contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

မိုးရေစက်များ၏ သုညတ္တအင်အား
Chapter 1
တာရာမင်းဝေ

( ၁ )

မိုးခါးကြီး ရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့ သူရောက်လာခဲ့သည်။ ရည်ရွယ်ချက်မရှိဘဲ ရောက်လာခဲ့ခြင်း ဖြစ်၏ ။ ယခင် ဤရွာကလေးရှိကြောင်း သိပင်မသိ။ ဤရွာကလေးတွင် နေထိုင်ကြသော လူမျိုးစု သုံးစုအကြောင်းကိုလည်း ကြားပင် မကြား ဖူးခဲ့ချေ။ ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများ ရူးသွားကြကြောင်း၊ မသောက်ဘဲ နေသူကလည်း ကျောက်ရုပ် ဖြစ်ကျန်ခဲ့ကြောင်း သတင်းနဲ့အတူ ဤရွာမှ လူများ၏ ရှေးဟောင်းသချာင်္စနစ်များကို သူ သိခဲ့ရခြင်းဖြစ်သည်။ မိုးခါး ကြီးရွာခြင်း၊ ရူးသွပ်ခြင်း၊ ကျောက်ရုပ်ဖြစ်ခြင်း စသည့် သတင်းများထက် ရှေးဟောင်းသချာင်္ဆိုင်ရာ သတင်းက သူ့ကို ပိုမိုဆွဲဆောင် နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာပြီးနောက် သူ ဤရွာသို့ရောက်လာခဲ့ရခြင်း ဖြစ်သည်။

( ၂ )

မိုးခါးရေ သောက်ထားပြီးသူတွေဟာ အသိစိတ် မရှိကြတော့။ သူတို့ပြောနိုင်တာ တစ်ချက်ပဲ ကျန်ရစ်ခဲ့သည်။ ထိုအချက်ကတော့ သူတို့သောက်ခဲ့သည့် မိုးခါးရေခွက် အရေအတွက်ကို ပြောပြနိုင်ခြင်း ဖြစ်၏။ "မိုးခါးရေက အတော် ဆွဲဆောင်မှု ရှိပုံပဲ" ထိုသို့ပင် သူမှတ်ချက်ချမိ၏။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလည်း ထပ်ထပ်သောက်ချင်နေစိတ်ရှိအောင် ဆွဲဆောင် ဖမ်းစား နိုင်ခဲ့ပုံရသည်။ အချို့လူများ သောက်ခဲ့သည့် မိုးခါးရေခွက် အရေအတွက်က အတော်များလေ၏။ ထိုခွက်အရေအတွက် များကို သူတို့က သူတို့၏ ရှေးဟောင်းသချာင်္ညွှန်ပြချက် နည်းများအတိုင်း ညွှန်ပြသွားကြ၏။ ထိုညွှန်ပြချက်နည်းများကို သူက စိတ်ဝင် တစား လေ့လာမိလေသည်။ အစု သုံးခုခွဲပြီး သူလေ့လာလိုက်ရ၏။

( ၃ )

ပထမအစုမှ လူများသည် ဓားများ ဝှေ့ရမ်းပြီး ပါးစပ်မှလည်း "ရေ . . . ရေ" ဟု ညည်းတွားနေကြ၏။ သူတို့သောက်ခဲ့သော တစ်ဦး စီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ရသည်။ ပင်စည်ပေါ်မှာ ဓားနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြသူများဖြစ်၏။ ဓားထစ် တစ်ထစ်လျှင် တစ်ခွက်ဖြစ်သည်။ ဒုတိယအစုမှ လူများကတော့ လက်ထဲမှ ကြိုးများ ကို ဆွဲချည်ဆန့်ချည်လုပ်ရင်း တဟင်းဟင်း အော်ဟစ်နေကြ၏။ သူတို့ သောက်ခဲ့သည့် ခွက်အရေအတွက်ကို သူတို့ လက်ထဲမှ ကြိုးကတစ်ဆင့် သိရ၏။ သူတို့က ကြိုးကို အထုံးကလေး ထုံးရင်း မှတ်သားသွားကြခြင်း ဖြစ်၏။"ကွစ်ပူ( Quipu ) ပုံစံပါလား" သူ အလွန် သဘောကျသွား၏။ ထိုသို့ ကြိုးထုံးဖြင့် ရေတွက်မှု သဘောတရားကို တောင်အမေရိကတိုက်မှ "အင်ကာ" အင်ဒီးယန်း လူမျိုးများလည်း သုံးစွဲဖူး၏။ လေ့လာရ အခက်အခဲဆုံးဖြစ်ခဲ့သည်မှာ တတိယအုပ်စုဖြစ်သည်။

(၄)

တတိယအုပ်စုမှ လူများသည် လမ်းပေါ်မှာ ကခုန်နေကြ၏။ ဘာစကားကိုမှ မပြောကြ။ သို့သော် သူတို့၏ မျက်လုံးများထဲမှာ မွတ်သိပ်မှုကို တွေ့နေရသည်။ " အားပါးပါး မလွယ်ပါလား" သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေအတွက်ကို ညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကိန်းဂဏန်းများအဖြစ် သင်္ကေတပြုကာ ဖော်ပြနေကြခြင်းဖြစ်၏။ အဓိပ္ပာယ်ဖတ်ရန် အတော်ခက်ခဲလေသည်။ ဤကဲ့သို့သော ရေတွက်မှုပုံစံကို နရူးဂီနီလူမျိုးများလည်း သုံးစွဲကြ၏။ သူ ကြိုးစား ပမ်းစား လေ့လာယူရလေသည်။ ကျေနပ်အားရမှုလည်းရှိခဲ့၏။ လေ့လာမှုပြီးဆုံးပြီဟု ယူဆသောအချိန်မှ "အင်း ကျောက်ရုပ်ဖြစ်တဲ့ လူကို သွားကြည့်ဦးမယ်"

(၅)

မိုးခါးရေ မသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ရုပ်ဖြစ်သွားရသည်မှာ တစ်ယောက်တည်းဖြစ်၏၊ ( ကျန်လူများ အားလုံးမှာ မိုးခါးရေသောက်ပြီး ရူးသွပ်သွားကြ၏။ ) ထိုသူသည် သို့မဟုတ် ထိုကျောက်ရုပ်သည် အဝေးသို့ လှမ်းကြည့်နေ၏ ။ ကျောက်ဖြစ် နေသော မျက်လုံးများကတော့ ဘာကိုမှ မြင်ပုံမပေါ်။ ထိုကျောက်ရုပ်ကို လှည့်ပတ်ကြည့်ရှုရင်း သူ သက်ပြင်းချမိ၏။ " ဖြစ်မှဖြစ် ရလေ" ။ ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း သူ့စိတ်ထဲမှာလည်း စိမ့်ပြီး ကြောက်လာမိ၏။ "အင်း ပြန်တာပဲကောင်းပါတယ်" ။
ထိုအခိုက်မှာပင်
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏။ ဝေမှုန်သော်လည်း ကြမ်းတမ်းသည့် လေတို့က အေးရှစွာ ဆင်းကျလာသည်။ တစ်စုံတစ်ခုသော ရနံ့ကို ရှူရှိုက်လိုက်ရပြီး " ဟင် မိုးခါးကြီး ထပ်ရွာတော့မယ် " ။ ရင်ထဲမှာ ပူလောင်ပြီး ကမ္ဘာပျက်သွားသလို သူ ခံစားလိုက်ရလေသည်။

( ၆ )

လေထဲမှာ မိုး၏ အငွေ့အသက်တို့ ပါလာသည်။ သူ့အပေါ် ကျလာသော မိုးစက်မိုးမှုန်ပျပျကလေးများကို လက်နှင့် ဝှေ့ရမ်း ကာကွယ်နေမိ၏။
"ဂျိမ်း ဂျုန်း"
မိုးခြိမ်းသံကြီးက ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာသည်။ သဲကြီးမဲကြီး ရွာချတော့မည်မှာ သေချာ၏။ သူ ယောက်ယက်ခတ် ပြေးလွှားနေမိသည်။ ဤမိုးကို ကာကွယ်၍ ရတော့မည် မဟုတ်ကြောင်းကိုလည်း သိလိုက်သည်။ " x x x x x x x x x x x " ။ လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို သူပက်ပက်စက်စက် အော်ဟစ်ဆဲဆိုရင်း လမ်းပေါ်မှာ ခုန်ပေါက်နေမိ၏။ ပြီး လိုအပ်ချက်တစ်ခုကို သတိရပြီး ဘေးဘီဝဲယာဆီ လျှောက်ကြည့်မိ၏။ ဓားတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင် တစ်ပင်ဆီ ပြေးသွားကာ ပင်စည်မှာ အထစ်လုပ်ကြည့်၏။ ခုတ်ကြည့်ခြင်းဖြစ်သည်။ သို့သော် ဘာအထစ်မှ ထင်မကျန်။ ဆွေးမြေ့ နေပြီဖြစ်သော ဓားကြီးက ကျိုးသွား၏။ "တောက် " လမ်းပေါ်မှာ ကြိုးတစ်ချောင်းကို တွေ့၍ ကုန်းကောက်ရသေးသည်။ ကြိုးကို အထုံးလေးများ ရစ်ချည်ကြည့်၏။ မရချေ။ ထိုကြိုးထုံးနည်းကို သူ မထုံးတတ်။ ပုံစံမျိုးစုံနှင့် ကမန်းကတန်းချည်ကြည့်နေပြီး မရ လွန်းသည့်အဆုံးမှာ ထိုကြိုးကို ဒေါသတကြီး လွှင့်ပစ်လိုက်၏။ နောက်ဆုံးအနေနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းဖြင့် ဖော်ပြနိုင်ရန် သူ ကြိုးစားရသည်။ မိုးစက်တွေကလည်း ခပ်ပါးပါးကျရောက်နေပြီ ဖြစ်၏။ သို့သော်လည်း ဒူးမြှောက် လက်မြှောက် လုပ်နေရခြင်းသည် သူ့အတွက် အဆင်မပြေလှချေ။ ခန္ဓာကိုယ် အစိတ်အပိုင်းများမှတစ်ဆင့် ကိန်းဂဏန်းကို ဖော်ပြနေသလို မဖြစ်ဘဲ ဓာတ်လိုက်နေ သလိုလို၊ ဘရိတ်ဒန့် ကနေသလိုလို ဖြစ်နေသည်။ " ဒုက္ခပဲ" ထိုသို့ဆိုလျှင်တော့ တစ်နည်းပဲ ကျန်တော့သည်။ ကျောက်ရုပ်ရှိရာကို အပြေးသွားလိုက်၏။ မိုးခါးရေကို မသောက်ဘဲ ကျောက်ရုပ်အဖြစ်ခံတော့မည်။

( ၇ )

ကျောက်ရုပ်၏နံဘေးမှာ သူ ဝင်ရပ်၏။ ရပ်ရပ်ချင်းမှာတော့ လက်နှစ်ဘက်တွဲလောင်းချပြီး တောင့်တောင့်ကြီး ရပ်နေလိုက်ခြင်း ဖြစ် သည်။ ထို့နောက်မှာမူ နောင်လာနောင်သားတွေအမြင်မှာ သူ့ကျောက်ရုပ် လှပရန်လိုအပ်ကြောင်းကို သတိရသည်။ ထိုသို့ဖြင့် တစောင်းပြင်ရပ်၏။ ခါးမှာ လက်ထောက်ရပ်၏။ ဆံပင်ကို ပင့်တင်ရသေးသည်။ ဓာတ်ပုံဆရာရှေ့မှာ အိုက်တင်ပေးသည်နှယ် သူ့ကိုယ်ဟန်ကို အမျိုးမျိုးပြင်နေရ၏။ သိပ် အချိုးမပြေသလို ခံစားအ၏။ မိုးကြီးက ရွာလာပြီ။ ထိုအခါကျမှ ပန်းပုရုပ်တစ်ရုပ်၏ ကိုယ်ဟန်ကိုသတိရပြီး သူထိုင်ချလိုက်၏။ ကမ္ဘာကျော်ပန်းပုဆရာကြီး ဩဂတ်ရိုဒင်၏ အတွေးအခေါ်သမား ( Thinker ) အမည်ရှိ ပန်းပုရုပ်၏ ကိုယ်ဟန်အတိုင်း သူထိုင်နေခြင်းဖြစ်သည်။ ဒဿနတစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် ။ မိုးကြီးက တဝေါဝေါရွာချလာ၏။

"အား အေးလိုက်တာ"
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း ဤကိုနေဟန်ထားကို မပျက်အောင် သူ ထိုင်နေခဲ့၏။ တစ်ကိုယ်လုံးလည်း စိမ့်စက် ရွှဲစိုနေပြီ။ ထိုင်ရတာလည်း ပင်ပန်းလှပြီ။ မိုးကြီးရွာတာလည်း ကြာပြီ။ နောက်ဆုံးစဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ်ဘဲ ရိုးရိုးမိုး ဖြစ်မှန်း သူသိရ၏။
" . . . . . . . . . . . . "
ဘာပြောရမှန်းပင် မသိ။ အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည်။ ထွက်ခွာရန် ပြင်ဆင်ချိန်ကျမှ သူ့ကို စိုက်ကြည့်နေသော မျက်လုံးအစုံများကို မြင်လိုက်ရသည်။
" ဟင် "
ကိုယ့်အပူနှင့်ကိုယ် ပြာလောင်ခတ်နေ၍ ထိုလူများကို သူသတိမထားမိခဲ့။ ( ဘယ်ချိန်ကတည်းက ရောက်နေကြမှန်းမသိ )

( ၈ )

သူ့လိုပဲ လာရောက်လေ့လာသူများဖြစ်ပုံရသည်။ သူ့ကို ကြည့်နေကြရင်း တစ်ယောက်က ပြော၏။
" အရူးတွေထဲမှာတော့ ဒီအရူးက အဆိုးဆုံးပဲနော် "
" အေးလေ မိုးခါးရေတွေ သူက ဘယ်နှစ်ခွက်လောက် သောက်ပစ်လိုက်လဲမှ မသိတာ၊ အများဆုံးသောက်ပြီး အရူးဆုံး ဖြစ်သွား တာနေမှာပေါ့ . . . ကျွတ် ကျွတ် ဖြစ်မှဖြစ်ရလေ "
သူတို့ အားလုံးက သူ့ကိုစိတ်မကောင်းစွာ ဝိုင်းကြည့်နေကြလေသည်။

တာရာမင်းဝေ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။