Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တိတ်ဆိတ်ခြင်း၏အသံ
Chapter 1
ဂျူး

အခြားလူတစ်ယောက်၏ စိတ်ကို ညှို့ငင်ဆွဲယူနိုင်ဖို့ဆိုလျှင် မိမိစိတ်သည် အလွန်သန့်ရှင်းစင်ကြယ်စွာ တည်ငြိမ်နေရ ပေလိမ့်မည်။

***

အိမ်ကလေးသည် ကျဉ်းမြောင်းသော်လည်း ပြတင်းတံခါးအားလုံး ဖွင့်ထားသောကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး သပ်ရပ် စွာလင်းနေသည်။

"ဒါဖြင့် မင်း အခုလုပ်မယ့်အလုပ်ကို အပြုအမူမှန်လို့ မင်း ယုံကြည်ပြီးသားပေါ့"

အဘိုးအိုက ထိုမေးခွန်းကို နုညံ့စွာ မေးလိုက်သောအခါ အမျိုးသမီးက ဆုံးဖြတ်ချက်ချထားပြီးသော မျက်နှာမျိုးဖြင့် ရဲရင့်စွာ ဝန်ခံလိုက်၏။

"ဟုတ်ကဲ့ ဆရာကြီး"

ထိုအခါ အဘိုးအိုက သူ၏ပိန်လှီသော၊ ထုံထိုင်းသော ဘယ်ဘက်ခြေထောက်ကို တရွတ်ဆွဲလျက် သူမနှင့်နီးအောင် ခုတင်စွန်းသို့ တိုးကပ်လာသည်။

"ဘာကြောင့် အပြုအမူလို့ မင်းပြောနိုင်သလဲ၊ မင်းလုပ်မယ့်အလုပ် မမှားဘူးလို့ ဘာဖြစ်လို့ တစ်ထစ်ချပြောနိုင်ရတာလဲ"

အမျိုးသမီးသည် ခပ်စောစောက သူမဝယ်ယူလာပြီး ကန်တော့ခဲ့သော လင်ပန်းထဲမှ ပန်းသီးများ၊ စပျစ်သီးများကို ငေးမောလျက် ခဏစဉ်းစားနေသည်။ ထို့နောက် အဘိုးအိုဘက်သို့လှည့်ကာ ရိုသေလေးစားဟန်ဖြင့် ဦးခေါင်းညွတ်လျက် ပြုံးပြ၏။

"ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လိုက်လို့ အကျိုးဖြစ်ထွန်းလာမယ်ဆိုရင် ကျွန်မရော သူရော ပျော်နိုင်ကြမယ် ထင်လို့ပါဆရာ"

"ဒါဖြင့် အပြုအမူတစ်ခု မှန်မမှန်ကို မင်းက ပျော်ရွှင်မှုနဲ့ တိုင်းတာမလို့ပေါ့။ မင်းဟာ ပျော်ရွှင်မှုအဓိကဝါဒီတစ်ယောက်လား။ ဘဲင်သန်လို မီးလ်လို လူမျိုးလား"

သူမ မဖြေပါ။

အခန်း၏ ခေါင်းရင်းထောင့်မှ ကြီးမားသော ဘုရားကျောင်းဆောင်နှင့်တကွ အတွင်းမှ သပ္ပာယ်လှစွာသော စေတီတော်များ၊ ဆင်းတု တော်များကို လက်အုပ်ချီ၍ စိတ်ထဲမှ ကန်တော့လိုက်၏။ သူမ၌ အဖြေမရှိသည်ကို သူမ၏ ဆရာဖြစ်ခဲ့ဖူးသော အဘိုးအိုက ရိပ်မိသွားသည်။ ထို့ပြင် အမျိုးသမီး၌ စိတ်လှုပ်ရှားမှုဟူ၍ စိုးစဉ်းမျှ မရှိသည်ကို သူ သတိပြုမိသည်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း၊ ဒေါသထွက်ခြင်းတို့ကို စောစောကလည်းမတွေ့ရ။ ယခုလည်း သူမ၏ မျက်နှာပေါ်၊ မျက်လုံးပေါ်မှာ မတွေ့ရ။ တကယ်ဆို လင်ယောကျာ်းဖြစ်သူ၏ တစ်နှစ်ကြာမျှ မေ့လျော့စွန့်ပယ်ထားခြင်း ခံရသူ ဇနီးတစ်ယောက်အနေနှင့် သူမဒေါသ ထွက်သင့်သည်။ ဝမ်းနည်းသင့်သည်။ နာကြည်းသင့်သည်ဟု သူစဉ်းစားနေ၏။ သို့သော် ဤခံစားမှုများကို သူမကျော်ဖြတ် ခဲ့ပြီးဖြစ်လိမ့်မည်။

"ဒီနည်းဟာ မင်းအတွက် ပျော်ရွှင်စရာဖြစ်ပေမယ့် သူ့အတွက် ပျော်ရွှင်စရာဖြစ်ချင်မှဖြစ်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးသလား"

"မတွေးဘူးဆရာ၊ သူ ကျွန်မဆီပြန်လာဖို့၊ ဒါမှမဟုတ် အလည်လာဖို့ ကျွန်မကြိုးစားတဲ့နေရာမှာ ကိုယ်ခန္ဓာကို အမိန့်ပေး ထိန်းချုပ်တာမှ မဟုတ်ဘဲ၊ သူ့ရဲ့စိတ်ကို ထိန်းချုပ်ညှို့ယူမှာပဲ၊ သူ ကျွန်မဆီပြန်လာတယ်ဆိုရင် ဒါ သူကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ ပြုမူတာမျိုးပဲဖြစ်မှာပါ"

ထို့နောက် နှစ်ယောက်လုံးငြိမ်သက်စွာ ထိုင်နေကြသည်။ အမျိုးသမီးက ခုတင်ခြေရင်းက သင်ဖြူးဖျာပေါ်တွင် ကျုံ့ကျုံ့ထိုင်လျက်၊ အဘိုးအိုက ခုတင်အစွန်းတွင် ခြေဆန့်ထိုင်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်မနေကြဘဲ အတွေးကိုယ်စီတွင် နစ်မြုပ် နေကြသည်။

အမျိုးသမီးက သူမ၏ အတိတ်ဘဝက ငယ်ရွယ်နုပျိုမှုများ၊ ပညာသင်ကြားစဉ်က အောင်မြင်မှုများ၊ ချစ်သူဘဝ ကြည်နူးမှုများ၊ အိမ်ထောင်သည်ဘဝ၏ ပျော်ရွှင်မှုများ ထိုအရာများကို စွဲလမ်းတပ်မက်မှု လုံးဝမပါဘဲ ပြန်ပြောင်းတွေးနေခြင်းဖြစ်သည်။ အဘိုးအိုကတော့ သူ၏ အဆင်ပြေအောင်မြင်သော အိမ်ထောင်ရေး၊ ကျောင်းသားအားလုံး ရိုသေလေးစားခဲ့ရသော ဆရာဂုဏ်သိက္ခာ၊ သေဆုံးသွားသော အိမ်ထောင်ဖက်၊ တစ်ဦးတည်းသောသား၏ အောင်မြင်ကြီးပွါးမှု၊ ၄င်း၏ ဖခင်ကိုမေ့လျော့ထားမှု ထိုအရာများကို နာကြည်းမှုလုံးဝမပါဘဲ ပြန်ပြောင်းတွေးနေခြင်း ဖြစ်လေသည်။

"စိတ်စွမ်းအင်ဆိုတာကို မင်း ယုံကြည်တယ်ပေါ့"

သူမ စိတ်ထက်သန်စွာ ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့ လုံးဝယုံကြည်ပါတယ်"

ထိုစကားကို အဘိုးအိုကလည်း သံသယကင်းစွာ ယုံကြည်ပါသည်။

" ဒါပေမယ့် အဲဒီတစ်စုံတစ်ရာသော စွမ်းအင်ကိုရဖို့စိတ်ကို သန့်ရှင်းစင်ကြယ်နေအောင် လုပ်ရမယ်ဆိုတဲ့ အခြေခံအချက်ကိုသိဖို့လိုသေးတယ်" ဟု သူက ဝေဖန်မှုကင်းစွာ အသိပေးလိုက်၏။ ထိုအချက်ကို အမျိုးသမီးက လေးစားစွာလက်ခံပါသည်။ ထို့နောက် သူမ၏ ဆရာ မသိသေးသော၊ သိထားသင့်သည်ဟု ထင်ရသော အတိတ်က သူမ၏ စိတ်စွမ်းအင်တို့မှ အနည်းအကျဉ်းကို ပြန်လည်ပြောပြလိုက်သည်။

***
အမျိုးသမီးသည် သူမ၏စိတ်စွမ်းအင်ကို မန္တလေးတက္ကသိုလ် ကျောင်းသူဘဝမှာပင် စမ်းသပ်တွေ့ရှိခဲ့သည်။

ပထမတော့ အိပ်မက်များဖြင့် အစပြုခဲ့၏။

သူမသည် မကြာခဏ အိပ်မက်မက်လေ့ရှိသူ မဟုတ်ပါ။ သို့မဟုတ် သူမ၏အိပ်မက်များသည် ဝိုးတဝါးနိုင်လွန်းသောကြောင့် ကိုယ်တိုင် အိပ်မက်မက်မှန်း သတိမထားမိအောင် ဖြစ်ခဲ့ဟန်တူပါသည်။ သူမ အိပ်မက်တစ်ခုကို မှတ်မှတ်ထင်ထင် သတိထား မိပြီဆိုလျှင် ဤသည်မှာ သူမအတွက် သတိပေးချက်တစ်ခုသာ ဖြစ်ခဲ့သည်။

ပထမဆုံးသော သူမ၏ အိပ်မက်တစ်ခုမှာ မွေးနေ့လက်ဆောင်နှင့် ပတ်သက်သည်။

သူမမှာ သူငယ်ချင်းသုံးယောက်ရှိပြီး သူမအပါအဝင် လေးယောက်သော မိန်းကလေးတို့သည် အုပ်စုတစ်စုအဖြစ် ရင်းနှီးချစ်ခင်စွာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တစ်ယောက်၏ မွေးနေ့တွင် ကျန်သုံးယောက်က စု၍ လက်ဆောင်ပေးသော ဓလေ့ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။ သူမ၏မွေးနေ့သည် နိုဝင်ဘာလ ၁၁ရက်ဖြစ်သဖြင့် သူမက လေးယောက်အုပ်စုတွင် နောက်အကျဆုံး မွေးနေ့လက်ဆောင်ရသူဖြစ်သည်။

နိုဝင်ဘာ ၁၀ရက်နေ့ညနေခင်းအထိ သူငယ်ချင်းများ တိတ်တခိုးဝယ်ပြီးဟန်တူသော လက်ဆောင်ပစ္စည်းကို သူမ မသိသေးပါ။ သူငယ်ချင်းတစ်ယောက်အတွက် ချယ်ရီဖိနပ်တစ်ရန်၊ နောက်တစ်ယောက်အတွက် ( ချိုင်းချွေးနံ့နည်းနည်းရှိသူမို့ ) ကာနေးရှင်း တစ်ဘူး၊ နောက်တစ်ယောက်အတွက် ပိုက်ဆံအိတ်လှလှလေး စသည်ဖြင့် ပေးပြီးခဲ့သမျှတွင် ကာယကံရှင်မသိအောင် တိတ်တဆိတ် ပစ္စည်းဝယ်ပြီး ပက်ကင်စက္ကူဖြင့် သေသေသပ်သပ် ထုတ်ပိုးချည်နှောင်ပေးလေ့ရှိသည်။ ထို့ကြောင့်လည်း မွေးနေ့ ရှင်သည် မိမိအတွက် မွေးနေ့လက်ဆောင်ကို မွေးနေ့ညနေခင်းကျမှ ဖွင့်ကြည့်ကာ သိရစမြဲဖြစ်၏။

သူမကတော့ နိုဝင်ဘာ ၁၀ရက်နေ့ညမှာ အိပ်မက်ဖြင့် စတင်သိခဲ့သည်။

အိပ်မက်ထဲမှာ သူငယ်ချင်းတွေ၏ မျက်နှာတွေက ဝိုးတဝါးသာထင်၏။ သူတို့ ပြုံးနေကြသလား၊ အံ့ဩနေကြသလားပင် မသေချာချေ။ သေချာသည်မှာ သူမ၏ စားပွဲပေါ်တွင် မီနီအယ်လ်ဘမ်ကလေးမှာ အပြာရောင်ဖြစ်ပြီး ကြောင်ဖြူကလေးနှစ်ကောင်၏ ဓာတ်ပုံနှင့် တဲ့။

သူမ အိပ်ရာမှ နိုးလာသောအခါ အိပ်မက်ထဲမှ လှပသော အယ်လ်ဘမ်ကလေးကို သတိတရ ဖြစ်နေမိ၏။ အံ့ဩဖို့ကောင်းသည်မှာ သူမသည် ငြင်းပယ်၍မရသော အုပ်စုလိုက် ဓာတ်ပုံရိုက်ခံခြင်းမှတစ်ပါး တစ်ယောက်တည်း ဘယ်တုန်းကမျှ အလှဓာတ်ပုံ မရိုက်ခဲ့ဖူးခြင်းပင် ဖြစ်သည်။

ထိုနေ့နေ့လည်ခင်း လက်ဖက်သုပ်ဆိုင်မှာ သူမတို့ လေးယောက်ဆုံမိသောအခါ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင် အကြောင်း စ၍ပြော၏။

"ခင် နင့်မွေးနေ့လက်ဆောင်ဟာ ဘာဖြစ်မလဲလို့ ခန့်မှန်းစမ်းပါ" ဟု မွေးနေ့တို့၏ ထုံးစံအတိုင်း မေးခွန်းဖြင့် ကျီစယ်လေသည်။ ထိုအချိန်မှာတော့ သူမ ဇဝေဇဝါဖြစ်ဆဲ။ မွေးနေ့လက်ဆောင် ပက်ကင်ထုပ်၏ အရွယ်အစားကိုပင်လျှင် မမြင်ရသေးချေ။ သူမ ဘာမှမပြောဘဲ ပြုံးနေသောအခါ တခြားတစ်ယောက်က အတိတ်စိမ်းတစ်ခု ပေးလေသည်။

"ဒီလက်ဆောင်က နင်ဘယ်တုန်းကမှ မစဉ်းစားဖူးမယ့် ပစ္စည်းတစ်ခုပဲဟ၊ ဒီလက်ဆောင်ကို နင်ဘယ်လို အသုံးချမလဲတောင် ငါတို့ စိတ်ဝင်စားနေကြတယ်"

ထိုအချိန်ပင် သူမ၏ အိပ်မက်ထဲက စားပွဲပေါ်၌ တွေ့ရသော မီနီအယ်လ်ဘမ်အပြာရောင်ကလေးကို ဖျတ်ခနဲ ထင်ထင်ရှားရှား မြင်ယောင်သွား၏။

"ငါ သိတယ်၊ နင်တို့ပေးမယ့် လက်ဆောင်ကို "

သူငယ်ချင်းသုံးယောက်က မယုံကြည်သလို ပြုံးရယ်ကာ "ကဲ ဒါဖြင့် ပြောစမ်း"ဟု ပြိုင်တူမေးကြ၏။

"မီနီအယ်လ်ဘမ်ကလေးတစ်ခု"

ထိုစကားကြောင့် သုံးယောက်လုံး တအံ့တဩဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်ကြ တော့သည်။ နင် ပြောတာမဟုတ်လားဟု တစ်ယောက်ကိုတစ်ယောက် တရားခံရှာလျက် အလုပ်ရှုပ်နေကြသည်ကို ပထမဦးဆုံး အကြိမ်အရသာတွေ့သွား၏။ တကယ်ဆိုတော့ မည်သူမျှ ဤကဲ့သို့ ကြိုတင်ဖွင့်ပြောလေ့မရှိပါ ။

သူမက အထက်စီးအပြုံးမျိုးဖြင့် ပြုံးရင်း "နောက်ပြီး ငါမမှားဘူးဆိုရင် အဲဒါ အပြာရောင်ကလေးပဲ"ဟု ထပ်ပြောလိုက်သေး၏။

ထိုအခါ အားလုံးက ဝိုင်းဆဲရေးကြသည်။

"မိန်းမ ရှင် ညတုန်းက ကျုပ်သေတ္တာထဲက ပက်ကင်ကို ခိုးဖောက်ကြည့်ပြီ"

သို့သော် နောက်ပိုင်းတွင် သူမ တကယ် အိပ်မက်ဖြင့်သိကြောင်း သူတို့ ယုံကြည်သွားကြ၏။

တစ်ခါတုန်းကလည်း သူမသည် အိပ်မက်ထဲတွင် ယောကျာ်းတစ်ယောက်ကို တွေ့ရသည်။ ထိုသူသည် သူမနှင့် သိပ်ရင်းနှီး ခင်မင်သူလည်းမဟုတ်၊ သူမတို့အုပ်စုနှင့် စတင်သိကျွမ်းခါစ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်သည်။ ထိုသူက အိပ်မက်ထဲမှာ သူမကို ပန်းခက်တစ်ခု လက်ဆောင်ပေးသည်ဟု ထင်၏။ သူဟုသာ သိနေပေမယ့် သူ့မျက်နှာထားအမူအရာက လုံးဝထင်ရှားသည် မဟုတ်။ ထင်ရှားသော အချက်မှာ ထိုပန်းခက်ကလေးကို ယုဇနပန်းခက်ဟု သူမ သိနေခြင်းပင် ဖြစ်သည်။

ထိုအိပ်မက် မက်သည့်နေ့က တစ်နေ့လုံး သူမစိတ်ထဲမှာ ကြည်နူးပျော်ရွှင်နေသည်။

မဝေးလှသော ကာလအတွင်း သူမ ပျော်ရွှင်ရလိမ့်မည်ဟု သူမခံစားနေရ၏။ ထိုခံစားချက်သည် အသေအချာပင် ရင်ထဲ၌ စိမ့်ဝင် နေခဲ့သည်။

ရက်သတ္တပတ် ကျော်လာသောအခါ သူမကို ထိုယောက်ျားသားက ချစ်ခွင့်တောင်းလေသည်။

အိပ်မက်တို့ဖြင့် သူမကိုယ်သူမ ကြိုတင်နားလည်ပြီးသည့်နောက်တွင် သူမသည် ဘာသာရေးကို ယခင်ကထက် ပိုမို လိုက်စားခဲ့သည်။ ညစဉ် ဘုရားရှိခိုးခြင်း၊ တစ်ပတ်တစ်ခါ ပရိတ်ရွတ်ခြင်းဟူသော သာမန်ကိုးကွယ်မှုများအပြင် သမာဓိ ကောင်းဖို့အတွက်လား၊ ဝိပဿနာကျင့်ကြံအားထုတ်ဖို့အတွက်လား ကိုယ်တိုင်မသေချာဘဲ တရားထိုင်ခြင်း အလေ့အကျင့်ကို စတင်လိုက်စားခဲ့သည်။ (ထိုအလေ့အကျင့်ကို သူမ၏ ချစ်သူကတော့ သရော်သလို ပြုံးလေ့ရှိသည်။)

တစ်ခါတုန်းက သူမတို့ ရည်းစားသက်တမ်း တစ်နှစ်အကြာ သူ နောက်ဆုံးနှစ် အပိုင်း(က)မှာ လက်တွေ့ကွင်းဆင်းသွားရသည်။ သုံးပတ်ကြာသော ကာလလိုခရီးမို့ သူ မန္တလေးသို့ တစ်ကြိမ်ပြန်လာလိမ့်မည်ဟု သူမ အနည်းငယ်မျှ သံသယမဝင်ခဲ့ပေ။

သို့သော် တစ်ရက်မှာတော့ သူမ သူ့ကို လွမ်းဆွတ်သတိရစိတ်ကြောင့် ညနေကတည်းက ရှိသမျှအလုပ်များ ဘေးဖယ်ကာ ခုတင်ပေါ်တွင် ငြိမ်သက်စွာထိုင်လျက် အာရုံကို ဘေးသို့ နည်းနည်းမျှ မပျံ့လွင့်စေဘဲ ထူးထူးခြားခြား သူ့အကြောင်းကိုသာ စူးစူးစိုက်စိုက် တွေးနေခဲ့၏။ သူ ရောက်ရှိနေမည်ဖြစ်သော မုံရွာမြို့ကို သူမ တစ်ခါမျှ မရောက်ဖူးပါဘဲ စိတ်ဖြင့်လိုက်သွားသည်။ ဆေးကျောင်းသားများကို ဆေးရုံအနီးမှာသာ နေရာချထားပေးပေလိမ့်မည်။ သည်အချိန်ဆို သူ ဘာလုပ်နေမှာပါလိမ့်။ ထမင်း စားနေမလား၊ ရေချိုးနေမလား၊ ညရှစ်နာရီ ရောက်ပြန်တော့ သူတစ်ခုခု စာရင်းပြုစုနေမလား၊ ဗီဒီယိုသွားကြည့်နေမလား၊ အရက်သောက်ချင်သောက်နေမလား၊ ဖဲရိုက်နေမလား၊ ဘာပဲ ပြုလုပ်နေသည်ဖြစ်စေ သူမကိုတော့ သတိရတမ်းတနေရမည်ဟု စိတ်ထဲမှာ ယုံကြည်စိတ်ချထားလိုက်သည်။

ထိုနေ့ ညနေမှ ညအထိ သုံးနာရီ လေးနာရီကြာအောင် သူမစိတ်ကို သူတစ်ဦးတစ်ယောက်အပေါ်မှာ စူးစိုက်လျက် တွေးတော ဝင်စားနေခဲ့သည်။

နောက်တစ်နေ့သည် စနေနေ့ဖြစ်လျက် သူမအဆောင်သို့ သူ ရောက်လာခဲ့၏။

"ကိုယ် အရမ်းလွမ်းလွန်းလို့ ပြေးလာခဲ့တာလေ"

ထိုအခါ သူမ တအံ့တဩ ရယ်မောမိတော့သည်။

အိပ်မက်များ၏ အပဖြစ်သော နောက်ထပ် စိတ်ညှို့မှုတစ်ခုကို သူမ စမ်းသပ်အောင်မြင်ခဲ့ပြန်၏။ ထိုစမ်းသပ်မှုမှာ အိပ်ပျော်နေသူ တစ်ယောက်ကို အသံတိတ် စိတ်ဖြင့် နှိုးယူခြင်းပင်ဖြစ်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူငယ်ချင်းကို ဘေးက ထိုင်ကြည့်လျက် အသံလုံးဝမထွက်စေဘဲ လှုပ်ရှားမှုတစ်စုံတစ်ရာမျှ မရှိစေဘဲ အာရုံစူးစိုက်နေခဲ့သည်။ ထို့နောက် စိတ်ထဲမှပင် " နွယ်နွယ် ထ ထ "ဟု လေးငါးကြိမ်မက တိတ်တခိုးရေရွတ်ဆိုကာ အိပ်ရာမှ နှိုးကြည့်သည်။ ထို့နောက် သူငယ်ချင်းက အိပ်ချင်မူးတူးဖြင့် ထထိုင်၏။

"ဘာလဲ ဘာလဲ၊ ဘာဖြစ်လို့လဲ ခင်"ဟု ပြူးပြူးပျာပျာ မေးလေသည်။

လေးထောင့်ကျသော မေးရိုးနှင့် ခိုင်မြဲသောမျက်ခုံးတို့အကြားရှိ သူမ၏ မျက်နှာမှာ ယုံကြည်မှုနှင့် သေချာမှုများကို မည်သူမဆို မြင်တွေ့နိုင်သည်။ ပါးလျားကျယ်ပြန့်သော နှုတ်ခမ်းသည် လျှို့ဝှက်သိုသိပ်တတ်သော သူမစိတ်၏ အမှတ်အသားတစ်ခုဖြစ်သည်။ ထိုနှုတ်ခမ်းပါးများသည် လူတကာထင်ထားသည်ထက် ပို၍ သေသပ်တိတ်ဆိတ်လေ့ရှိသည်။

"ဒီတော့ မင်း အဲဒီမြို့ကို ရောက်ဖူးရဲ့လား"

"ဟင့်အင်း မရောက်ဖူးဘူး ဆရာ၊ နမ္မတူဘော်တွင်းနားမှာလို့ ပြောတယ်၊ ထင်းရှူးပင်တွေ ရှိချင်ရှိနေမှာပေါ့ ဆရာ၊ တောင်ကုန်း ဒါမှမဟုတ် တောင်ခါးပန်းပြတ်ကလေး ဖြစ်ချင်လဲ ဖြစ်မှာပေါ့၊ ရာသီဥတုက စိုထိုင်းအေးစက်ချင် အေးစက်မှာပေါ့၊ ဒါတွေက အကြောင်းမဟုတ်ပါဘူး"

ဒါဖြင့် ဘယ်ဟာက အကြောင်းလဲဟု အဘိုးအိုက တိတ်တဆိတ် အသံမထွက်ဘဲ မေးခွန်းထုတ်၏။

"အရေးကြီးတာက သူဟာ ဆေးရုံမှာ လက်ထောက်ဆရာဝန်ဖြစ်တယ် ဆိုတာပါပဲ၊ ဆရာဝန်တစ်ယောက်ရဲ့တစ်နေ့တာလှုပ်ရှားမှု လုပ်ငန်းတာဝန်တွေကို ထည့်တွက်ပြီး ကျွန်မ အာရုံပြုရမှာပေါ့"

သူက ခံစားမှုမဲ့သည်ဟု ပြောလို့ရလောက်သည်အထိ ခပ်ထုံထုံရှိနေသော ဘယ်ဘက်ခြေထောက်ကို လက်ဖြင့် ဖျစ်ညှစ်ဆုပ်နယ် ရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည်။

"အင်း စိတ်ညှို့ဖို့ လူအမျိုးအစားထဲမှာတော့ ဆရာဝန်ကို စိတ်ညှို့ဖို့ အခက်ခဲဆုံးနဲ့တူတယ်"

ဆရာဝန်ဆိုသည်မှာ နံနက်မိုးလင်းကတည်းက တစ်ယောက်တည်း သီးသန့် နေ၍မရဘဲ လူနာများနှင့်တစ်နေကုန် ကြုံတွေ့ ဆက်ဆံရသူဖြစ်လေသည်။ ထိုသူမှာ စိတ်အားလပ်ချိန်၊ သီးသန့်ချိန်ဟူ၍ ရှားပါးလိမ့်မည်။

"ဟုတ်တယ် ဆရာ၊ ကျွန်မ သူ့အချိန်ဇယားကို တွေးကြည့်ဖူးပါတယ်၊ ည ၉နာရီအထိ အချိန်ဇယားအပြည့်ပဲ၊ ဒီတော့ သူ့ကို အာရုံစူးစိုက်ပြီး တွေးဖို့က ည ၉နာရီကျော်မှ သေချာမယ်"

အဲဒီအချိန်မှာ တစ်စုံတစ်ယောက်သော မိန်းမရဲ့ အိပ်ရာပေါ်မှာ ရောက်မနေဘူးဆိုရင်ပေါ့လေ ဟု သူမ ဖြည့်စွက် တွေးတော လိုက်သည်။ သူမ၏ အတွေးကို အဘိုးကြီးက ရိပ်မိစွာ ပါးရေတွန့်နေသော နှုတ်ခမ်းကို အစွမ်းကုန် ပြုံးလိုက်၏။ သို့သော် ယခင်ကလေဖြတ်ထားသော ဒဏ်ကြောင့် ပီပြင်သောအပြုံးတစ်ခု ဖြစ်မလာချေ။

"နောက်တစ်ယောက်နဲ့ ဖောက်ပြားတယ်ဆိုတဲ့ စွပ်စွဲချက်ကရော ခိုင်လုံရဲ့လား"ဟု သူ ညင်သာစွာ မေးလိုက်လေသည်။ သူမသည် ဤအိမ်သို့ရောက်သည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် မျက်နှာထားဇဝေဇဝါဖြစ်သွားသည်။

"ဟင့်အင်း၊ သိပ်တော့ မခိုင်လုံလှပါဘူး ဆရာကြီး၊ ဒါပေမယ့် လိုက်သွားလို့မဖြစ်သေးတဲ့အတူ ခိုင်လုံတဲ့အထိ ကျွန်မစောင့်နေရင် အချိန်တွေ အကျိုးမရှိဘဲ အလဟသ ကုန်လွန်သွားမှာ စိုးရိမ်မိပါတယ်။

အဘိုးအိုက ပြာမွဲသော မျက်လုံးများဖြင့် သူမကို ငေးကြည့်သည့်အကြည့်တွင် ဂရုဏာရိပ်များ၊ စာနာမှုများ ပါဝင်နေသည်။ သူမသည် လက်ချောင်းများကို ဆုပ်ချည်ဖြန့်ချည်ပြု၍ အဘိုးအိုထံမှ ထင်မြင်ချက်ကို မျှော်လင့်နေသည်။

"မင်းရဲ့စိတ်ဟာ အကြွင်းမဲ့ စင်ကြယ်နေပြီလို့ ထင်သလား"

ထိုမေးခွန်းကို မျှော်လင့်ထားသောကြောင့် သူမ အလွယ်တကူပင် ဖြေလိုက်၏။

"ရာခိုင်နှုန်းပြည့်တော့ မစင်ကြယ်နိုင်ဘူးပေါ့ဆရာ၊ ဒါပေမယ့် သာမန်လူသားတစ်ယောက်အနေနဲ့ သန့်ရှင်းစင်ကြယ်နိုင်သမျှ အတိုင်းအတာ ရောက်လုနီးပါးတော့ ကျွန်မ ကြိုးစားနေပါတယ်"

ထိုစကားကို သူယုံကြည်ဟန်မတူပါ။ သူ့မျက်လုံးတွင် မယုံသင်္ကာရိပ်ကလေး ဖြတ်သန်းသွား၏။ ထို့နောက် "ဘာနည်းနဲ့ ကြိုးစား နေတာလဲ" ဟု ပွင့်လင်းစွာမေးတော့သည်။

သူမ ရိုးသေလေးစားစွာ ဖြေလိုက်၏။

"စိတ်ကို အညစ်အကြေးကင်းစင်အောင် ပြုလုပ်ဖို့ ဗုဒ္ဓက ဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်နဲ့ပေါ့ဆရာ၊ ဓမ္မရဲ့ အင်္ဂါရှစ်ပါးကို ကျွန်မ ကြိုးစားလေ့ကျင့်နေခဲ့တာ နှစ်တွေတော်တော်လေးတော့ ကြာပါပြီ ဒီတော့ "

"ကြိုးစားမှု အောင်မြင်တယ်လို့လဲ မင်းထင်တယ် မဟုတ်လား"

အဘိုးအိုက စူးစိုက်စွာသော မေးခွန်းကို သူမ အလေးအနက်ဖြေ၏။

"ဟုတ်ကဲ့ ဆရာ၊ ကျွန်မအနေနဲ့ အဲဒီမဂ္ဂင်ရှစ်ပါးထဲက သီလနဲ့ဆိုင်တဲ့ သုံးပါးကတော့ အသေအချာကို လိုက်နာပြီးသားပါ၊ ကျွန်မဟာ ဒီကောလိပ်မှာ နည်းပြဆရာမတစ်ယောက်ဖြစ်တယ်၊ ကျွန်မရဲ့အလုပ်က မွန်မြတ်တဲ့ ပညာကို သင်ကြားပြီး ပြန်လည် ဖြန့်ဖြူးဝေငှတဲ့အလုပ်၊ ဒီတော့ သမ္မာအာဇီဝဆိုတဲ့အင်္ဂါနဲ့ အလိုလိုပြည့်စုံပြီးသားမဟုတ်လားဆရာ၊ နောက်ပြီး သမ္မာဝါစာဆိုတဲ့ အင်္ဂါရပ်၊ ကျွန်မဟာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားကို မပြောဖူးဘူး၊ သူတစ်ပါး စိတ်မချမ်းသာမယ့် စကားကို မပြောဘူး၊ စကားရဲ့ အညစ်အကြေးတွေမှန်သမျှ ဖယ်ရှားပြီးသား ဖြစ်တယ်ဆရာ၊ နောက်ပြီး သမ္မကမန္တ "

"ဟုတ်ပါပြီလေ ဟုတ်ပါပြီ ၊ သမာဓိအားလည်း ကောင်းစပြုပြီလို့ပဲ ထားပါတော့"

"အနည်းဆုံး အခု အလေ့အကျင့်မနားမနေ လုပ်ခဲ့ပြီးတဲ့ ခုနှစ်ရက်လုံးလုံးကာလမှာပေါ့ဆရာ"

အဘိုးအိုက ခေါင်းတညိတ်ညိတ်ဖြင့် သူမကို အကဲခတ်နေရာမှ တစ်ချက်တော့ ငြင်းဆို၏။

"ဒါပေမယ့် မင်းအခုပြုလုပ်မယ့် အပြုအမူကတော့ သမ္မာဝါယမ မဟုတ်ဘူး"

သူမ ဘာမျှ မဖြေရှင်းပါ။

သူမ လိုချင်သည်မှာ သစ္စာလေးပါးကို သိမြင်ဖို့အထိမဟုတ်၊ ဘဝနာမယပညာ နိုးကြားပေါ်ပေါက်ပါဖို့လည်း မရည်ရွယ်ကြောင်း သူမ၏ဆရာဖြစ်သူ သိပါလိမ့်မည်။ သီလ၊ သမာဓိဟူသော ဂုဏ်အရည်အချင်းများရအောင် သူမ နှစ်ပေါင်းများစွာ မသိလိုက် မသိဘာသာ ကြိုးစားခဲ့ပြီး ရှေ့သို့ ဆက်ဖို့ မကြိုးစားခြင်းကပင်လျှင် သူမ၏ ဘဝတဏှာ မက်မောတွယ်တာမှုကို ဆရာ ရိပ်မိ ပါလိမ့်မည်။

သူမ၏ ဆုံးဖြတ်ချက်ချထားပြီးသော ဟန်အမူအရာကို တစ်စတစ်စ အကဲခတ်မိပြီးသော အဘိုးအိုသည် အတန်ကြာငေးမောတွေဝေ နေပြီးနောက် စကားစတင်ပြော၏။

"ကဲ ဒီတော့ ဒီအပြုအမူကို မလုပ်ခင် ငါ့အတွေ့အကြုံကလေးတစ်ခုကို နားထောင်ဦး၊ နောက်မှ မင်း လုပ်သင့်မလုပ်သင့် ဆုံးဖြတ် ဟုတ်လား"

ထို့နောက် လွန်ခဲ့သော ခြောက်လခန့်က သူ၏ အဖြစ်အပျက်ကို သူ့တပည့်ဟောင်း နည်းပြဆရာမလေးအား တစ်ဆင့် ပြန်လည် ပြောပြသည်။

"မင်းတို့အားလုံးသိပြီးသားပဲ၊ ငါ့မှာ သားတစ်ယောက်ရှိတယ်ဆိုတာ၊ အဲဒီသားကို ငါ ဘယ်လောက် ချစ်ခင်မြတ်နိုးတယ်ဆိုတာလဲ မင်းတို့အသိပဲ"

"ငါ့ဇနီးဆုံးသွားတော့ ငါက အသက်၄၀ရှိသေးတယ်၊ အဲဒီအချိန်မှာ သားက ၁၂နှစ်သားအရွယ် ကျန်ခဲ့တယ်၊ အဲဒီသားကို ငါ့ရဲ့မဖြစ်စလောက် လစာကလေးနဲ့ ခြိုးခြံခြစ်ကုတ်ပြီး ပညာသင်ပေးခဲ့တယ်၊ သူ စက်မှုတက္ကသိုလ်ကိုတက်ဖို့ ငါ့ရဲ့ လစာကလေးနဲ့ သူများတန်းတူ ထောက်ပံ့ပေးဖို့ကြိုးစားခဲ့ရတယ်၊ မင်းတို့ဆရာမှာ ပုဆိုးသုံးထည်လား လေးထည်လား မင်းတို့ အလောင်း အစားလုပ်ခဲ့ကြတာ ငါမှတ်မိသေးတယ်၊ အဲဒီလောက်တောင် ချို့ချို့ငဲ့ငဲ့ နေခဲ့တယ်။ နောက်အိမ်ထောင်ပြုဖို့ဆိုတဲ့ စိတ်ကူးမျိုး တစ်ခါမှတောင် ငါ့ခေါင်းထဲ ရောက်မလာခဲ့ပါဘူး၊ အဲဒီအတွက် ရလာတဲ့အကျိုးက ဘာလဲဆိုရင် သားဟာ အင်ဂျင်နီယာဘွဲ့ကို ထူးထူးချွန်ချွန်အောင်သွားတယ်၊ အလုပ်အကိုင်ရသွားတယ်၊ ငါနဲ့ဝေးသွားတယ်။

"နောက် သူ အိမ်ထောင်ကျသွားတယ်၊ သူ နိုင်ငံခြားကို နှစ်ခါလား သွားရတယ်။ ငါနဲ့ပိုဝေးသွားတယ်။ အဲဒီအထိ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ တွေးလို့ရပါတယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဟာ သားလိမ္မာတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ ဒါဟာ သဘာဝနိယာမတရားပဲ မဟုတ်လား။ ငါ သိပါတယ်။ ဒါပေမယ့် ခက်တာက သူက ငါ့ဆီကို လူအလာတင်မက စာရေးပါ ကျဲသွားခဲ့တယ်၊ နောက်ဆုံး သူ့သားသမီး ဘယ်နှစ်ယောက်ရနေပြီလဲဆိုတာတောင် ငါ မသိ တော့တဲ့အထိပဲ"

"ငါ ပင်စင်ရတဲ့အခါ ဟောဒီ ( သူက အိမ်ကလေးကို လက်ဝှေ့ယမ်း ညွှန်ပြလျက် ) စုတ်ချာချာ အိမ်ကလေးတစ်လုံးကို ဒီမြို့မှာ ပိုင်ဆိုင်ခဲ့တယ်။ ဒါပဲ ငါ့ရဲ့ပိုင်ဆိုင်မှုဟာ ဆေးလိပ်ခုံက ဆေးလိပ်သမတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုအဆင့်အတန်းထက် နည်းနည်းမှ မပိုခဲ့တာ အခုမင်းအမြင်ပဲ၊ ဒါပေမယ့် ဒါဟာ ငါ့အတွက် သားအပေါ် မကျေမနပ်စရာအကြောင်းမဟုတ်ဘူး၊ ဒါပေမယ့် ငါရုတ်တရက် လေဖြတ်သွားတဲ့အခါ ငါ့မှာ သားတစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုတစ်ခု ငါ့ဆီရောက်လာတယ်။ အဲဒါ ငါ့ရဲ့ ပထမဆုံးအမှားပဲ၊ ဒုတိယအမှားကတော့ ငါ့ရဲ့ အကောင်းကျန်နေတဲ့ ညာလက်နဲ့ သားဆီကို စာတစ်စောင်ရေးလိုက်မိတာပဲ၊ တတိယအမှားကတော့ သူ့ဆီက လူမလာဘဲ ငွေချည်းရောက်လာတာကို ဝမ်းနည်းနာကြည်းမိတဲ့အတွက်ပဲ "

"ငွေ ဘယ်လောက်ပို့သလဲဆိုတာကို မင်းစိတ်မဝင်စားနဲ့၊ ငါလဲ စိတ်မဝင်စားဘူး၊ ငါလိုချင်တာ ငွေလည်းမဟုတ်ဘူး။ ကိုယ်တစ်ခြမ်း လေဖြတ်နေတဲ့ သွက်ချာပါဒ ရောဂါသည် အဘိုးကြီးတစ်ယောက်အနေနဲ့ သူချစ်ခင်မြတ်နိုးတဲ့ သားတစ်ယောက်ဆီက မျှော်လင့် သမျှ အရာတွေထဲမှာ ငွေကြေးက နောက်ဆုံးမှာရှိနေတယ်။ အဲဒါကို မင်းကတော့ ခံစားနားလည်နိုင်လိမ့်မယ်လို့ ထင်တယ်လေ"

ထို့နောက် အဘိုးအိုသည် သူပြောခဲ့သော စကားများကို ပြန်လည် ဝေဖန်ဆန်းစစ်ဟန်ဖြင့် ခဏမျှ ငြိမ်သက်သွား၏။ ထိုအချိန်တွင် တစ်အိမ်လုံးသည် အိမ်မြှောင်စုတ်ထိုးသံပင် မကြားရဘဲ တိတ်ဆိတ်နေသည်။ အထီးကျန်အဘိုးအို၏ ကျဉ်းမြောင်းသော ထရံကာ အိမ်ကလေးသည် အဘိုးအို၏ ဘဝကို နားလည်ခံစားနိုင်အောင် တွန်းအားပေးလျက်ရှိ၏။ သူမသည် သင်ဖြူးဖျာပေါ်တွင် ကျုံ့ကျုံ့ ကလေးထိုင်လျက် မျက်လွှာချကာ ငြိမ်သက်နေသည်မှာ တရားဘာဝနာ အားထုတ်ဖို့ ပြင်ဆင်နေသူတစ်ယောက်ပမာ ဖြစ်သည်။

"နောက်ဆုံးတော့ ကံကောင်းတယ်ပြောရမလား၊ ကံဆိုးတယ်ပြောရမလား မသိဘူး၊ အလွန်တော်တဲ့ မြန်မာသမားတော်ကြီးရဲ့ ကုသမှုကြောင့် ငါ တုတ်ကောက်နဲ့ လမ်းလျှောက်နိုင်လောက်အောင် တရွတ်ဆွဲသွားနိုင်လောက်အောင် ပြန်နေကောင်းလာတယ်။

" ငါ့သားအပေါ်မှာ နာကြည်းချက် နည်းနည်းကလေး ရှိခဲ့ပေမယ့် ငါ နေကောင်းတဲ့အခါ အဲဒါက အလိုလို ပျောက်ကွယ်သွားပါတယ်။ နောက်ပိုင်းမှာ ငါ ကိုးပါးသီလ အမြဲယူပြီး စောင့်ထိန်းတယ်၊ မင်းပြောတဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်အတိုင်းပဲ ငါ ရက်ပေါင်းများစွာ အထူး ကျင့်ကြံအားထုတ်တယ်။ မင်းထက်သာတာက ငါ့မှာ အလုပ်သွားစရာ တာဝန်မရှိ၊ အိမ်လာလည်တဲ့ ဧည့်သည်မရှိ၊ ပေါင်းသင် မြက်နှုတ် ပန်းစိုက်ဖို့ ခွန်အားမရှိ၊ ဒီတော့ မနက်နေထွက်ကနေ ညအထိ ငါ့အတွက် အချိန်အားလုံးဟာ သမထထိုင်ဖို့ချည်းပဲ ဖြစ်ခဲ့တယ်"

"ဒီလိုနဲ့ တစ်နေ့ကျတော့ မင်းရဲ့စိတ်ကူးရည်ရွယ်ချက်မျိုးမဟုတ်တဲ့ အပြစ်ကင်းတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ငါ့သားကို ညနေတိုင်း တသမျှော်လင့်ခဲ့မိတော့တယ်၊ ငါ့စိတ်ထင်တော့ သူ ဂေါ့ဖ်ကလပ်သွားကောင်း သွားနေနိုင်တဲ့ ညနေအချိန်တိုင်း သူ့အကြောင်း ကိုချည်း အာရုံစူးစိုက်ပြီး စဉ်းစားတွေးတောနေခဲ့မိတယ် ထင်တာပဲ၊ သိပ်တော့ မမှတ်မိဘူး။ အဲဒါဟာ ရက်ပေါင်း နှစ်ဆယ် ကျော်ကျော် ကြာခဲ့တယ်။ မင်း စဉ်းစားကြည့်ပေါ့၊ တစ်ညနေမှာ အချိန်သုံးနာရီလောက် ယူပြီး ညနေပေါင်းနှစ်ဆယ်ကျော်မှာ မလှုပ်မယှက်ထိုင်ပြီး သူ့အကြောင်း အာရုံစူးစိုက် မေတ္တာပို့နေခဲ့တာပဲ"

အဘိုးကြီး၏ အသံက နည်းနည်းချင်း တိုးဝင်သွားပြီး သူမ မော့ကြည့်လိုက်သော အချိန်၌ ပြာမွဲသော၊ မတောက်ပသော မျက်လုံးအိမ်မှာ မျက်ရည်စများ စွန်းထင်းစိုလက်နေသည်ကို တွေ့ရသည်။ ဤစကားသို့ ရောက်အောင် အဘိုးအို ဘာကြောင့် ဆွဲယူလာသည်ဆိုသည်ကိုလည်း သူမ ရိပ်မိသွား၏။ ဘာပဲဖြစ်ဖြစ် အကျိုးကျေးဇူးတစ်ခုကိုတော့ သူမ သိရပေလိမ့်မည်။

"အဲဒီ ငါ့အပြုအမူကို မှန်မမှန် ငါ့ဟာငါ အခုမှ ဆန်းစစ်ဝေဖန်ကြည့်တော့ မှားနေတာတွေ့ရတယ်၊ အဲဒီရလဒ်ဟာ ဘာလဲဆိုတာ မင်းစိတ်ဝင်စားမယ်လို့ ထင်တယ်"

အမျိုးသမီးသည် ပထမဆုံးအကြိမ် စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ခန္ဓာအနေအထားကို အနည်းငယ်ပြင်ဆင်၍ ထိုင်သည်။ သူမ၏ ဆရာကို မော့ကြည့်သောမျက်ဝန်းများတွင် စိတ်ဝင်စားမှုကို ဝန်ခံသည့် အရိပ်တစ်ရိပ် ထင်လာ၏။

"ငါ့ရဲ့စိတ်က သူ့ရဲ့စိတ်နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်သွားသလဲတော့ ငါမသိပါဘူး။ နှစ်ပေါင်းများစွာ ငါ့ကို ပစ်ပယ်ထားတဲ့ သားဟာ ငါ့ဆီကို တကူးတက လာခဲ့တော့တယ်"

အမျိုးသမီးသည် ထိုအဖြေကို မျှော်လင့်စောင့်စားနေသော်လည်း တကယ်ကြားလိုက်ရသည့်အခါမှာ အားတက်သွားသည့် ခံစားမှုမျိုးကို ဘယ်လိုခွန်အားမျိုးကမှ လိုက်မမီချေ။

"ဒါပေမယ့် သူ ငါ့ဆီလာတယ်ဆိုတာ ရက်တော်တော်ကြာမှ ငါသိရတာပါ။ ငါ တစ်ခါပဲမြင်ဖူးတဲ့ ငါ့ချွေးမက ငါ့ဆီကို စာရေး လိုက်တော့မှ သိတာပါ။ စာထဲမှာ ငါ့သား ငါ့ဆီကိုလာဖို့ ကားကို ကိုယ်တိုင်မောင်းပြီး ထွက်သွားတဲ့အကြောင်း၊ လမ်းခရီးမှာ ကားမှောက်ပြီး အသက်ဆုံးရှုံးသွားကြောင်း၊ အဲဒီစာကလေးတစ်စောင် ငါရလိုက်တယ်"

စောစောက သူမ၏ အားတက်မှုမှာ ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် လျှပ်တစ်ပြက် ပြောင်းလဲဖြစ်ပေါ် သွားသောကြောင့် သူမသည် အဘိုးအိုကို ဖျောင်းဖျနှစ်သိမ့်ဖို့ပင် မေ့လျော့နေ၏။

"ငါ့သားနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းကတော့ အဲဒါပဲ ။ အဲဒါ လွန်ခဲ့တဲ့ ခြောက်လလောက်က ဖြစ်သွားတာ"

ထို့နောက် ဆရာတပည့်ဟောင်းနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ငေးလျက် တစ်ယောက်၏ ပူပင်သောကကို တစ်ယောက်က နုတ်ယူခံစားဖို့ ကြိုးစားနေသလိုငြိမ်သက်နေကြပြန်သည်။ ထို့နောက်မှ အဘိုးအိုက အပြုံးနှင့်မတူသော သူ့ကိုယ်ပိုင် ခပ်ရွဲ့ရွဲ့အပြုံးဖြင့် သူမကို သတိပေးသည်။

"ဒီတော့ မင်းတစ်ခုခု ပြုမူတော့မယ်ဆိုရင် ဒီအဖြစ်အပျက်ကလေးကို ထည့်စဉ်းစားသင့်တယ်လို့ ငါထင်တယ်"

"ဒီနေ့ ကျွန်မနဲ့ ဆရာကြီးနဲ့ ဆွေးနွေးပွဲမှာ ဒါ ဆရာကြီးရဲ့ ထင်မြင်ချက်ပဲလားဟင်"

အမျိုးသမီးက အနည်းငယ် တွန့်ဆုတ်စွာ မေးသည့်အခါ သူခေါင်းယမ်း၏။

"မဟုတ်သေးဘူး၊ ငါ့ထင်မြင်ချက်ကို အခုမှပြောမယ်၊ နံပါတ်တစ်အချက်အနေနဲ့ လူတစ်ယောက်ကို သူ့စိတ်နဲ့သူ လွတ်လွတ် လပ်လပ် ပြုမူဖို့ ခွင့်ပေးထားသင့်တယ်၊ သူ့စိတ်ကို အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ ထိန်းချုပ်ညှို့ယူပြီး အကျပ်ကိုင် ခိုင်းစေခြင်း အားဖြင့် အဲဒီလူရဲ့စိတ်မှာ နှောင်တည်းခံ ကျဉ်းကျပ်မှုကို ဖြစ်ပေါ်စေတယ်၊ တွေဝေစေနိုင်တယ်၊ အဲဒီလိုလုပ်ခြင်းအားဖြင့် ဖြစ်တန်ရာ တဲ့ ပျော်ရွှင်မှုဆိုတာကို မရဘဲ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေတတ်တယ်၊ ဥပမာ နောင်တ၊ ကြေကွဲမှု စသည်ဖြင့်ပေါ့"

"ဟုတ်ကဲ့ ဆရာဆိုလိုချင်တာကို ကျွန်မ သဘောပေါက်ပါတယ်၊ ကျွန်မ စဉ်းစားပါ့မယ်"

***

ကထိကဟောင်း ဆရာကြီး၏ နေအိမ်မှ အမျိုးသမီး ပြန်ထွက်လာသည့်အခါ လမ်းမီးတိုင်များပင် လင်းနေကြပြီ။ ဆင်ခြေလျှော ကျောက်စရစ်လမ်းကို ဖြတ်ကျော်လာပြီးမှ ဆရာကြီး မပြောဘဲထားခဲ့သော နံပါတ်နှစ် ထင်မြင်ချက်ဟာ ဘာများပါလိမ့်ဟု စဉ်းစားကြည့်နေ၏။

ရပ်ကွက်နှစ်ခုစာဝေးသော သူမ၏ခြံဝန်းရှေ့သို့ ရောက်သောအခါ ညအမှောင်သည် အတော်ပီပြင်လာခဲ့ပြီ။ ထိုအချိန်မှာပင် နံပါတ်နှစ် ထင်မြင်ချက်ကို သူမ စိတ်မှန်းဖြင့် တွေးတောကြည့်မိသွားသည်။

"မိန်းမသားတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုရှိတယ်၊ အဲဒါဟာ စောင့်ဆိုင်းမှုပဲ"

၎င်းသည် သူမ၏ ထင်မြင်ချက်လည်းဖြစ်သည်။

ဂျူး
၁၉၉၀ ၊ ဩဂုတ်လ ၊ မဟေသီရုပ်စုံမဂ္ဂဇင်း

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။