Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ချိုင်းထောက်
Chapter 1
အရိုး

“အား ………………….”
စီစီညံညံ စူးရှစွာ အော်လိုက်ကြသော အသံများအားလုံးသည် တညီတညွတ်တည်း ထွက်လာ၏။ သမီးလေးနှင့် တုန်တုန့်ကို သူ လူနှင့်တကွ စောင်တစ်ထည်နှင့်ပါ အုပ်ချကာကွယ်လိုက်စဉ် သူ့ပေါင်တစ်ဖက်ပူခနဲဖြစ်၍ သွားခဲ့သည်ကိုသာ သူနောက်ဆုံး သိလိုက် ၏။ ဤအဝေးပြေးကားကြီး၏ မတော်တဆမှုတစ်ခုတွင် သူသည် တာဝန်မရှိခဲ့ပါ။ သူနှင့် သူ့မိသားစုသည် သာမန် ဓားစာခံ ခရီးသည် များသာ ဖြစ်ခဲ့လေသည်။ ထိုအချိန်က သမီးလေးသည် အိပ်ပျော်နေခဲ့ပါ၏။

ကဗျာ၏ အစ
ငါ့လက်တွေ လှုပ်လို့ ရနေပါသေးလား။ ငါ့ခေါင်းကရော။ ဟော …. ငါဆေးရုံ ရောက်နေတာပဲ။ သမီးလေးရော။ တုန်တုန်ရော။ လူတစ်ယောက်ငါ့ကို ပြုံးကြည့်နေတယ်။ သြော်..နပ်စ်မကိုး။ ဟုတ်ကဲ့…ကျေးဇူးပါခင်ဗျ။ ကျွန်တော့် ခြေထောက်တစ်ဖက် မရှိတော့တာ ကျွန်တော်သိပါတယ်ခင်ဗျ။ ချက်ချင်း သိတာလား။ ဟုတ်ကဲ့..။ ကျွန်တော့်ဘယ်ဘက်ခြေမလေးတွေကို ပြင်းရင် ကျွန်တော်လှုပ်နေကျ ခင်ဗျ။ အခုဟာတာတာနဲ့ဗျ။ (နားလိုက်ပါဦး) ကျွန်တော်အားလုံး ပုံမှန်ရှိပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။ (ခဏလေး….ကျွန်မ ဆရာ ၀န် သွားခေါ်လိုက်ဦးမယ်) ဟုတ်ကဲ့ခင်ဗျ။ (ကျွန်တော်စိတ်မကောင်းပါဘူး မစ္စတာရော်ဂင် ခင်ဗျ။ ခြေထောက်တစ်ဖက် ဒူးဆစ်အထက် က ဖြတ်ပစ်လိုက်ရတယ်။ ကျွန်တော် ချက်ချင်း ဒီကစ္စကို ပြောပြချင်နေမိပါတယ်။၊ ဒါပေမဲ့ ခင်ဗျားအခု ရှစ်ကြိမ်မြောက် သတိပြန်လည်လာပြီး မှ…..) ကိစ္စမရှိပါဘူးဆရာ။ သမီးလေးနဲ့ တုန်ုတုန်……။ (မစ္စက်ရော်ဂင်ကတော့ ခါးရိုးကို ထိခိုက်တဲ့အတွက် အောက်ပိုင်းသေသွားပါတယ်၊ သမီးလေးကတော့ ရှိပါတယ်၊ မစိုးရိမ်ပါနဲ့ မစ္စတာရော်ဂင်……ရက်အနည်းငယ်အတွင်း ခင်ဗျား တွေ့ရမှာပါ)

ကဗျာ၏အလယ်
ခါတိုင်းလိုဘဲ သမီးက ပါပါး ကုတ်ပေါ်တက်။ အေး ဟုတ်ပြီ။ ပါပါး ဆံပင်တွေကို ကိုင်ထား။ စက်ရုပ်လူသားကြီး ခရီးစထွက် ပြီဟေ့။ သမီး ရေခဲပလုပ်တုတ် စားချင်တာလား။ အင်း……စားကွာ……..သမီးရာ။ ရှစ်ဆယ့်ရှစ် ဘတ်စ်ကားကြီးက ပါပါးတို့ကို မျှော်နေ မှာကွ။ ဒီမှာ ဆယ်မိနစ် နာက်ကျသွားရင် ပလက်ဖောင်း အဖုံးတစ်ဖုံး ကျော်လျှောက်တဲ့ ပါပါးခြေလှမ်းနဲ့ဆို ရှစ်ဆယ့်ရှစ် ဘတ်စ်ကားကြီး ကို ပါပါးတို့ မမီတော့ဘူးကွ။ ပါပါးက ခြေထောက်မရှိဘူးလေ။ အချိန်တွေ တိုင်းထားရတယ်ကွ။ အရေးထဲ ကောင်လေးက အကြွေသွား အမ်းနေသေးတယ်။ သမီးနာနာကြီးဆီရောက်ဖို့ နောက်ကျတော့မှဘဲ။ ပါပါးက ချိုင်းထောက်နဲ့ဆိုတော့ မပြေးနိုင်ဘူးကွ။ သမီး မသိပါ ဘူးကွာ။ အချိန်တွေဆိုတာ တိုင်းထားရတယ်ကွ။ အေး…အေး..။ ရရင်ဆက်သွားကြစို့။
ခင်ဗျာ…..။ သြော် ဟုတ်ကဲ့။ ကောင်းပါတယ် ကျွန်တော်လည်း အင်ဂျင်နီယာဆိုပေမဲ့ မသန်မစွမ်းကိုးဗျ။ အလုပ်ပေးနေတာပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်သမီးလေး…။ ပြီးတော့ ကျွန်တော်ဇနီးက အောက်ပိုင်းသေသွားလို့ တွန်းလှည်းနဲ့နေနေရတယ်ခင်ဗျ။ ရပါတယ်ခင်ဗျ။ ကျွန်တော်ကြိုးစားပါ့မယ်။ ဟုတ်ကဲ့..။ လက်ခံပါတယ် ခင်ဗျ။ ကျွန်တော် ခြေထောက်တစ်ဖက်မရှိတော့ပေမဲ့ လုပ်နိုင်ပါ သေးတယ်ခင်ဗျ။

ကဗျာ၏ အဆုံး

အသစ်ပြောင်းလာတဲ့ အဲဒီ အင်ဂျင်နီယာဆိုတဲ့လူက ဘယ်လိုလဲဗျ။ ကျုပ် ကြည့် ကြည့်နေတယ်။ ချိုင်းထောက်ကြီးနဲ့ ဖြစ်စေကာမူ အလုပ်လုပ်တာတော့ တော်တယ်ဗျ။ ဒါပေမဲ့ သူ့ပခုံးပေါ်မှာ ကလေးလေးတစ်ယောက် ရှိနေသလို သူ ပြုမူနေတယ်ဗျ။ ရှိတာလည်း မဟုတ်ဘူး။ နောက်ပြီး ကျွန်တော်မေးကြည့်တော့ သူ့အိမ်မှာသူ့မိန်းမက အောက်ပိုင်းသေနေလို့ ၀ှီးချဲနဲ့ နေနေရတယ်တဲ့။ ကျုပ်အလည်သွားကြည့်တော့ ဘယ်သူမှလည်း မတွေ့ဘူး။

သည်းခံပါဗျာ။ သူ့ကလေးနဲ့ သူ့မိန်းမက ကားမတော်တဆမှုမှာ သေရှာခဲ့ပါပြီ။

အရိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>