Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သက်တူ ရွယ်တူ
Chapter1
တာရာမင်းဝေ

တစ်ခါက ဟိမဝန္တာတောတန်းရဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ဆင်ကြီးတစ်ကောင် နေတယ်။ သစ်ကိုင်းပေါ်မှာ မျောက်၊ သစ်ပင်ထိပ်ဖျားမှာ ခါတို့ နေကြတယ်တဲ့။

အဲဒီသစ်ပင်ကြီးကို အမှီပြုပြီး အတူတကွ နေထိုင်ကြပေမယ့် သူတို့ချင်း မသင့်မြတ်ကြဘူး။ ပြောရရင်တော့ "မတည့် အတူနေ" တွေပေါ့။ တစ်နေ့မှာ သူတို့ရဲ့ သစ်ပင်ကြီးအောက်ဆီကို အလွန်လှပ မွှေးမြတဲ့ သစ်သီးတစ်လုံး ပြုတ်ကျလာတယ်။ ပိုင်ဆိုင်မှုဟာ အပြိုင်ဖြစ်နေတယ်။ အဲဒီတော့ မျောက်ကပြောတယ်။

"ဒါဆိုရင်လည်း ငါတို့ထဲက အသက်အကြီးဆုံးသူကို ဦးစားပေးမယ်ကွာ၊ သူအရင်စားပြီးမှ သူ့ထက်ငယ်သူစား၊ နောက်ဆုံးကြမှ အငယ်ဆုံးက စားပေါ့ကွာ"

"ဒါဖြင့် အသက်ကို တွက်ကြည့်ကြရအောင်"

ရိုးအလှတဲ့ ဆင်ကြီးက အရင်စပြောတယ်။

"ငါ ဆင်ပေါက် ငယ်ငယ်လေးတုန်းက ဒီညောင်ပင်ဟာ ငါ့ဗိုက်အောက်ကိုတောင် မထိသေးဘူး"

မျောက်က ပြောတယ်။

"ငါ ထိုင်တတ်ခါစ အရွယ်မှာပဲ ဒီညောင်ပင်ရဲ့ အညွန့်တွေကို လှမ်းဆွဲ ကစားခဲ့တာ"

ခါက ပြောတယ်။

"ဒီညောင်ပင်က ငါ မစင်စွန့်လို့ ပေါက်တဲ့ ညောင်ပင်ကွ၊ အစက ဒီမှာတောင်မရှိဘူး"

အဲဒီတော့ ခါက သူတို့သုံးယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်သွားတော့တာပေါ့။ မျောက်က အလတ်၊ ဆင်က အငယ်ဆုံး။ အဲဒါ အဆုံးအဖြတ်ပဲ။

ဆင်က အငယ်ဆုံးဖြစ်နေတော့ သက်ပြင်းချရင်း ပြောတယ်။

"အဲဒါဆိုရင်လည်း ဒီသစ်သီးကို အစ်ကိုကြီးခါက အရင်စားပါ၊ ဦးဦးဖျားဖျား ဦးချရတာပေါ့၊ ခင်ဗျားတို့စားပြီး ကျန်တာကိုမှ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်က စားပါ့မယ်"

ခါက တဟားဟား ရယ်တယ်။ မျောက်ကလည်း လိုက်ရယ်တယ်။ ဆင်ကြီးမှာတော့ မျက်နှာငယ်ကလေးနဲ့ ။ ရယ်လို့အားရတဲ့အဆုံးမှာ ခါက သစ်သီးကို စ စားတယ်။

" ဂစ် "

တစ်ချက် နှစ်ချက်ပဲ မျိုချရသေးတယ်။ ခါဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး သေဆုံးသွားတယ်။ အသက်ကြီးတယ် ဆိုပြီး ဦးဦးဖျားဖျား စားချင်တဲ့ ခါကတော့ (အရပ်စကားနဲ့ ပြောရရင်) "ကြွ" သွားပါပြီ။ မျောက်မှာ (နဂိုမှ ဂနာမငြိမ်ရတဲ့ကြားထဲ) ထိုင်ရမလို ထရမလိုဖြစ်ပြီး

"ဒါ… ဒါ… အဆိပ်သီးပဲကွ"

"အင်း… "

"ဒါဖြင့်လည်း လွှင့်ပစ်လိုက်ရအောင်ကွာ နော်၊ ဘာဖြစ်လို့ စားနေတော့မှာလဲ။ မင်းနဲ့ငါ့ ကြားမှာလည်း အကြီးအငယ် မခွဲခြားပါနဲ့တော့။ သက်တူ ရွယ်တူတွေလိုပဲ သဘောထားကြတာပေါ့ကွာ... နော် နော် နော် "

သစ်ကိုင်းတွေကို လေတိုးသံက "ရှဲ" ခနဲ မြည်သွားပါတော့တယ်။

တာရာမင်းဝေ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>