Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ပူပါတယ်ဆိုမှ
Chapter1
အရိုး

စက်မှုတော်လှန်ရေး လှိုင်းလုံးခေတ်၊ ထိုမှ နည်းပညာလှိုင်းလုံးခေတ်၊ ထိုသည်မှတစ်ဆင့် အိုင်ဒီယာလှိုင်းလုံးခေတ်တို့ မည်သို့ မည်ပုံဖြတ်သန်းသွားလေကြောင်း ယမမင်း မသိသည်ကို ယမမင်းအား အပြစ်ဆိုရန် သိပ်အကြောင်းမရှိလှချေ။ ယမမင်းသည်ကား ဟု ဆိုလျှင် ငရဲကြီးရှစ်ထပ်ကို အပတ်လည်အောင် မနည်းအုပ်ချုပ်ကာနေရရှာလေသောကြောင့်ဖြစ်၏။ ခမျာ သနားစရာပင်ကောင်း သေးတော့၏။ ရောရုဝက တစ်မျိုး၊ မဟာရောရုဝက တစ်ဖုံ၊ သိဥ္ဇိးငရဲက တမှောင့်။ ဤကြားထဲ အဝီဇိနှင့် မဟာအဝီဇိတို့က ထ ထ ပွက်ချင်တတ်ကြသေး၏။ ယမမင်းခမျာ ဟိုငရဲကတစ်မျိုး ဒီငရဲက တစ်ဘာသာနှင့် နှစ်ပေါင်းများစွာ အတွင်း မည်သို့သော အပြင် ကိစ္စရပ်များကိုမျှ မလေ့လာအား။ တစ်ခုသတိထားမိသည်ကား ဤနှစ်ပိုင်းအတွင်း ငရဲကျလာကြ သူများ ပို ပိုများလာခြင်းဖြစ်၏။ သို့သော် ကိစ္စမရှိ။ ငရဲကျလာကြသူ ဘယ်လောက်များများ ဆိုင်ရာငရဲခန်းများသို့ ပို့လိုက်နိုင်သည် ချည်းသာ ဖြစ်၏။ တလောက အိုစမာဘင်လာဒင်မည်သော မုတ်ဆိတ်တစ်ကောင် ငရဲရောက်လာစဉ်ကမူ အတော် အလုပ်ရှုပ်သွားသေး၏။ အပြစ်တွေ များလှ သော နာမည်ကြီး ငရဲသားဖြစ်၍ ရုတ်တရက် ဘယ်ငရဲပို့ရမှန်း မသိ။ နောက်မှသတိရကာ အဲဒီအကောင် မဟာအဝီဇိ ခဏပို့ထား။ နောက်မှတော်သလို ငါ ကြည့်စီစဉ်မယ် ဟု ဖြေရှင်းထားရ၏။ လက်ထောက်ငရဲသားမှ ဆရာသမားရဲ့၊ တာလီဘန်ဆိုတာ အာမီရမ် ကန်ထဲ နှစ်ပြီး နှိပ်စက်ရ မကောင်းလားဟု အကြံပေးသည်ကိုပင် ငါ တော်သလို စီစဉ်ပါ့မယ်ဆိုမှ နင်က တစ်မျိုးဟု ဟောက်လိုက် ရသေး၏။

နှစ်ပေါင်းများစွာအတွင်း ယမမင်း တတ်ကျွမ်းလာသော အခြားဘာသာစကားဟူ၍ " What the hell " တစ်လုံးသာ ရှိရှာလေသည်။ ဒါတောင် သိုးဆောင်းလူမျိုးများ ငရဲကျဖန်များလာသဖြင့် သူတို့အော်တတ်သော စကားကို မှတ်သားထားမိလေသောကြောင့်သာ တတ်ထားခြင်း ဖြစ်လေသည်။ ဤမျှခေတ်မီလှသော ယမမင်းဖြစ်လေ၏။ ယခုတော့ ခက်ချေပြီ။ ဤနေ့ ငရဲကျ၍လာသော အကောင်တစ်ကောင်မှာ ယမမင်း နားမရှင်းသော ကိစ္စနှင့် ငရဲကျလာခြင်းဖြစ်၏။ ဘာတဲ့။ IT Act ဆိုလား။ ဖြစ်ထားသော အမှုမပြီး ခင် ကာလနာတိုက်၍ သေလေသောကြောင့် ငရဲရောက်လာသော အကောင်တစ်ကောင်ဖြစ်၏။ တပည့်တပန်း ငရဲသားများ အတန်တန် တားသည့်ကြားမှ ယမမင်းကိုယ်တိုင်စစ်လေသည်။ ထိုအကောင်မှာ သူ့ကိုယ်သူ ဘယ်ရောက်လို့ရောက်နေမှန်းပင် မသိဘဲ ယောင်တောင်တောင် ပြူးကြောင်ကြောင် စပ်ဖြဲဖြဲနှင့် ယမမင်း ပလ္လင်ရှေ့ ဆောင့်ကြောင့်ထိုင်ကာ ယီးတီးယားတား ရှိလေ၏။ ယမမင်းကား ၎င်းအား ခန့်ညားခြင်းရှိလေအောင် စကားအသုံးအနှုန်းအရပါ သတိထား၍ စစ်လေ၏။

"ဒီမှာ မောင်မင်း အသင် ဘယ်ကလာသတုံး"

"အင်တာနက်ကဖီးကပါ"

ခက်ချေပြီ။ သုံးဆယ့်တစ်ဘုံတွင် "အင်တာနက်ကဖီး" ဟူသောဘုံကို ယမမင်း မကြားဖူး။ သို့သော် ရှိစေ။ မှင်သေသေ ဆက်စစ် ရမည်က ကိုယ့်အလုပ်ဖြစ်၍

"ကောင်းပြီ မောင်မင်း အသင် ဘာကိစ္စ ငရဲကျ၍လာသနည်း"

ထိုအခါမှ သူကောင်းသားသည် သူ့ကိုယ်သူ ငရဲပြည်ရောက်နေမှန်း ရိပ်စားမိကာ မျက်နှာငယ်နှင့် ဖြေရှာ၏။

"ကျွန်တော် ကွန်ပျူတာဗိုင်းရပ်စ်တွေ လျှောက်ဖြန့်မိလို့ ထင် ထင်တာပဲ ခင်ဗျ"

ခေတ်သိပ်မမီလှသော ယမမင်းကား နားကားလေတော့၏။ ဘာလဲဟ ကွန်ပျူတာဗိုင်းရပ်စ်။ လျှောက်ဖြန့်တယ် ဆိုကတည်းက သိပ်ကောင်းလှသော ကိစ္စတော့မဟုတ်။ ဘယ်ကိစ္စကို ဘယ်တုန်းက ဘယ်လို ဘာတွေ လျှောက်လုပ်ခဲ့သော အကောင်စားနည်း။ သေချာတာကတော့ ငရဲကျလာပြီ ဆိုကတည်းက မဟုတ်တာ သေချာပေါက် ဖြစ်ခဲ့သော အကောင်တော့ ဖြစ်လောက်၏။ ဤသို့ဖြင့်

"ကောင်းပြီ မောင်မင်း အသင်ဖြစ်ခဲ့လေသော ကိစ္စများကို ကျွန်ုပ်အား ရှင်းလင်းစွာ တင်ပြပေတော့၊ အသင်၏ လားရာဘဝသည် ကား ကျွန်ုပ်၏ အဆုံးအဖြတ်တွင် တည်၍ နေလေပြီ၊ အမှန်ကို ပြောပေလော့"

ထိုအခါမှ အနှီး သူကောင်းသားသည် ကြောက်ကြောက်နှင့် တံတွေး တစ်ချက်နှစ်ချက် မျိုကာ လျှောက်တင်သည်မှာ

"ဒီ ဒီလိုပါ ခင်ဗျာ ကျွန် ကျွန်တော်က Internet crazy သာမန်လူတစ်ယောက်ပါ၊ မြန်မာပြည်မှာ Internet ရပြီ ဆိုကတည်းက မလွတ်တမ်း သုံးခဲ့တဲ့သူပါ၊ ကျွန်တော်သိသမျှ Web Site တွေ အကုန် လျှောက်ဝင်ကြည့်ပါတယ်၊ သဘောကျတဲ့ အကြောင်းအရာ အချက်အလက်တွေဆိုရင် မရ ရအောင် Download ဆွဲကြည့်ပါတယ်၊ ဒါ ဒါပေမယ့် ကျွန်တော် ဆွဲသမျှ Download တွေဟာ ဘယ်တော့မှ File အပြည့်မရပါဘူး ခင်ဗျ၊ တစ်ဝက်တစ်ပျက်တွေပဲ အမြဲ ကျန်ပါတယ်၊ ကြာတော့ ကျွန်တော်လည်း ဒေါသထွက် လာပြီး အဲဒီ File အပျက်တွေကို Emailနဲ့ တွေ့ရာလူ လျှောက်ပို့ပစ်ပါတယ်၊ ဒီမှာတင် ကျွန်တော့ကို Hacker ဆိုပြီး အမှုလုပ်တဲ့ လူက လုပ်ပါတယ်၊ အဲဒါ ဖြေရှင်းနေတုန်း တစ်နေ့ စိတ်ညစ်ညစ်နဲ့ အင်တာနက်ကဖီးတစ်ခုက ပြန်အထွက်မှာ အူအတက်ပေါက်ပြီး သေတာပါခင်ဗျာ၊ ကျွန်တော့အဖြစ်ကတော့ ဒါအကုန်ပါပဲခင်ဗျာ"

ကြောက်ကြောက်နှင့် လျှောက်ထားလေသော ငနဲသားစကားကို ယမမင်း စဉ်းစားလေ၏။

"Internet"
"Web Site"
"Download"
"File"
"Email"
"Hacker"

ဘာတွေလာပြောနေမှန်း မသိရကား ခေတ်မမီသော ယမမင်းအမိန့်ချသည်မှာ

"ဘာတွေ လျှောက်ပြောနေမှန်းမသိ၍ မောင်မင်း ရောရုဝငရဲ၌ နှစ်တစ်သောင်းကျစေ" ဟူ၏။

လောက၌ ခေတ်မမီခြင်းသည် လည်းကောင်း၊ အတတ်ပညာမစုံလင်ခြင်းသည် လည်းကောင်း၊ အရည်အချင်း မပြည့်မီဘဲ တာဝန် ယူနေမှုသည် လည်းကောင်း၊ မဆိုင်တာ လျှောက်လုပ်ချင်တတ်ခြင်းသည် လည်းကောင်း မကောင်းရှိလှတတ်သည်ကို ယမမင်းနှင့် ငရဲသားများ သဘောပေါက် မပေါက်ကိုကား ကျွန်ုပ်တို့ စဉ်းစားကြရန်သာ ရှိလေသတည်း။

" What the hell "


အရိုး
Mobile Guide ဂျာနယ်၊ အောက်တိုဘာလ၊ ၂၀၁၁

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။