူပြောလာခဲ့ …။ ဒေါသတကြီး ဆုတ်ကိုင်ရမ်းခါ ပစ်လိုက်လို့ရတဲ့ထဲ အဲဒီအသံတွေ ပါမနေခဲ့တာကတော့ ဝမ်းနည်းကြေကွဲဖွယ်.ကောင်းလှချည့်။

ကိုယ့်စိတ်ကိုယ် အရေးပေါ်ပြန်ခေါ်ကြည့်တယ်။ အဆင်မပြေတော့ဘူး။ နံပါတ်လည်းမမှတ်မိတော့ဘူး။ ခေါ်မိတဲ့နံပါတ်တွေကျ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မဟုတ်ပြန်ဘူး။ အရာအားလုံးဟာဆက်သွယ်မှုဧရိယာပြင်ပ။ ဘာဆိုဘာမှ မမြင်ရတော့ဘူး။ အရှင်လတ်လတ်ငရဲဟာကိုယ့်ဆီမှာတော့ ချိုခါးခါး ကဗျာတစ်ပုဒ်။ အနှုတ်လက္ခဏာ မပြခင် ခပ်သွက်သွက် မော့သောက်ပစ် လိုက်ရတယ်။

ပါးလျနွမ်းဖတ်နေတဲ့ဖိနပ်လေးကိုကောက်ပြီး လျှောက်ပြန်လာတဲ့လမ်းက လာရာလမ်း ဖြစ်နေမှန်း ခရီးဆုံးမှသိလိုက်ရသူလို ကျွန်မ ပြန်ရောက်လာခဲ့တယ် ထင်တာပဲ။ အဲဒီနေ့က ဘယ်တွေသွားနေခဲ့တာလဲလို့ မေးလာတဲ့ သူတိုင်းကို ကျွန်မ ပြုံးပြုံးပြနေရတာလည်း မျက်နှာကြောတွေညောင်းညာကိုက်ခဲလာတဲ့ထိ။ ကျွန်မဆီမှာက အဖြေမရှိဘူးလေ။ ရာသီဥတုကို အပြစ်ဖို့ရလောက်တဲ့ထိလည်း ကျွန်မ သွေးမကြောင်ချင်ဘူး။ ဒိုင်ယာရီထဲမှာအနီရောင်တွေဖုံးပြီး ပျောက်ဆုံးနေတဲ့ နေ့ရက်လေး တစ်ရက် ရှိနေတယ်။အဲဒီစာမျက်နှာကို ကျွန်မက ဘာမှမှတ်တမ်းတင်မထားလို့ ကျော်ကျော်သွားလည်း လူတွေက ပြန်ပြန်လှည့်လာမေးကြတယ်။ ဘာမှရှိမနေတဲ့ စာမျက်နှာအကြောင်း ကျွန်မမှာပြောစရာစကားမှမရှိပဲ။ တကယ်မဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုဇာတ်လမ်းဆင်ရေးထည့်လိုက်လို့ရပေမယ့် ကျွန်မ မလုပ်ဖြစ်ခဲ့ဘူး။ ကံအကြောင်းမလှစွာပါပဲ။ လက်ထဲမှာ ကလည်း အနီရောင်မင်တွေပဲ ရှိနေခဲ့တယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ အပြည့်ထည့်ထားတဲ့ အဖြူရောင်ပန်းချီဆေးတွေကိုတော့ ဒီစာမျက်နှာအတွက်ကျွန်မ ဘယ်သောအခါမှ သုံးဖြစ်လိမ့်မယ် မထင်ဘူး။

တကယ်တမ်းကျတော့ ပိုပိုမိုမိုထည့်ယူလာခဲ့တဲ့ အရောင်တွေက အမှောင်ထဲကျ ဘာမှ သိပ်အသုံးမဝင်ဘူး။ ခါးကျိုးမတတ် ယိမ်းနွဲ့ပေးနေရတဲ့ ဖယောင်းတိုင် မီးတောက်တွေကိုတော့ ထန်လွန်းတဲ့လေက ကျိန်စာဖြေပေးလိုက်ပြီ။ မနီဖြစ်တော့တာ ကြာနေပြီဖြစ်တဲ့ ကြက်ခြေခတ်တွေက ဖြူရော်ရော်နဲ့ပျော့တွဲ ပြုတ်ကျလာတယ်။ ဘယ်လိုဖြစ်လို့ အဲဒီ အရိပ်တွေက အမှောင်ထဲထိ လာပြီးယိမ်းကနေရတာတဲ့လဲ..။ ဒီည . ပြဇာတ်နားတယ်။ … ကဒ်..။

ဘာတွေနဲ့ကြေကွဲပြလိုက်ရမှန်းမသိတဲ့ ညနေခင်းက အတော့ကို ထုံပေပေ နိုင်လွန်းတယ်။ ရှော့ထ်ရိုက်ကြည့်ဖို့စဉ်းစားမိတော့မှ ဗို့အားမပြည့်တာကို သွားသတိရတယ်။ မနေ့က တစ်ညလုံးcharging ဖြည့်မထားမိတဲ့ နှလုံးသားက ဘာမှ သိပ်အလုပ်လုပ်ချင်တော့ဘူး။ စိတ်ကူးစိတ်သန်းလေးရပြီး လူလည်း လန်းဆန်းလာတဲ့တစ်နေ့ကျ စကားလုံးတချို့ကို ပြန်လည်ကယ်တင်ဖို့ မင်အနက်ရောင်တွေကို လဲလှယ်ရယူဖို့ ကျွန်မခရီးထပ်ထွက်ဖြစ်လိမ့်မယ်။ သိပ်တော့ မသေချာသေးပါဘူး။ ဒါပေမယ့် ကျွန်မအိပ်မက်တွေလွင့်မျောထွက်ခွာသွားတဲ့ လမ်းတွေဆီကိုတော့ ကျွန်မ စိတ်မှတ်နဲ့လိုက်ကြည့်ထားနေမိတယ်။ လောလောဆယ်မှာတော့ ခရီးထွက်တိုင်း ထားပစ်ခဲ့တတ်လို့ သူ့ခြေထောက်သူရှာနေတဲ့ မြေပုံတစ်ချပ်ရယ် လမ်းတွေကို စိတ်မှတ်နဲ့ လှမ်းမျှော်ရှာဖွေနေတဲ့လူတစ်ယောက်ရယ် .. ဖိတ်စင် မှောက်ကျနေတဲ့ စိတ်တွေကို ကယောင်ကတမ်း ပြန်လည်ခူးဆွတ်နေကြလေရဲ့။

မနော်ဟရီ
၂၀၊ဇွန်၊၂၀၁၃

ပင်မစာမျက်နှာသို့ပြန်သွားမည် >>