Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဖေဖေ့ သူငယ်ချင်း
Chapter 1
ဂျူး

သူ ရောက်လာသောအချိန်သည် ဂျီဩမေတြီသချာင်္တစ်ပုဒ် အဖြေမထွက်၍ ကျွန်တော် ဦးနှောက်ခြောက်နေချိန်ဖြစ်သည်။ ခြံတံခါး ဖွင့်ဝင်လာသည်ကို ကျွန်တော်မသိလိုက်ပါ။ အိမ်တံခါးဝမှာ လာရပ်သည့်အရိပ်တစ်ခုက ကျွန်တော့လေ့ကျင့်ခန်းစာအုပ်ပေါ် ထိုးကျ လာသောကြောင့်သာ ကျွန်တော်မော့ကြည့်လိုက်မိခြင်းဖြစ်သည်။ ထိုအခါ ကျွန်တော်လုံးဝမသိသော လူစိမ်းတစ်ယောက်ကို မြင် လိုက်ရသည်။

သူ့ကို မြင်မြင်ချင်း မည်သူမဆို သတိထားမိနိုင်သည့်အချက်မှာ ဆံပင်ဖြစ်သည်။ သူ၏ အညိုရောင်ဆံပင်များ ရှည်လျားလှသည်။ တွန့်ခွေ လိမ်ကောက်ခြင်းမရှိ။ ပျော့ပျောင်းသော ဆံပင်များသည် ဖြောင့်စင်းလျက် ပခုံးပေါ်သို့မထိတထိကျနေသည်။ လေးထောင့် ကျကျ မေးစေ့တစ်ဝိုက်တွင် ရှည်လျားသော ပါးသိုင်းမွေး ခပ်ကျဲကျဲရှိသည်။ နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်အကြားမှာ သူ့နှုတ်ခမ်းသည် ဖျော့တော့သော မျဉ်းကွေးတစ်ကြောင်းသာ ဖြစ်၏။ ညိုမောင်းသော အသားအရေဖြင့် သူသည် ကျန်းမာတောင့်တင်းသော လူလတ် ပိုင်းအရွယ် ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ သူ့မျက်လုံးများက နည်းနည်း ကျဉ်းမယောင်ရှိသော်လည်း နက်မှောင် တောက်ပ ၏။

"မင်းက ကျော်ဇံရဲ့သားထင်တယ်"

အသံမှာ ခွန်အားအပြည့် ဝါညက်နေသည်။ ကျွန်တော်အားကျသော အသံမျိုးဖြစ်သည်။ ထိုအသံကြောင့်ပင် ခဲတံကို လက်မှချကာ ကုလားထိုင်မှ ထရပ်လိုက်၏။

"ဟုတ်တယ်"

သူသည် ကျွန်တော်ရှိရာသို့ တစ်လှမ်းချင်း နှေးကွေးစွာ လျှောက်လာသည်။ သူချည်းကပ်လာပုံမှာ ဧည့်သည်တစ်ယောက် အိမ် လည်လာပုံမျိုးမဟုတ်။ ဈေးဝယ်သူတစ်ယောက် သူဝယ်ရမည့် ပစ္စည်းအပေါ် စူးစိုက်တွက်ချက်ပြီး ချဉ်းကပ်လာပုံမျိုးဖြစ်သည်။ သူ့ကျောတွင် လွယ်ထားသော နက်ပြာရောင် အဝတ်ကျောပိုးအိတ်သည် ခပ်ဖောင်းဖောင်း အိတွဲနေသည်။

"ဟား လွန်ခဲ့တဲ့ နှစ်၂၀က ကျော်ဇံကလေးပါပဲလား"

သူသည် ကျွန်တော့ရှေ့က ဧည့်ခန်းစားပွဲပေါ်သို့ ကျောပိုးအိတ်ကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး ကျွန်တော့ကို စေ့စေ့ကြည့်ပါသည်။

"ဦးလေးက ဖေဖေ့အသိလား"

ကျွန်တော် စိတ်အားထက်သန်စွာမေးမိတော့ သူက ကျွန်တော့ခေါင်းကို ပုတ်၍ ခပ်ဟားဟား ရယ်မော၏။

သူက အသာအယာပုတ်လိုက်ဟန် ရှိသော်လည်း ကျွန်တော် နည်းနည်းနာသွားပါသည်။

"အသိပဲဆိုပါတော့ကွာ၊ ဒါက မင်း ငါ့နာမည် ကြားဖူးလား မကြားဖူးလားဆိုတဲ့ အဖြေပေါ်မှာ မူတည်တာပေါ့၊ မင်း ငါ့ကိုသိသလား"

ကျွန်တော် သူ့မျက်နှာကို မော့ကြည့်ပြီး ခေါင်းယမ်းပစ်လိုက်မည်ပြုပြီးမှ ခဏတွန့်ဆုတ်သွားပါသည်။ ထိုမျက်လုံးများကို ကျွန်တော် မြင်ဖူးသလိုပဲ။ ဘယ်မှာမြင်ဖူးမှန်း မသိပါ။ စူးရှသည့် မျက်လုံးမျိုး ။ ထို့ပြင် မထီလေးစား လှောင်ပြောင်လိုသော မျက်လုံးမျိုး။ အရာ ရာ ရယ်မောလိုသည့် မျက်လုံးမျိုး။

"မျိုးချစ်ဆိုတဲ့နာမည် မင်းအဖေပြောသံ ကြားဖူးလား"

"ဟာ"

ကျွန်တော် သူ့ကို တအံ့တဩကြည့်ပြီးနောက် စိတ်ထဲမှာ ပျော်ရွှင်လာသည်။

"ကျွန်တော်သိတယ်၊ ကျောင်းသိပ်လစ်တာပဲ ဆိုတဲ့ မျိုးချစ်လား"

သူက ဟက်ဟက်ပက်ပက် ရယ်၏။ သူ့ရယ်သံသည် ကြမ်းတမ်းပွင့်လင်းသည်။ ကျွန်တော်မကြာခဏ ပုံဖော်ကြည့်ဖူးသော စိတ်ကူး ထဲက ဖေဖေ့သူငယ်ချင်းသည် ယခုလို ဆံပင်ရှည်မရှိ၊ မုတ်ဆိတ် ပါးသိုင်းမွေးမရှိ။

"ဒီလိုဆိုတော့ ကျော်ဇံက ငါ့ကိုမမေ့ဘူးပေါ့"

သူ့အပြုံး ပျောက်သွားပြီး ကျွန်တော့ရှေ့က ကုလားထိုင်တွင် ခပ်လေးလေး ဝင်ထိုင်လိုက်လေသည်။ ထိုအခါကျမှပင် ဧည့်သည်ကို "ထိုင်ပါ" ဟူသော စကားဖြင့် ဧည့်ဝတ်မကျေပွန်ခဲ့မှန်း သတိရသွားမိသည်။

"ထိုင်လေကွာ၊ မင်းနာမည်က ဘယ်သူတဲ့လဲ"

ကျွန်တော်တွန့်ဆုတ်စွာ ပြန်ထိုင်လိုက်သည်။

"မင်းခေါင်"

သူက လေတစ်ချက်ချွန်၍ ကျွန်တော့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်သည်။

"မင်းအဖေပေးတဲ့ နာမည်တော့ မဖြစ်နိုင်ဘူး၊ မင်းအမေပေးတဲ့ နာမည်ပဲ ဖြစ်ရမယ်၊ ဟုတ်လား"

ကျွန်တော် သူ့စကားကို အဓိပ္ပာယ်မပေါက်နိုင်ဘဲ အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။

"မသိဘူး၊ ဖေဖေ ပေးခဲ့သလား၊ မေမေ ပေးခဲ့သလား ကျွန်တော် တစ်ခါမှတောင် ထည့်မစဉ်းစားခဲ့မိပါဘူး"

သူက ခေါင်းတညိတ်ညိတ်လုပ်ကာ အိမ်ခန်းပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် မျက်စိဝေ့ဝဲ၍ ကြည့်နေသည်။

"မင်းအမေ ဘယ်သွားလဲ"

ကျွန်တော် အနည်းငယ် စိတ်ကျဉ်းကျပ်သွား၏။

"အမေ ဈေးသွားတယ်"

"ဟုတ်လား၊ ငါ ဈေးဘက်က ဒီကိုလျှောက်လာရတာပဲ၊ ငါ မတွေ့ခဲ့မိဘူး၊ အေးလေ ငါတို့ မျက်နှာချင်းဆိုင်တွေ့ချင်မှ တွေ့ခဲ့မှာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်မှတ်မိနိုင်ပါ့မလဲ၊ ဒီလောက် နှစ်တွေကြာနေတာ"

ကျွန်တော် သူ့ကို မျက်လွှာပင့်၍ ကြည့်မိသည်။

"ဖေဖေ့အကြောင်းတော့ ဦးလေး ဘာဖြစ်လို့ မမေးတာလဲ"

ထိုအခါ သူက ကျွန်တော့ပခုံးကို ခပ်ဖွဖွ (သို့သော် အင်အားအပြည့်ဖြင့်) ဖက်လိုက်သည်။

"သားရယ် မင်းအဖေ မနှစ်က ဆုံးသွားတယ်ဆိုတာ ငါ သတင်းကြားပြီးပါပြီ"

သူ၏ တိုးတိတ်သောအသံကြောင့် ကျွန်တော် ဗြုန်းခနဲ မျက်ရည်လည်လတ်သည်။ ကျွန်တော့ဖေဖေသည် ကြီးကျယ်မြင့်မြတ်သော ရှားပါးသည့် ယောကျာ်းတစ်ယောက် မဟုတ်သော်လည်း ကျွန်တော့အတွက်တော့ အလွန်ချစ်မြတ်နိုးဖွယ် ဖခင်တစ်ယောက် ဖြစ်ခဲ့ ပါသည်။ ဖေဖေသည် သာမန် ကျောင်းဆရာတစ်ဦးဖြစ်သည်။ ကျောင်းသားတွေအပေါ် စေတနာထားပြီး သူ့အလုပ်သူ တာဝန် ကျေသည်။ ကျောင်းဆရာဘဝကို တွယ်တာပြီး အခြားနည်းဖြင့် ငွေရှာဖို့ စိတ်မဝင်စားသူ ဖြစ်သည်။ မေမေကတော့ ဖေဖေ့အပေါ် မငြိုငြင်ခဲ့ပါ။

"မင်း မေမေ အလုပ်အကိုင် အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့၊ မေမေ ရုံးအလုပ်က ထွက်လိုက်တာ ကြာပြီ။ ဈေးရှေ့တိုက်တန်းမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတယ်၊ ဖေဖေမဆုံးခင် ကတည်းကပဲ"

သူကကျောပိုးအိတ်ထဲမှာ ပါလာသော ပစ္စည်းများကိုထုတ်၍ စားပွဲပေါ်တင်သည်။ မွေးပွမျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းစောင်နှင့် ယောကျာ်းဝတ်ချည်ချောလုံချည် အသစ်စက်စက်အထုပ်များဖြစ်သည်။

"ဒါတွေ သိမ်းထားလိုက်ဦး၊ ညနေကျမှ ငါပြန်လာခဲ့မယ်"

ထို့နောက် သူ ဗြုန်းခနဲ ထိုင်ရာမှ ထလိုက်၏။

"ဦးလေးက ကျောင်းဆရာ မဟုတ်ဘူးနော်"

"ဘာဖြစ်လို့မေးတာလဲ"

ကျွန်တော် ခေါင်းကို ခပ်ဖွဖွ ကုတ်လိုက်မိ၏။

"ဪ ကျွန်တော် သချာင်္တစ်ပုဒ် တွက်မရလို့"

ကျွန်တော့ဖွင့်လက်စ စာအုပ်ကို ငုံ့ကြည့်ပြီး သူက ပခုံးတွန့်လေသည်။

"မင်းအဖေနဲ့တော့ ဘယ်တူနိုင်ပါ့မလဲကွာ၊ ငါ ဂျီဩမေတြီကို မသိတော့ဘူး၊ ငါသိတာက ဟန္ဒြိတ်၊ ပေ၊ လက်မနဲ့ ဈေးနှုန်းပဲ"

"ဦးလေးက ဘာလုပ်တာလဲ"

"သစ်ခွဲစက်"

သူထွက်သွားသောအခါ ကျွန်တော် သူ့နောက်ကျောကို ငေးမော၍ ကျန်ခဲ့သည်။

* * *

"မေမေ သူ့ကို သိလား"

မေမေက မျက်နှာမှ သနပ်ခါးကို လက်ညှိုးကလေးဖြင့် ညှိရင်း ခပ်ဖွဖွပြုံး၏။

"သိသားပဲ၊ တစ်မြို့တည်းနေပြီး တစ်နှစ်တည်း ၁၀တန်းအောင်တဲ့လူ"

"သုံးယောက် အတူတူလား မေမေ"

မေမေက ကျွန်တော့ကို မျက်ခုံးပင့်ကြည့်သည်။

"သုံးယောက် မဟုတ်ဘူးလေ နှစ်ယောက်၊ အဲဒီ ကိုမျိုးချစ်က မင်းဖေဖေရဲ့ သူငယ်ချင်းပဲ၊ သူတို့နှစ်ယောက် အလယ်တန်းကျောင်း သားဘဝတည်းက မကွေးကောလိပ်ရောက်တဲ့အထိ တွဲခဲ့ကြတာ"

"မေမေကရော"

"မေမေက မကွေးကောလိပ်ရောက်မှ သူတို့နဲ့ခင်တာလေ၊ အင်း မေမေက သားဖေဖေနဲ့ပဲ ပိုပြီးရင်းနှီးခဲ့တာပဲ၊ သူ့ကိုတော့ မေမေ သုံးလေးခါပဲ စကားပြောဖူးတယ်၊ အခုမြင်ရင်မှတ်မိမယ်မထင်ဘူး၊ သူက တစ်မျိုးပဲ"

ဘယ်လို တစ်မျိုးလဲဟု ကျွန်တော်က မမေးရသေးမီ မေမေက ဆက်ပြောသည်။

"မျက်နှာကြော တင်းက တင်းနဲ့၊ မိန်းကလေးတွေကိုလည်း သိပ် ဂရုစိုက်ဟန်မတူပါဘူး"

မေမေ့ကိုရော သူ ဂရုစိုက်ခဲ့ဘူးလား၊ ထိုစကားကို ကျွန်တော် မမေးပါ။

ဟိုတုန်းကတော့ မေမေဟာ သိပ်လှတာပဲလို့ ကျွန်တော်တွေးမိသည်။ အယ်လ်ဘမ်ထဲမှာ မေမေ ငယ်စဉ်က ဓာတ်ပုံတွေ ကျွန်တော် တွေ့ရသည်။ ဖေဖေ့ဓာတ်ပုံကတော့ နည်း၏။ ဖေဖေက ရှက်တတ်သည်။ အေးဆေးသိမ်မွေ့သည်။ ဓာတ်ပုံရိုက်ဖို့ကိုတော့ အလွန် ပင် ရှက်သည်ဟု မေမေပြောဖူးပါသည်။ မင်္ဂလာပွဲမှာရိုက်သည့် ဓာတ်ပုံမှတစ်ပါး ဖေဖေနှင့်မေမေ နှစ်ယောက်တွဲ ဓာတ်ပုံ မရိုက်ဖူးပါ။ သို့သော် ဖေဖေနှင့် သိပ်ခင်သည်ဆိုသော ဖေဖေ့ သူငယ်ချင်း ဦးမျိုးချစ်နှင့် တွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံ ဖေဖေ့ဆီမှာ ရှိသည်။ ဖေဖေတို့ ၁၀တန်း နှစ်တုန်းက ရိုက်ထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံထဲမှာ ဖေဖေသည် နုနယ်ပျိုမျစ်စွာ ပြုံးရယ်လျက်ရှိသည်။ ယခု ပြန်စဉ်းစားတော့ ဓာတ်ပုံထဲက ဦးမျိုးချစ်သည် မဟုတ်မခံစိတ်ဖြင့် အရာရာကို အလေးအနက်ထားပုံရလျက် မနက်က ဦးမျိုးချစ် ကတော့ အရာရာကို မကျေမနပ် လှောင်ပြောင်သရော်လိုဟန် မျက်နှာပေးရှိသည်။ ဓာတ်ပုံနှင့် လူအကြား ကွဲပြားခြားနား ခြင်းလား၊ သို့မဟုတ် နှစ်ပေါင်း နှစ်ဆယ်ကြောင့် ကွဲပြားခြားနားခြင်းလား ကျွန်တော် မဝေခွဲတတ်ပါ။

"သူ ဘယ်မှာ တည်းတယ်လို့ သားကို ပြောသွားသေးလား"

"ဟင့်အင်း၊ မပြောဘူး မေမေ"

သူ ကျွန်တော့ကို ဘာမှ ပြောမသွားခဲ့ပါ။

"သူက ဒီမြို့မှာ အိမ်မရှိဘူးလား မေမေ"

"မရှိဘူးထင်တာပဲ သားရဲ့၊ သူ့မှာ အဖေ အမေတော့ မရှိဘူး၊ သူ့ဦးလေးနဲ့ နေတာလို့ ကိုကျော်ဇံပြောခဲ့ဖူးတာပဲ၊ အခု အဲဒီဦးလေး ရှိလား မရှိလား မေမေ မသိဘူးလေ၊ ရှိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်သာ ဒီမြို့ကို သူတစ်ခေါက်မှ မရောက်လာတာပေါ့"

ကျွန်တော် အလွန်သိချင်နေသည့် မေးခွန်းကို မေမေ့အား မေးလိုက်မိသည်။

"ဒါဖြင့် သူက အခု ဒီကို ဘာလာလုပ်တာလဲ"

မေမေက ကျွန်တော့ကို မျက်လုံးပြူး၍ ပြုံးပြ၏။

"ဟောတော် မေမေ ဘယ့်နှယ်လုပ်ပြီး သိမလဲ၊ မေမေနဲ့မှ မတွေ့လိုက်ရတာ၊ သားက မမေးလိုက်ဘူးလား"

"ဟင့်အင်း"

မေမေသည် စဉ်းစားသလို ငြိမ်သက် တွေဝေသွားသည်။ မေမေ့ နဖူးဆံစပ်မှာ ဘယ်လိုမှ ဖြီးသင်၍မရသော ဆံယဉ်စကလေးများ ဝဲလွင့်လျက်ရှိသည်။ နဖူးမှာ အရေးအကြောင်းများ ပေါ်လွင်စ ပြုလာသော်လည်း မျက်လုံးမျက်ခုံးကတော့ ငယ်ရွယ်စဉ်ကလို တောက်ပ မြဲဖြစ်သည်။ လူကြီးပီသစွာ ဣနြေ္ဒရရုံ ပြည့်ပြီး သွယ်လျနေသည့် မျက်နှာပြင်တွင် အသားအရေ လျော့ရဲမှု၊ ညိုညစ်မှု လုံးဝ မရှိ။

"ဘာပဲဖြစ်ဖြစ် မေမေ ဟင်းကလေး ဘာလေးတော့ ထပ်လုပ်လိုက်ဦးမှ ဖြစ်မယ်"

မေမေ မီးဖိုခန်းထဲ ဝင်သွားတော့ ကျွန်တော်သည် ဧည့်ခန်းမှာ ခပ်ငိုင်ငိုင် ကျန်ရစ်ခဲ့သည်။

မေမေဟာ လှနေတုန်းပဲ။ ဤအချက်မှာ ဘယ်သူမှ မငြင်းနိုင်သော အချက်ဖြစ်သည်။ မေမေ့ကို မုဆိုးမ လူလွတ်အမျိုးသမီး တစ်ယောက်အဖြစ် ယခုမှ မြင်မိသောကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ဦးမျိုးချစ်ဟာ ဖေဖေ့သူငယ်ချင်းတဲ့။ ဖေဖေရှိစဉ်တုန်းက တစ်ခါမှ မလာဘဲနဲ့ အခု ဖေဖေဆုံးမှ၊ ဆုံးသွားတာလည်းသားနဲ့ ဘာဖြစ်လို့ လာတာလဲ။

* * *

ဖေဖေ့ထံမှတစ်ဆင့် မျိုးချစ်ဟူသော လူငယ်လေးတစ်ယောက်အကြောင်း မကြာခဏ ကြားဖူးပါသည်။ ကျောင်းစာကလွဲပြီး အားလုံး ကို နှံ့စပ်ကျွမ်းကျင်သူ ဟူသော အချက်ဖြင့်ပင် မျိုးချစ်သည် ကျွန်တော့ အိပ်မက်တွေထဲမှာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ ဘိုကေကို နောက်ပြန် လှန်ဖြီးထားပြီး ကျွန်တော့ကို မထီတရီကြည့်နေသည့် ဓာတ်ပုံထဲက မျက်လုံးများကို ကျွန်တော် အားကျပါသည်။ ဓာတ်ပုံ ထဲမှာ ဖေဖေ၏ နူးညံ့သိမ်မွေ့သော အပြုံးနှင့် မျိုးချစ်၏ရိုင်းစိုင်းကြမ်းရှသော အကြည့်ကို ယှဉ်ကြည့်မိတိုင်း ကျွန်တော်သည် ယောကျာ်းတစ်ယောက်၏ နူးညံ့ပျော့ပျောင်းမှုကို ဘယ်လိုမှ သဘောမကျနိုင်ကြောင်း သေချာလာခဲ့သည်။ ယောကျာ်းတစ်ယောက် သည် ဗီဇသဘာဝအားဖြင့် ကြမ်းတမ်းရမည်၊ ခွန်အားပြည့်ရမည်၊ ပါးနပ် လျင်မြန်ရမည်။ လိုအပ်လျှင် ဘာမဆို ယှဉ်ပြိုင် အနိုင်ယူ တတ်ရမည်။

တစ်ခါတုန်းက မြစ်ရေကြီးချိန် ကမ်းနားမှာ ရေဆင်းချိုးရင်း ဖေဖေ ရေနစ်သွားသောအခါ မျိုးချစ်က ဖေဖေ့ကို ကယ်ဆယ်ခဲ့ရသည် တဲ့။ မျိုးချစ်သည် ငါးတစ်ကောင်လို ရေကူးကျွမ်းကျင်သည်ဟု ဖေဖေပြောခဲ့ပါသည်။

"ဖေဖေက ရေမကူးတတ်ဖူးလား"

ဖေဖေ့ကို သူရဲကောင်း ဖြစ်စေချင်သော ကျွန်တော်က အားမလို အားမရ မေးမိတော့ ဖေဖေက ထုံးစံအတိုင်း နူးညံ့စွာ ပြုံးလေသည်။

"မကူးတတ်ဘူး၊ ဖေဖေက ကုန်းမြင့်မှာ ကြီးပြင်းရတဲ့လူ၊ မျိုးချစ်က ကမ်းနားမှာ ကြီးပြင်းရတဲ့ လူလေ"

"ဒါပေမယ့် ယောက်ျားတစ်ယောက်ဟာ ရေကူးတတ်ဖို့တော့ ကောင်းပါတယ် ဖေဖေရာ"

ဖေဖေက ကျွန်တော့ကို စိုးရိမ် ထိတ်လန့်စွာ ကြည့်သည်။

"သား မြစ်ထဲချောင်းထဲ ရေသွားကူးဖူးသလား၊ ဖေဖေတို့ မသိအောင် ဘယ်တုန်းကများ သွားကူးလိုက်သလဲ"

"မပူပါနဲ့ ဖေဖေ၊ ကျွန်တော် ရေကူးကျွမ်းကျင်နေပါပြီ"

မေမေက ကျွန်တော်တို့ သားအဖကို ခပ်လှမ်းလှမ်းမှ အကဲခတ်နားထောင်ရင်း တိုးတိုးတိတ်တိတ် ရယ်မောခဲ့ဖူးလေသည်။

ကျွန်တော်တို့မြို့ သဲသောင်ခုံ၏ တစ်ဖက်ရှိ ကျွန်းပေါ်က ရွာကလေးသို့ လေသေနတ်တစ်လက်ဖြင့် ခါတွေ ချိုးတွေ လိုက်ပစ်တတ် သူမှာ မျိုးချစ်။ သောင်ပြင်ပေါ် ရေလျှံစဉ် ကမ်းနားမှာ ကျောက်ချသလို ထိုင်လျက် စိတ်ရှည်လက်ရှည် ငါးမျှားသူမှာလည်း မျိုးချစ်။ ဖေဖေကတော့ ငါးကလေးတွေ၊ ချိုးကလေးတွေကို သနားသည်ဟုဆိုကာ မျိုးချစ် မီးကင်ကျွေးသမျှ ငြင်းပယ်ခဲ့သည်တဲ့။ ထိုအခါ ကျောင်းလစ်ပြီး ထိုကျွန်းပေါ်သို့ အုပ်စုလိုက်သွားကာ ပြောင်းခင်းတွေထဲ ခိုးဝင်၊ ပြောင်းဖူးတွေ ချိုး၊ ဆီးသီးတွေ ဆွတ်၊ ကမ်းနားမှာ တပျော်တပါး ငါးမျှားခဲ့ဖူးသည့် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အကြောင်း ဖေဖေ့ကို မပြောဘဲ ထားရန် ဆုံးဖြတ်ခဲ့သည်။

အတန်းထဲမှာ စာတော်ပြီး နူးညံ့ချောမောသော ဖေဖေ့ကို မနာလိုစိတ်ဖြင့် ခပ်ရမ်းရမ်းကောင်တွေက ကျောင်းအလာမှာ စောင့်ပြီး ရန်စစဉ် ဖေဖေ့ကိုယ်စား အားလုံးကို ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်ကာ ဖေဖေ့ကို ကာကွယ်ခဲ့ရသော မျိုးချစ်ကို ညတစ်ညမှာတော့ အုပ်စုလိုက် ဝိုင်းရိုက်ခဲ့ကြဖူးသည်ဟု ဖေဖေပြောပြဖူးပါသည်။

"ဖေဖေတို့ အချင်းချင်းရော ရန်မဖြစ်ဘူးလား ဟင်"

ဖေဖေက ချက်ချင်း မဖြေဘဲ ခဏစဉ်းစားနေပြီးမှ ခပ်တိုးတိုး ဖြေသည်။

"နှစ်ခါ ရန်ဖြစ်ဖူးတယ်"

"ဘယ်သူနိုင်လဲ"

အဓိကကျသော မေးခွန်းကို ကျွန်တော် မေးတော့ ဖေဖေက ခပ်မဲ့မဲ့ ပြုံး၏။

"တစ်ခါက သူနိုင်တယ်၊ တစ်ခါက ဖေဖေနိုင်တယ်"

ဖေဖေ ဘယ်လိုနည်းဖြင့် သူ့ကိုနိုင်သလဲဟု ဖေဖေ၏ ကျစ်လျစ် သွယ်လျသော ကိုယ်ခန္ဓာကို ကြည့်၍ စပ်စုမိသောအခါမှာတော့ ဖေဖေ့မျက်နှာ တည်ကြည်သွားပြီး စကားလွှဲပစ်ခဲ့ပါသည်။

* * *

မေမေ့မျက်နှာမှာ ဖေဖေဆုံးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရွှင်လန်းတောက်ပလျက် ရှိသည်ကို စိတ်မကောင်းစွာ ကျွန်တော်ရိပ်မိနေ၏။ မေမေ့မျက်နှာ အမြဲတမ်း ကြည်နူးချမ်းမြေ့နေစေချင်သော်လည်း ယခုလို ရွယ်တူ သူစိမ်းယောက်ျား တစ်ယောက်၏ စကားတွေကြောင့်တော့ မေမေ မရွှင်လန်းစေချင်ပါ။
“ဘယ်သွားသွား အတူတူပဲ ဆိုပါတော့၊ ခင်များအဆောင်ကို သူလာနေကျ ညနေတွေက လွဲလို့ပေါ့ဗျာ”
မေမေ့မျက်နှာမှာ ရှက်စနိုး အပြုံးလေးတစ်ခု နူးညံ့စွာ ပေါ်လာသည်။
“ဟုတ်တယ်နော်၊ ရှင်ဘယ်တော့မှ ပါမလာဘူး”
သူမျက်နှာ နည်းနည်း မှုန်သွား၏။
“ကျွန်တော်က အဲလို ပလီပလာကိစ္စတွေကို စိတ်မရှည်ဘူးဗျ၊ သူ ခင်များအဆောင် သွားနေတဲ့ အချိန်တွေမှာ ကျွန်တော်က ဘော်လုံးချည်း ဖိကန်နေခဲ့တယ်လေ၊ အဲဒီရက်တွေ ဘယ်လောက်ကြာခဲ့သလဲဆို ကျွန်တော် အတန်းလိုက် ချန်ပီယံတစ်ယောက် ဖြစ်လာတဲ့ အထိပါပဲ”
သူ့ရယ်မောသံမှာ ကြမ်းတမ်းသော်လည်း ပူနွေးသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်၏စိတ်ကူး အိပ်မက်ထဲမှ သူရဲကောင်းသည် တဖြည်းဖြည်း မှိန်ဝါးနေပြီ ဖြစ်သည်။
“ဦးလေးမှာ အိမ်ထောင် မရှိဘူးလား”
ကျွန်တော်သည် ရိုင်းပျစွာပင် သူ့စကားကို နှောင့်ယှက်လိုက်မိ၏။ မေမေ့မျက်နှာက ဘာမှ မထူးခြားသော်လည်း သူက ကျွန်တော့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ မထီတထီ ပြုံးလေသည်။
“မရှိဘူး”
လျင်မြန်သောအဖြေက တုံးတိတိ ဖြစ်နေသည်။ ယဉ်ကျေးသိမ်မွေ့သော ဖေဖေသာ စာပွဲဝိုင်းတွင် ရှိခဲ့လျှင် ကျွန်တော်၏ရိုင်းပျမှုကို မနှစ်မြို့သလို လှမ်းကြည့်တော့မှာ သေချာသည်။
မေမေကတော့ ကျွန်တော်၏ စကားဖြတ်မှုအတွက် နည်းနည်းမျှ အံ့သြပုံမရ။
“ဒါနဲ့ မခင်မူ … အကူအညီလိုရင်ပြောနော်၊ ကျွန်တော့်ကိုဘာမှ အားနာစရာ မလိုဘူး၊ ကျွန်တော့်လိပ်စာ ခင်ဗျားတို့ကို ပေးခဲ့မယ်၊ လိုအပ်ရင် ဆက်သွယ်ဖို့”
မေမေက ဘာမှ မဖြေရသေးမီ ကျွန်တော်က ရုတ်တရက်ငြင်းပစ်လိုက်မိသည်။
“ကိစ္စမရှိဘူး ဦးလေး၊ ကျွန်တော်တို့သားအမိ ပြည့်စုံပါတယ်၊ ဘာမှ မစိုးရိမ်ပါနဲ့”
ကျွန်တော်နှင့်သူ တစ်ယောက်ကိုတစ်ယောက် အကြာကြီး စူးစိုက်ကြည့်နေကြ၏။ သူကလည်း တော်တော်နှင့် မျက်နှာမလွှဲ၊ ကျွန်တော်လည်း အရှုံးမပေးဘဲ စိုက်ကြည့်နေခဲ့သည်။ မေမေက ကျွန်တော်တို့နှစ်ယောက်ကို သဘောကျသလို ပြုံးကြည့်နေ၏။ နောက်ဆုံးတော့ သူက လျှော့ပေးရသည်။ သူက နှုတ်ခမ်းထောင့်စွန်းကလေး ကွေး၍ ပြုံးကာ ခေါင်းတစ်ချက်ဆတ်လိုက်သည်။
“အိုကေ . . . ကျွန်တော် ပြန်မယ်၊ မနက်ဖြန်ညနေလောက်မှ လာခဲ့ဦးမယ်”
ပြောပြောဆိုဆို သူထိုင်ရာက ထလိုက်သည်၊ မြင့်မားတောင့်တင်းသော သူ့ခန္ဒာကိုယ်နှင့် ကြမ်းတမ်းသော သူ့မျက်နှာကို အားကျစွာ ကျွန်တော် မော့ကြည့်မိခိုက်မှာပင် သူ့မျက်လုံးများ မေမေ့ဆီ ရောက်နေသောကြောင့် ကျွန်တော် မျက်ခနဲ အောင့်သွားရ၏။ သို့သော် သူပြန်တော့မည့်အတွက် ကျွန်တော်ဝမ်းသာပါသည်။ မေမေကစားပွဲမှထရပ်သည်။ သူ့ကိုတံခါးပေါက်ဝထိ လိုက်ပို့ပေးတော့မည်လားဟု ကျွန်တော်ထင်လိုက်၏။ ကျွန်တော်ကမန်းကတန်း မတ်တပ်ထရပ်လိုက်သည်။
“ရတယ်မေမေ၊ မေမေနေခဲ့၊ ကျွန်တော် ဦးလေးကို ခြံဝိုင်းအပြင်ထိ လိုက်ပို့ပေးလိုက်မယ်”
မေမေက ကျွန်တော့်မျက်နှာအရိပ်အကဲကို ဖေဖေ့ထက် ကျွမ်းကျင်စွာ ဖတ်တတ်သည်။
“အေးကွယ်၊ ဒါဆို မေမေပန်းကန်တွေ ဆေးလိုက်ဦးမယ်”
သူက ဘောင်းဘီအိတ်တွေထဲလက်ထည့်ကာ ကျွန်တော့်စကားကြောင့် ဘာမှ ထူးခြားမသွားသလိုပင် အိမ်ထဲမှ ဖြည်းလေးစွာ ထွက်သွားသည်။ ကျွန်တော်သည် သူ၏နောက်နားမှ ကပ်လျက် တိတ်ဆိတ်စွာ လိုက်ပါသွားမိ၏။ ခြံဝန်းထဲမှာတော့ လရောင် ရွှမ်းလက်စပြုပြီ။ မြင့်မားသော အုန်းလက်များ လေဖြင့်လှုပ်ခတ်နေသည်ကို သူမော့ကြည့်လိုက်၏။ ထို့နောက် သူ့နောက်ကျောနား နီးကပ်နေသော ကျွန်တော့်ဘက်သို့ ဗြုန်းကနဲ လှည့်ကြည့်သည်။ သူ့အရပ်နှင့် ကျွန်တော့်အရပ် သိပ်မကွာသော်လည်း သူ့မျက်နှာက ကျွန်တော့်မျက်နှာပေါ် အုပ်မိုးနေသလို ခံစားလိုက်ရသည်။
“ငါဒီနေ့ အိမ်ရောက်သွားတော့ ရှိသမျှ သေတ္တာတွေဘီရိုတွေကို ရောင်းပစ်ဖို့တစ်အိမ်လုံး ရှင်းလင်းပစ်လိုက်တယ်။ ထင်းရူးသေတ္တာဟောင်းထဲမှာ တခြားစာအုပ်တွေနဲ့အတူ ကျော်ဇံရဲ့ မှတ်စုစာအုပ်တစ်အုပ်တွေ့တယ်၊ ဆယ်တန်းနှစ်တုန်းက စာအုပ်၊ သိပ်လှတဲ့လက်ရေးတွေ မင်းသိမ်းထားချင်မလားလို့”
ကျွန်တော်သူ့ကိုကြည့်ရင်း တစ်ကိုယ်လုံးနွမ်းခွေလာသည်။ ဖေဖေလက်ရေးသည် အမြဲလှခဲ့ပါသည်။ ကျွန်တော်ဘာမှမဖြေနိုင်မီ သူက ဂျာကင်အကျီ င်္နောက်ကျောကိုမကာ ခါးကြားထိုးထားသော စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ ကျွန်တော့်ကို ကမ်းပေးသည်။ ကျွန်တော်အနည်းငယ် တုန်ရင်သောလက်များဖြင့် လှမ်းကိုင်လိုက်၏။
“ငါ ၁၀တန်းတုန်းက လူရိုက်ခံရလို့ ဆေးရုံတက်ရတယ်၊ ငါကျောင်းပျက်တုန်း ကျော်ဇံ ငါလွတ်သွားတဲ့ သင်ခန်းစာအားလုံးကို အဲ့ဒီ့စာအုပ်ထဲမှာ ရောကူးပေးခဲ့တယ်”
သူ့အသံအနည်းငယ်တိုးသွား၏။
“သချာင်္ရော၊ ဓါာတုရော၊ ဘိုင်အိုရော အစုံပဲ”
ကျွန်တော်သည် သေသပ်စွာအဖုံးဖုံးထားသော မှတ်စုစာအုပ်ကလေးကို လရောင်ဖြင့် သဲကွဲစွာ မမြင်နိုင်ဘဲ စာရွက်တွေလှန်ကြည့်မိသည်။ စက္ကူဟောင်းနံ့နှင့်ရောလျက် ပရုတ်လုံးနံ့သင်းသင်းကလေးမွှေးနေသည်။ ကျွန်တော် ရုတ်တရက် အာခေါင်တွေခြောက်ကပ်လာ၏။
“ဒါနဲ့ မင်း မိန်းကလေးတွေနဲ့ ပတ်သက်ဖူးပြီလား”
မမျှော်လင့်သော မေးခွန်းကြောင့် ကျွန်တော် သူ့ကို ဆက်ကနဲ မော့ကြည့်လိုက်မိသည်။ သူက ကျွန်တော့် စိတ်ကို ထွင်းဖောက်တော့မလို သဲသဲမဲမဲ စိုက်ကြည့်နေသောအခါ ကျွန်တော်မလုံမလဲ ဖြစ်သွားပါသည်။ ခင်ဗျားနှင့် ဘာဆိုင်လို့လဲဟု ကျွန်တော်ရိုင်းပြချင်သော်လဲ၊ ကျွန်တော် တိတ်ဆိတ်စွာပင် ခေါင်းငြိမ့်လိုက်မိ၏။ သူက ခြောက်သွေ့စွာရယ်မောလိုက်လေသည်။
“အင်း… ဒါလဲ ကျော်ဇံအတိုင်းပါပဲလား”
ထို့နောက် ကျွန်တော့်ဆံပင်များကို ညင်သာစွာဖွပြီး ပြန်သပ်ပေးသည်။ သူ့လက်ကိုင်တွယ်ပုံမှာ မထင်မှတ်ပဲ နူးညံ့သိမ်မွေ့လွန်းသောကြောင့် ကျွန်တော် ကြက်သီးဖျန်းကနဲထသွားခါ စိတ်မှတ်မဲ့ နောက်ဆုတ်ရပ်လိုက်မိ၏။ သူက ချက်ချင်းမျက်နှာလွှဲပစ်လိုက်သည်။
“သူ့သချို င်္င်းကဘယ်မှာလဲ”
ခဏကြောင်သွားပြီးမှ ဖေဖေ့သချို င်္င်းကို ဆိုလိုကြောင်းသိသွားပါသည်။
“ကျောင်းကုန်းမှာ”
ကျွန်တော့်အသံက ဆို့နင့် ထစ်အ သွားသည်။ ဖေဖေ့အသုဘ မြေချသောနေ့က ပူပန်သောကသည် ကျွန်တော့်ထံ ယခင်ခံစားမှုအတိုင်း ပြန်လည်ရောက်ရှိလာတော့သည်။ ၄၃နှစ်ဆိုတာ အလွန်ငယ်ရွယ်သေးသည့် အသက်ဖြစ်ပါသည်။
“အိမ်က အသုဘလဲ ကျောင်းကုန်းမှာချမှာပဲ”
သူ့စကားကြောင့် ဆက်ကနဲတုန်သွားသည့်ကျွန်တော့်ကို သူက သဘောကျသွားသလိုပင် ခေါင်းတစ်ချက် ညိတ်သည်။
“ငါ့ ဦးလေး ဆုံးသွားပြီလေ၊ မနက်ဖြန် သဂြို င်္ဟ်မယ်၊ ဦးလေးသာမသေသေးရင် ငါဒီမြို့ ကိုရောက်ဖြစ်ဦးမှာမဟုတ်ဘူး၊ ဒါနဲ့ သူ့မြေပုံက ဘယ်နားလောက်မှာလဲ”
ဈေးဆိုင်တစ်ဆိုင်အကြောင်း စုံစမ်းသလို ခပ်ပေါ့ပေါ့မေးသောမေးခွန်းကြောင့် ကျွန်တော့်ရင်ထဲမှာ စူးစူးရှရှ နာကျင်ဝမ်းနည်းသွားပါသည်၊ ဝေ့ဝဲလာသောမျက်ရည်များကြောင့် မျက်လွှာချပစ်လိုက်မိသည်။
“မြေပုံမဟုတ်ဘူး၊ အုတ်ဂူ၊ ဇရပ်ရဲ့ ညာဘက်ထောင့်မှာ”
ကျွန်တော့်အသံ မာထန်သွားသည်ကို သူလုံးဝ ဂရုမစိုက်ပဲ ချာကနဲ လှည့်ထွက်သွား၏။

နေသည် အနောက်ဘက်ကောင်းကင်မှာ မြင့်နေဆဲဖြစ်သည်။ ကျွန်တော့်လက်ထဲမှာ ခြံထဲမှ ခူးလာသော နှင်းဆီပန်းများရှိသည်။ အကယ်၍ အမှန်တကယ်သူ့ဦးလေး၏ အသုဘရှိနေပြီး သူနှင့် မတော်တဆတွေ့သွားလျှင် ဖေဖေ့အုတ်ဂူမှာ ပန်းလာချပြီး ကန်တော့ဖို့လာသည်ဟု အကြောင်းပြနိုင်ရန် ဖြစ်ပါသည်။ အကယ်၍ ညနေ မိုးချုပ်သည်အထိ သူ့ဦးလေး၏ အသုဘဆိုတာမရှိလျှင် သူလိမ်ညာနေကြောင်း မေမေ့ကို ပြန်ပြောပြမည်။
သို့သော် ကျွန်တော် သဿာန်သို့ရောက်သွားသောအခါ အသုဘတစ်ခု အမှန်တကယ်ရှိနေပြီး မြေဖို့နေသည်ကို တွေ့ရပါသည်။ လူအနည်းငယ်သာကျန်တော့သော သချို င်္င်းမြေသည် ဖုန်ထူလွှမ်းလျက် ဝမ်းနည်းခြောက်ခြားဖွယ်ရာ တိတ်ဆိတ်နေ၏။
ကျွန်တော်သည် ခပ်လှမ်းလှမ်းမှာမြေဖို့နေသော လူစုထဲ၌ ထင်းထင်းကြီးဖြစ်နေသော သူ့ကို မြင်လျှင်မြင်ချင်း ကန္တာရပင်တစ်ပင်၏ ပင်စည်ဖြင့် ပုန်းကွယ်ရန်ကြိုးစားမိ၏။ သို့သော် အသုဘကြောင့် ပူပင်သောက လုံးဝရှိဟန်မတူသော သူက ကျွန်တော့်ကိုမြင်သွားကာ လက်မြှောက်ပြ၏။ ထို့ကြောင့် သူရှိရာသို့ ဖြေးညင်းတွန့်ဆုတ်စွာ လျှောက်သွားရပါသည်။
“လာ… မင်းရောက်လာမယ်လို့ ငါသိနေတယ်”
ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတစ်ယောက် အကြာကြီး စူးစိုက်ကြည့်နေမိကြသည်။ သည်တစ်ခါ မျက်နှာစလွှဲရသူက ကျွန်တော်ဖြစ်ပါသည်။

ဖေဖေအုတ်ဂူရှေ့ မှာ ရပ်မိကြတော့ ကျွန်တော်တို့နှစ်ယောက် ဘာစကားမှ မပြောနိုင်ကြပဲ ငြိမ်သက်နေသည်။ နေရောင်ဖျော့ဖျော့သည် ထနောင်းပင်အကိုင်းအဖျားမှ ဖြတ်လျှက် ဖေဖေ့အုတ်ဂူပေါ်သို့ ပျောက်တိပျောက်ကျား ကျရောက်နေသည်။ ကျွန်တော်ယူလာသည့် နှင်းဆီပန်းမှားကို အုတ်ဂူပေါ် တင်မည့်ဟန်ပြင်ခိုက် သူက ခဏလက်ပြတားသည်။ အုတ်ဂူခေါင်းရင်းမှာ တင်နေသော သစ်ရွက်ခြောက်များ၊ မြေမှုန့်များကို လေနှင့်မှုတ်၍ဖယ်ပေးသည်။ ထို့နောက်… “ဦးကျော်ဇံ၊ အသက် ၄၃-နှစ်၊” ဟူသော ထွင်းစာထင်ရှားလာသည်အထိ သူ့လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွ ပွတ်သပ် ခြစ်နေပါသည်။
အုတ်ဂူပေါ် ပန်းများတင်လိုက်ပြီးသောအခါ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်ပြီး ကန်တော့လိုက်ပါသည်။ ကျွန်တော့် နှဖူးနှင့် အေးစက်သော အုတ်ဂူအစွန်းထိတွေ့မိပြီးသောအခါ ကျွန်တော့်ရင်ထဲက တစ်စုံတစ်ရာကို တင်းခနဲဆွဲယူ ဆုပ်ညှစ်ခံလိုက်ရသလို နာကျင်သွားလျှက် မျက်ရည်များ ပြည့်လျှံလာသည်။ ကျွန်တော် အံကျိတ်လျှက် အုတ်ဂူစွန်းပေါ် နှဖူးမှေးတင်ကာ စိတ်တည်ငြိမ်မှုရသည်အထိ ထိန်းချုပ်ငြိမ်သက်နေစဉ် သူက ဘေးမှာ မလှုပ်မယှက် ရပ်နေခဲ့သည်။
တော်တော်ကြီးကြာမှ သူစကားစပြောသည်။
“ငါနဲ့ကျော်ဇံ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က ဒီသချို င်္င်းထဲမှာ တစ်ယောက်ကိုတစ်ယောက်ကို ဖက်ပြီးငိုဖူးတယ်”
ကျွန်တော်မျက်ရည်တွေကို မေ့သွားပြီး ဆတ်ခနဲခေါင်းမော့ကြည့်လိုက်တော့ သူကျွန်တော့်ကိုကြည့်မနေပါ။
“မင်းအဘွားဆုံးတုန်းကပေါ့၊ ကျော်ဇံ့အမေလေ၊ ကျော်ဇံက ဆယ့်သုံးနှစ် ငါက ဆယ့်လေးနှစ်၊ ဟော… ဟိုနေရာလောက်မှာ မင်းအဘွားရဲ့မြေပုံ ရှိခဲ့ဖူးတယ်”
ကျွန်တော်သည် လက်ညှိုးညွှန်ပြရာ ကုန်းမို့လေးဆီသို့ လှမ်းကြည့်ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဝိုက်ကို လက်ခုံဖြင့် ကြမ်းတမ်းစွာ ပွတ်သုတ်ပစ်လိုက်ပါသည်။
“ကျော်ဇံဆုံးတုန်းက မင်းဘေးမှာ မင်းနဲ့အတူ ဝမ်းနည်းမယ့် သူငယ်ချင်းမရှိဘူး မဟုတ်လား”
ကျွန်တော် ကြောင်အစွာပင် ခေါင်းခါရမ်းလိုက်၏။
“ဆိုးတာပဲ၊ လူတစ်ယောက်ဟာ ဘဝမှာအရင်းနှီးဆုံးသူငယ်ချင်းဆိုတာရှိသင့်တယ်”
ကျွန်တော့်မှာသူငယ်ချင်းတွေအများကြီးပါဟု ပြန်ပြောချင်သော်လည်း မပြောနိုင်ပါ။ တကယ်တမ်းကျတော့ ကျွန်တော့်မှာ ကောင်းတူဆိုးဖက် ရင်းနှီးပွင့်လင်းသော သူငယ်ချင်းမရှိပါ။ ပြိုင်ဘက်များသာရှိပါသည်။
“အင်း… ပြီးကာမှ ဒေါသတကြီး ရန်ဖြစ်ပြီး နှစ် ၂၀ လောက် အဆက်အသွယ်ပြတ်ချင် ပြတ်ပလေ့စေပေါ့လေ”
သူက စကားကို ပြန်ဆက်ပြီး ခပ်ဟပ်ဟပ် ရယ်မောသည်။ ရယ်မောသံမှာခြောက်သွေ့အက်ကွဲ၏။
လေသည် ကျွန်တော်တို့ဆီသို့ ဖုန်ငွေ့နှင့်မကျည်းရွက်ခြောက်များကို သယ်လာသည်။ ဟိုး အဝေးဆီမှာ ဥသြငှက်တစ်ကောင် ဆွဲဆွဲငင်ငင် အော်မြည်နေသည်။ ကျွန်တော်ဖေဖေ့ကို လွမ်းဆွတ်စိတ်ဖြင့် ပထမဦးဆုံးအကြိမ် ရင်းရင်းနှီးနှီး ဆုပ်ကိုင်မိ၏။
“ဖေဖေ့ အကြောင်းတွေ ပြောပြစမ်းပါ ဦးလေး”
“ကျော်ဇံနဲ့ ငါ နှစ်ခါရန်ဖြစ်ဖူးတယ်”
ဖေဖေတစ်ခါတုန်းက ပြောဖူးတဲ့စကားအတိုင်း ပါပဲ။
“ဖေဖေ ရှုံးသလား”
အဓိကကျသော အချက်ကိုပင် ဖေဖေ့တုန်းကလို ကျွန်တော်မေးမိပါသည်။ သူ့အဖြေက ဖေဖေ့အဖြေထက် ပို၍ ပြည့်စုံပါသည်။
“ပထမတစ်ခါ ၉ တန်းနှစ်ကပေါ့၊ ကောင်မလေးတစ်ယောက်နဲ့ ပတ်သက်ပြီးသတ်ကြတာ၊ ကောင်မလေးနာမည်ကို ငါမေ့သွားပြီ၊ အဲ… မဟုတ်ဘူး၊ ကောင်မလေးနာမည်ကို ကောင်းကောင်းတောင် မသိခဲ့ပါဘူး၊ ငါ ကျော်ဇံကိုလက်သီးနဲ့ တစ်ချက် ထိုးပစ်လိုက်တယ်”
ကျွန်တော်သည် ကိုယ်တိုင် အထိုးခံလိုက်ရသလို ဆတ်ခနဲ နာကျင်သွားသည်။
“နောက်တစ်ခါဆို မင်းနဲ့ငါအပြတ်ပဲလို့ သူ့ကို ခြိမ်းခြောက်ခဲ့တယ်၊ သူကောင်မလေးနဲ့ တစ်ခါတည်းပြတ်သွားတယ်၊ စာတစ်ခုပဲ သူအာရုံစိုက်တော့တယ်၊ အဲ့ဒါ သူ့အတွက်သိပ်ကောင်းပါတယ်၊ အင်း … ငါက ဒီကောင်ငါ့ကို ဖြုံသွားပြီလို့ အောက်မေ့ခဲ့မိတယ်၊ ဒါပေမယ့် ကောလိပ်တတိယနှစ်ရောက်တော့ နောက်တစ်ကြိမ်း ရန်ဖြစ်ရပြန်တယ်၊ ဒီတစ်ခါ မင်းအမေ မခင်မူကြောင့်ပေါ့ကွာ”
ကျွန်တော်သူ့မျက်လုံးများကို စူးစူးရှရှ အကဲခတ်ကြည့်မိသည်။
“ငါဘယ်လောက်ပဲ ဒေါသကြီးကြီး၊ ဆဲဆဲဆိုဆို၊ ကျော်ဇံကလုံးဝနောက်မဆုတ်တော့ဘူး၊ နောက်ဆုံးတော့ ရုံးမှာသွားလက်ထပ်မယ့်ညက ငါ့ကို အသိသက်သေလုပ်ပေးဖို့ လာပြောတယ်”
သူ ခပ်သဲ့သဲ့ ရယ်၏။ ရယ်သည်ကို နှုတ်ခမ်းအရသာသိရသော်လည်း သူ့ရယ်သံကို ကျွန်တော်မကြားရပါ။
“ငါ သူ့ကို ဆွဲထိုးပစ်လိုက်တယ်၊ သူကငါ့ကို ပြန်ထိုးတယ်၊ ဘယ်လောက်အံ့သြဖို့ကောင်းလည်း၊ ဘယ်တုန်းကမှ လူတစ်ယောက်ကို လက်သီးနဲ့ မထိုးဖူးတဲ့ ကျော်ဇံက ငါ့ကို ထိုးတယ်ကွာ၊ ပြီးတော့ ပြောသေးတယ်၊ မင်းသိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင် . . . တဲ့၊ မင်းလိုအရူးကောင်းကို ငါမပေါင်းချင်တော့ဘူးတဲ့”
တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် သူ့အသ်ကရှူသံမှာပြင်းထတန်လှသည်။
“ငါ့ကို အရူးလို့ပြောပြော၊ ဘာပြောပြော၊ ငါမနာပါဘူး၊ ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ သူ့ပါးစပ်ကပြောလိုက်တော့ ငါဝမ်းနည်းတယ်၊ ငါ့ဘဝမှာ ဒီသူငယ်ချင်းပဲ အရေးအကြီးဆုံး၊ အရင်းနှီးဆုံး၊ အခင်မင်ဆုံး၊ ငါလုပ်သမျှ ငါအသက်ရှင်သမျှ သူ့အတွက်ချည်းပါပဲ၊ ဒါပေမယ့် သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ ငါစွပ်စွဲခံခဲ့ရတယ်၊ အဲ့ဒီနေ့ကစပြီး ငါတို့ခြင်း မတွေ့ကြတာ သေတဲ့အထိပေါ့”
ပတ်ဝန်းကျင်သည် တဖြည်းဖြည်းအမှောင်ရိပ်လွှမ်းလာလေသည်။ လေထုသည် အေးစက်သိပ်သည်းလာသည်။ အနောက်ဘက်ကောင်းကင်တွင် နေရောင် လုံးဝပျောက်ကွယ်ခဲ့ပြီ။
သူ့ကိုကျွန်တော်ဘာပြောရမှန်းမသိဘူး၊ တစ်ခုခုတော့ ပြောချင်နေသည်။ သို့သော် မပြောဘဲထားတာ ပိုကောင်းမည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။
“ဖေဖေကဦးကို တော်တော်ခင်ခဲ့ပါတယ်”
နှစ်သိမ့်သလို ခပ်စစ ပြောလိုက်မိသောအခါ ပြုံး၍ ခေါင်းငြိမ့်သည်။
“ငါသိပါတယ်”
ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်လာသည်အထိ ဖေဖေ့အုတ်ဂူဘေးတွင် ကျွန်တော်တို့ ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။


ဂျူး
(၁၉၉၃၊ ဒီဇင်ဘာလ၊ နှင်းဆီမဂ္ဂဇင်း)

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။