Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

မှင်စာကလေးရောင်နီ
Chapter 1
ကြည်အေး

ရောင်နီသည် မှင်စာကလေးအဖြစ်သို့ လွန်ခဲ့သော ခုနစ်ရက်ကမှ ရောက်ခဲ့သည်။ လူကလေးကနေပြီး မှင်စာကလေးဖြစ်လိုက်သည်မှာ အင်မတန် မြန်လွန်းလှ၍ ဘာမှန်းပင် မသိလိုက်ပေ။ သူသည် မှင်စာဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သိသော်လည်း ပျော်ရမှာလား၊ ဝမ်းနည်းရမှာလား မစဉ်းစားတတ်။ နဂိုစိတ်အတိုင်းဆိုလျှင်တော့ လူတုန်းကရှိသည့်အတိုင်း ပျော်ရွှင်အပြစ်ကင်းသော ကလေးစိတ်ပင် ရှိသည်ဟု ဆိုရမည်။

မှင်စာမဖြစ်ခင်ကတော့ မှင်စာဆိုသည်မှာ တစ္ဆေအငယ်စားပေတည်းဟု သာမည သိသည်။ မှင်စာသည် တစ်စုံတစ်ယောက်ကို ခုနစ်ပတ်ပတ်လိုက်လျှင် ထိုလူ ကိစ္စချောပါရော ဟူ၍လည်း ကြားဖူးသည်။ မှင်စာသည် ကြောင်နက်ကလေးများပမာဆောင်၍ လူကို ပတ်တတ်သလိုလိုလည်း ကြားဖူးနားဝ ရှိလေရကား ရောင်နီအင်မတန်ချစ်သည့် ကြောင်ကလေး မိစိန်ကိုပင် ည၌ မှောင်မှောင်များတွင် ခြေကို ခေါင်းနှင့် လာလာဝှေ့သည့်အခါ ကြောက်ကြောက်နှင့် ကန်ပစ်တတ်သည်။

မှင်စာဆိုသည်မှာကား အခုထိမသိ။ ရောင်နီသည် မသေခင်က ရောင်နီကလေးအတိုင်းပင် ရှိ၏။ မိမိခေါင်းပေါ်ကို ပြန်စမ်းကြည့်လျှင် နီကြင်ကြင်ရှိ၍ အထွေးလိုက်ခဲသော သျှောင်ထုံးကလေးကို စမ်းမိသည်။ ဆံရစ်ဝိုင်းကလေး ထိုးထိုးထောင်ထောင်ကိုလည်း စမ်းမိသည်။ သျှောင်ထုံးတင်းတင်းထုံးထားသဖြင့် အဖူးအသီးကလေးများ ထနေသော ချာရစ်ဝိုင်းကိုလည်း စမ်းမိသည်။

ထိုအခါ ရောင်နီသည် 'အလို ... မင်စာကလည်း ဒီလိုပါပဲကလား' ဟု အံ့သြမိလေသည်။ စင်စစ်တော့လည်း ရောင်နီသည် ကလေး သေလျှင် မှင်စာဖြစ်သည်ဟု ဆိုရိုးရှိ၍သာ ကိုယ့်ကိုယ်ကို မှင်စာဟု အမည်တပ်လိုက်ရသည်။ ဘာရယ်လို့တော့ မဟုတ်လှ။

သေခါစကဆိုလျှင် ရောင်နီသည် အလောင်းစင်ဘေးမှ မတ်တတ်ရပ်ကာ အံ့သြခြင်းသာ ကြီးစွာဖြစ်သည်။ မသာခုတင်မှာ ဘုန်းကြီး ကျောင်းမှ ဟောင်းအိုစုတ်ချာလှသော ဘယ်သူသေစဉ်ကစ၍ လှူထားမှန်းမသိသည့် ပွတ်လုံးပွတ်တိုင် မြိုင်မြိုင်နှင့် ခုတင်ပေတည်း။ ထိုခုတင်ကို မသာအိမ်များမှ ငှားကာ အလောင်းစဉ်ပြင်သည်ကို ရောင်နီ အသက်ပိုင်းခြား ဆယ့်နှစ်နှစ်သောကာလတွင် မကြာခဏ မြင်ခဲ့လေပြီ။

ခုတင်သည် ဘယ်လောက်ပင် အိုဟောင်းသော်လည်း သေသည်အထိ ဝါးကြမ်းပြင်ပေါ်တွင် ဖျာမခင်းဘဲ အိပ်ခဲ့ရသော ရောင်နီအဖို့ မိမိ၏ မလှုပ်ရှားတော့သော ရုပ်ခန္ဓာကို ခုတင်ပေါ် အစန့်သား မြင်ရသည်မှာ ကျေနပ်စရာပင်တည်း။

ခုတင်ကို ချစ်တီးပိတ်စိမ်းပါး အဝါကလေးများ တိုင်လေးတိုင်တွင် ချည်ကာ အလယ်လောက်တွင် ဂုန်နီအိတ်ကြိုးဖြင့် တုပ်၍ထားရကာ ခြင်ထောင်ကလေးလိုလို၊ ပွဲထဲက ကန့်လန့်ကာလေးလိုလို ကြည့်၍လှသည်။ ပိတ်စိမ်းပါး၏ အပေါက်ကျဲများထဲသို့ ရွှေချည် ငွေချည် တပ်သော စက္ကူပန်းရောင်စုံကို ခပ်မြိုင်မြိုင် ထိုးထားပြန်ရာ အတော်စိတ်ကြီးဝင်စရာ ခန့်ညားလှ၏။ ရောင်နီ၏ ရုပ်ကလာပ်အပေါ်ကိုမူ အမေ၏ အလှူတိုင်းကိုသော်မှ ထုတ်၍မတင်သည့် အလျားလေးတောင်ရှည်သည့် ပွင့်ရိုက်ဆပ်တွန့်ပုဝါကို ခြုံလွှမ်းထားသည်။

ရောင်နီသည် သေခါစ၌မူကား အလောင်းစင်ဘေးမှ ရပ်ကာ ငိုယိုနေကြသူများကို နားမလည်နိုင်ဘဲ ကြည့်၍နေသည်။ အမေသည် အပူပင်ဆုံးဖြစ်လေ၏။ မျက်လုံးများမှာ နီရဲအစ်မို့ကာ တစ်မျက်နှာလုံး ရောင်နေတော့သည်။ ' အမယ်လေး ဖြစ်မှဖြစ်ရတယ် ရောင်နီကလေးရဲ့' ဟု တတွတ်တွတ် ရွတ်သည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ ဘာမှ မပြောတတ်ရှာ။

တစ်ညဥ့်တွင်မူကား အမေသည် တစ်ရေးပင် မအိပ်တော့ဘဲ အလောင်းစင်နားထိုင်ကာ ကြည့်နေသည်။ နှလုံးမခုန်တော့သော ရောင်နီ၏ ရင်ဘတ်ကိုသပ်ကာ သျှောင်ထုံးပြင်ထုံးပေးသည်။ မဝနိုင်သော ကြည့်ခြင်းဖြင့် 'အမယ်လေး ... ပစ်လိုက်ရတော့မှာပါကလားနော်' ဟု ကြိတ်မနိုင်ခဲမရ ပြောကာ မျက်ရည်ပေါက်ကြီးများ စီး၍ကျသည်။

ထိုအခါ၌ ရောင်နီသည် ရောကာ ငိုလိုက်မိလေတော့သည်။ သို့သော်လည်း သူသည် ဘာမှနားလည်လှသည် မဟုတ်သေး၍ ခါတိုင်းလိုပင် အိပ်နေကျ အိမ်ရှေ့ဝါးကြမ်းပြင်ပေါ် သွားကာ အိပ်ပစ်လိုက်သည်။

ရောင်နီ၏ ရုပ်ကလာပ်သည် အလောင်းစင်ပေါ်တွင် သုံးရက်မျှ လျောင်းရသည်။ ထို့နောက် ငွေစက္ကူပြားကလေးများ ဖွေးနေအောင် ကပ်ထားသော ခေါင်းထဲ၌ နေရသည်။ ခေါင်းကလေးမှာ လှလှပပဖြစ်သော်လည်း အလောင်းပေါ်သို့ မီးသွေးမှုန့်များ လောင်းထည့်ကာ အဖုံးပိတ်၍ သံရိုက်ထားလျှင်မူကား မှင်စာကလေးအဖို့ အလွတ်ကြီးပင်ဖြစ်သော်လည်း ကြားထဲက ဝင်၍ မွန်းလိုက်သေးသည်။

အမေသည် အတော်ငိုသည်။ 'ဟဲ့ ... မိုက်ဦးဟဲ့၊ ဟဲ့ ... ဆော့ဦးဟဲ့ ငရောင်နီရဲ့' ဟု ငိုသည်။ ပထမတော့ ရောင်နီ နားမလည်ချေ။

မသာအိမ် လာကြသူများကို အမေက ပြောပြသည်။

'ဒီလောက်ဆော့တဲ့ကလေးနော်၊ သေအောင်ဆော့တဲ့ကလေး၊ ဘယ်လောက်ဆော့သလဲဆိုရင် မြွေပခြုပ်ကို လက်ထိုးထည့်သတဲ့တော်၊ ကြားဖူးကြရဲ့လား၊ ဒီကလေးမှ မသေရင် ဘယ်ကလေး သေဦးမလဲ'

ထို့နောက် အမေသည် ဘယ်လူကိုမျှ အဖက်မလုပ်တော့ဘဲ ထဘီအထက်ဆင်နှင့် မျက်နှာကိုအုပ်ကာ ငုတ်တုတ် ဆောင့်ကြောင့်ထိုင်ပြီး အသံထွက်၍ ငိုသည်။

သည်တော့မှ ရောင်နီ သတိရသည်။ မင်စာဖြစ်သည့်ညနေက သူသည် ရွာဦးဆုတောင်းပြည့်ဘုရားနားက ကွင်းပြင်၌ တခြားသော ကလေးများနှင့် စုရုံးလျက်ရှိသည်။ မြွေအလမ္ပါယ်ဆရာလင်မယားသည် ပခြုပ်ကြီးများကိုယ်စီရွက်ကာ နေရာရွေးလျက်ရှိသည်။ ယောက်ျားမှာ ထိုးကွင်းမင်ကြောင်များကိုဖော်ကာ တင်ပါးဆုံနှစ်လုံးစလုံးပေါ်သည်အထိ ခါးတောင်းမြှောင်မြှောင် ကျိုက်လျက်နေသည်။ မိန်းမကတော့ ထဘီကို ရှန်သားရင်ဖုံးအင်္ကျီအပေါ်မှထပ်၍ ရင်ရှားဝတ်သည်။ 'အောက်လမ်းဆရာတွေထဲမတော့ ဘယ်သူ့မှ ဗိုလ်မထား ဘူးကွနော်' ဟု လင်မယားနှစ်ယောက်သည် တစ်လှည့်စီပင် တစ်ကြိမ်းတည်းကြိမ်းလျက် နေကြလေသည်။

ကလေးများ စု၍ပြီးသော် လူကြီးများ ရောက်လာကြသည်။ ပထမဆုံး ရောက်လာသူများမှာ ရွာထဲ၌ အလုပ်လုပ်မစားသော ဘိန်းစား ကိုညိုကြီး၊ လူမိုက်ထွန်းမြင့် စသော သူများပေတည်း။ ထိုနောက်ကား အလမ္ပါယ်လင်မယား၏ ရမ်းရမ်းကားကား ကစားပြပုံကြောင့် လူအုပ်ကြီးမားလာသည်။

ယောက်ျားက စပါးအုံးမြွေကြီးတစ်ကောင်ကို ဒူးနှင့်တိုက်၍ ကစားသည်။ လက်နှင့်လည်း ရိုက်ပစ်သေးသည်။ 'ငါ့ညီရဲ့ ... မင်းကို ဘယ်သူက ဖြားယောင်းနေသလဲကွယ့်' ဟု ဆိုကာ ကိုက်ခဲသော ဒဏ်ရာကို ဆေးမည်းမည်း ပျော့စိစိနှင့် ကပ်တတ်သည်။ မိန်းမကမူကား မြွေမျိုးစုံကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ကာ လည်မှာဆွဲသည်။

မြွေများသည် တရွရွနှင့် ဟိုသည် လျှောက်နေရကား လူအုပ်ဝိုင်းသည် ကျယ်၍ကျယ်၍ သွားတော့သည်။ ကြောက်တတ်သော မိန်းမများက မိမိတို့သားသမီးများကို ချီပိုးကာ အိမ်ပြန်ပြေးကြသည်။ မြွေအလမ္ပါယ်ဆရာများကလည်း ကြမ်းသည်ထက်ကြမ်းလာရာ အကြီးဆုံးသော စပါးအုံးမြွေကြီးသည် လျှောခနဲ ကိုယ်ကိုဆန့်ကာ ဦးတည်ရာသို့ ပေါက်ရန်ရွယ်လေရာ ထိုအနားမှ လူများသည် ရှဲခနဲ နောက်ဆုန်ကာ ပြေးကြသည်။

သည်လိုနှင့် နောက်ဆုံးပြီးသွားသော် မြွေအလမ္ပါယ်လင်မယားလည်း မြွေနိုင်ဆေးမည်းမည်းကိုရောင်း၊ မြွေအလမ္ပါယ်ပြခပိုက်ဆံကိုလည်း ခွက်နှင့်ခံနေကြစဉ် ရောင်နီ၏ အမြဲတောက်ပြောင်စူးရှသော မျက်လုံးအစုံသည် ခါတိုင်းထက် လက်လာလေသည်။

ရောင်နီသည် မကြောက်တတ်သော ကလေးဖြစ်သည်။ သူ့စိတ်သည် အမြဲပျော်ရွှင်သည်။ ကြည်လင်သည်။ ဘယ်အချိန်မဆို သူ့တစ်ကိုယ်လုံးသည် ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှားနေသည်။ ဦးနှောက်မှာ တဒိတ်ဒိတ်နှင့် လန့်ဖျတ်စွာ ခုန်နေသော နှလုံးသံနှင့်အမျှ ဉာဏ်များနေကာ လျှပ်စီးလက်သလို ဝင်းထိန်လှသည်။ သူသည် မြွေပွဲအစအဆုံးကို ယောက်ျားဖြစ်သူနှင့် အနီးဆုံးနေရာမှ ကပ်ထိုင်ကာ တမေ့တမောကြီး ကြည့်နေခဲ့လေသည်။

ရောင်နီစိတ်ထဲ၌ 'မြွေဆိုတာ ဘယ်မှာကြောက်စရာကောင်းလို့လဲ၊ ဟိုမိန်းမကြီးတောင် ကိုင်ရဲသေးတယ်၊ ငါကိုင်ကြည့်ချင်လိုက်တာနော်၊ မြွေကို ကိုင်ရလျှင် ဘယ်လိုနေမလဲ' ဟု တွေးနေသည်။ ချောကျိကျိနေမလား၊ အဆီတွေ ပေလာမလား။ ရောင်နီသည် မြွေကို အဖော် အပေါင်းများနှင့် ရိုက်သတ်ခဲ့ဖူးသော်လည်း အရှင်လတ်လတ် ကြီးကြီးမားမားများကို မကစားဖူးချေ။

'ပခြုပ်ထဲကို လက်နဲ့ နှိုက်လိုက်ရင် မြွေက ကိုက်မှာလား၊ ငေးကြည့်နေမှာလား'

ဟု တွေးသည်။ ဒါကို အလွန်မှ သိချင်သည်။ 'မြွေက ဟိုဆရာလင်မယားတော့ မကိုက်ဘူး၊ ငါ့ကိုကော ကိုက်မှာလား၊ မကိုက်ပါဘူး'။ သို့သော်လည်း မြွေပခြုပ်ထဲလက်ထည့်လိုက်လျှင် ဘယ်လိုနေမည်ဆိုတာ သိချင်နေသည်။ မတားနိုင်မဆီးနိုင် သိချင်နေသည်။ 'တလက်လက်နဲ့ မြွေလျှာတစ်လစ်ကလေးလောက်တော့ ငါလည်း မြန်ပါသေးတယ်၊ သူ လျှာမထုတ်ခင် ငါ့လက်ကို ပြန်ရုပ်မှာပေါ့' ဟူ၍လည်း အထင်ကြီးသေးသည်။ သူသည် မြွေက လျှာဖြင့်ပေါက်သည်ဟု အထင်ရှိလေသည်။

ထိုနောက်ကား ရောင်နီ၏ ဦးနှောက်ထဲ၌ လူသားကလေးငယ်တို့၏ သိလိုတတ်လိုခြင်းသည် ပွက်ပွက်ထကာ မခံမရပ်နိုင်သည့်အဆုံး၌ ရောင်နီသည် ပခြုပ်ထဲသို့ လက်ဖြင့် ဖျပ်ခနဲနှိုက်ကာ မြွေညိုညိုတုတ်တုတ်ကြီး၏ ခေါင်းကို ပုတ်လိုက်လေသည်။

'ငါသိချင်လို့ပါ၊ ဆော့တာမဟုတ်ပါဘူး'

ဟု ရောင်နီသည် တစ်ယောက်တည်း ပြောသည်။ အမေက အားလုံးက သူဆော့၍ မြွေကိုက်ခံရသည်ဟု ပြောကြ၊ ယုံကြည်ကြသည်ကို သူမခံချင်ပေ။

မသာအိမ်လာသူများကား ကြက်သီးထကြသည်။

'သည်လောက်ဆော့တဲ့ကလေး သေတာကောင်းတယ်'

ဟု ကျိတ်၍ တွေးသူလည်း ရှိချင်ရှိမည်။

တကယ်ဆိုတော့လည်း မခံချင်သာဖြစ်ရသည်။ ရောင်နီသည် အငြိမ်မနေသော ကလေးတစ်ယောက်ပင် ဖြစ်လေသည်။

'တောက်တဲ့ ... တောက် ... တဲ့ ... တဲ့' ဟု ညစဉ်မြည်သော တောက်တဲ့ကို သူမြင်ဖူးချင်သည်။ အမေက ပြောသည်မှာ 'ဟဲ့ ... တောက်တဲ့ဆိုတာ ကလေးတွေ မမြင်ကောင်းဘူး' ဟု ပြောသည်။ သို့သော် တောက်တဲ့ဆိုသည်မှာ ဘယ်လိုဟာပါလိမ့်လို့ သိချင်လှ၍ မရအရဖမ်းလေရာ နောက်ဆုံးတွင် မိရုံမက ဝါးကျည်တောက်ထဲပင် သုံးရက်မျှ ထည့်၍ လှောင်ထားခဲ့သေးသည်။

ဘာမဆို ထူးထူးဆန်းဆန်းကို မြင်ချင်သည်။ ကြားချင်သည်။ သိချင်သည်။ မီးရထားလမ်းဘေးတလျှောက်မှ လိုက်၍လည်း ရထားနှင့် အပြေးပြိုင်ခဲ့ဖူးပြီ။ လေယာဉ်ပျံကိုလည်း ထိုးဆင်းအလာမှာ အသာကလေး ချုံပုတ်ကြားက ချောင်းပြီး ခွနှင့် ပစ်ခဲ့ဖူးပြီ။ ရောင်နီသည် ဘာမဆို လက်တည့်မစမ်းဖူးတာ မရှိ။

မသာချသော် ရောင်နီသည် ခေါင်းပေါ်မှ ခွ၍ထိုင်သွားသည်။ ခေါင်းကစားကြသော် အပေါ်ကစီးရသည်မှာ ပျော်စရာကြီးပေတည်း။ ချောင်းထဲ၌ ပုဆိုးကို ပူစည်ပေါင်းလုပ်၍ မျှောရသလို လှိုင်းစီးရသလို ခံစားရသည်။ အကစားကြမ်းလျှင်မူကား 'အလိုလေးဗျာ၊ လိမ့်ကျပါ့မယ်' ဟု အော်နေ၏။ အော်၍မရလျှင် ခေါင်းကစားသူများ၏ လက်ကို ပုရွက်ဆိတ်ကိုက်သလိုနေအောင် ဆိတ်လိုက်သည်။

ရောင်နီသည် မှင်စာဖြစ်သည့်နေ့မှစ၍ သူကြားဖူးသည့်အတိုင်း လုပ်လျက်ရှိသည်။ မှင်စာသာ မဖြစ်လျှင် ဘယ်သည်လို အဆန်းအပြား လုပ်ရမတုံး။ ယခုမသာချသည့်အခါ အိမ်ပေါ်ကဆင်းတာတောင် ကြားဖူးသည့်အတိုင်း အိမ်နောက်ဖေးလှေကားမှ နောက်ပြန် ဆင်းခဲ့သည်။ ဘယ်သူကမျှ ဆန်ကောချမထား၍ စိတ်မကောင်း။ ချထားလျှင် ရောင်နီသည် မိမိ၏ခြေရာကို ထားခဲ့နိုင်မည်ဖြစ်၏။ ဘယ်သူမှ မိမိခြေရာအတွက် ဂရုမစိုက်သော်လည်း ရောင်နီသည် ထင်ချင်သလောက် ထင်ပါစေတော့ဟူသော သဘောနှင့်ပင် ခပ်ဆောင့်ဆောင့် နင်းခဲ့သည်။

ရောင်နီသည် မိမိကို မင်စာအဖြစ်နှင့် လူတွေက ဘယ်လိုသဘောထားမည်ကို သိချင်သည်။ သူသည် အမြဲပင် သိချင်နေသည်။ ဘာပဲဖြစ်ဖြစ် လုပ်ချင်နေသည်။ ဒါကို ဆော့တယ်ခေါ်ဦးမလား။

မှင်စာကလေး ရောင်နီသည် သင်္ချိုင်းရှိ မသာဇရပ်သို့ရောက်သော် မယောင်မလည်နှင့် လူတွေကို အကဲခတ်နေသည်။ ဘာလုပ်ရမလဲ။ ဘာစမ်းကြည့်ရမလဲ။ သူ့နားထဲမူကား 'ဆော့လွန်းလို့ သေတယ်၊ ဆော့လွန်းလို့ သေတယ်' ဟုသာ ကြားရသည်။ မခံချင်လိုက်လေကွာ။

မိမိ၏ ရုပ်ကလာပ်ကို မြေမြှုပ်သော် ငိုသံများသည် စီကနဲညံသည်။ အလွန်အငိုကောင်းသဖြင့် သူမပါလျှင် ဘယ်မသာမှမစည်သော ရောင်နီ့အဒေါ် ဒေါ်ညီမသည် ဖွဲ့နွဲ့ကာငိုလေပြီ။

'အမယ်လေး ... ငါ့တူလေး ရုပ်ကလာပ် ပုတ်ပြတ်နဲ့ ရောင်းမယ်' ဟု ကာရန်ပြု၍ ငိုသည်။ 'ထဆော့ပါဦးလားဟဲ့' ဟု အော်သည်။

မှင်စာကလေး ရောင်နီသည် မိမိကို စွပ်စွဲနေသော အဒေါ်ကြီး၏ ဆံပင်တစ်မျှင်ကို စိတ်ပေါက်ပေါက်နှင့် ဆွဲနှုတ်လိုက်လေတော့သည်။

မသာအခမ်းအနားပြီးသော် မသာပို့သူများကို မီးခြစ်တစ်ဘူး၊ ဆေးပေါ့လိပ်တစ်လိပ် ကမ်းသည်။ အဖေနှင့် အမေသည် သေခြင်းဆိုးသော သားကလေး ကျွတ်လွတ်စေလို၍ မတတ်နိုင်သော်လည်း အကြွေးယူ၍ ကုသိုလ်ပြုကြသည်။ ရေစက်ချ ၊ အမျှဝေသော် မှင်စာကလေး သည် သာဓုမခေါ်ချေ။ အကြောင်းမူကား သူသည် မှင်စာလုပ်ရတာ အတော်ပျော်ရွှင်နေသောကြောင့်ပင်တည်း။

'သာဓုခေါ်တာကို ခဏဆိုင်းထားဦးမယ်လေ၊ နောက်မှခေါ်ရင် မရဘူးလား၊ ခုချင်ချင်းတော့ မကျွတ်ချင်သေးပေါင်' ဟု သူက ပြောမိသည်။

အချိန်တန်၍ အိမ်ပြန်ကြသော် မှင်စာကလေး ရောင်နီသည် မြေပုံပေါ်၌ ထိုင်ပြီး နေခဲ့သည်။ အိမ်ကို ပြန်၍မဖြစ်။ အိမ်စောင့်နတ်က နှင်ချတတ်သည်ဆိုသည်။ ဒါလည်း လုပ်ကြည့်ရဦးမည်။ ယခုတော့ သင်္ချိုင်းထဲမှာ တခြားမှင်စာတစ္ဆေများနှင့် မိတ်ဖွဲ့ရဦးမည်။ မင်စာတစ္ဆေလောကကြီးဟာ ဘယ်လိုနေပါလိမ့်မလဲ။

ထိုခဏ၌ တစ္ဆေတစ်ယောက် လျှောက်လာသည်။ ပထမတော့ တစ္ဆေကြောက်တတ်သည့် မွေးကတည်းက နားလည်သောစိတ်ဖြင့် ပြေးမည်ကြံသည်။ နောက်တော့ 'ငါလည်း တစ္ဆေအငယ်စားပဲဟာ၊ ဘာထူးလို့တုံး' ဟု တွေးရသည်။

'ဗျို့ ... တစ္ဆေကြီး၊ ခင်ဗျား ဘယ်သူတုန်း' ဟု ရောင်နီက မေး၏။

'ငါ့ မမှတ်မိဘူးလားကွ၊ ငါ မနှစ်က နာတာရှည်နဲ့ သေတဲ့ ဦးကြီးမှတ်လေ' ဟု တစ္ဆေကြီးက ပြောသည်။

'ဟ ... ဟုတ်သားပဲ၊ ဦးကြီးမှတ်ပဲ' ဟု သူက ဝမ်းသာအားရ ပြောသည်။

'မင်း ငယ်ငယ်လေးနဲ့ ဘယ့်နှယ် ဒီရောက်နေတာလဲ'

'မြွေကိုက်လို့တဲ့ဗျ'

'လယ်ပုဇွန်လုံး နှိုက်တယ်ပေါ့လေ'

ရောင်နီက အစအဆုံး ပြောပြသည်။ သူ ဘယ်လောက်ကောင်းကြောင်း၊ မဆော့တတ်ကြောင်း၊ သိချင်လို့ စမ်းကြည့်တာသာဖြစ်ကြောင်း ပြောသည်။

'ကဲဗျာ ... ကျုပ်ကို ဆော့လို့သေတာတဲ့၊ ကောင်းသေးလား၊ ဟောဒါ ဘာပါလိမ့်'

ဟု ရောင်နီသည် တစ္ဆေကြီးခေါင်းမှာ ဆောင်းထားသော တစ္ဆေဦးထုပ်ဆိုတာ သည်ဟာပဲ ထင်သည်။ အဲသည်အရာကို လှမ်းကိုင် လိုက်ရာ ဦးမှတ်ကြီးသည် ဒေါသအကြီးအကျယ် ဖြစ်လေသည်။

'ဟေ့ ခွေးကလေး၊ နင်လား မဆော့တာ၊ နင် ဆော့လို့ သေတာတောင် အငြိမ်မနေသေးဘူး၊ မှင်စာကနေပြီး ဘာဖြစ်သွားချင်သလဲ၊ နင့်မအေဟာ နင့်လိုကောင်ကလေးမျိုး တစ်ယောက်တည်းမွေးတာ ကံကောင်းတယ်'

ဟု တစ္ဆေကြီးက ဆဲသည်။

မှင်စာကလေး ရောင်နီသည် စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်လည်လာလေ၏။ သူသည် အမေ့ကို သတိရလာသည်။ လွမ်းသည်။ ခါတိုင်းဆိုလျှင် အမေ့ရင်ခွင်ထဲ၌ မှီပြီး ဟိုဟာ သည်ဟာတွေ နားမလည်သမျှ စိတ်ထဲမရှင်းသမျှ မေးနေပြီ။ ပြီးတော့ အိပ်မက် ဆန်းကြယ်များကို ခမ်းခမ်းနားနားမက်ပြီး အိပ်မည်။

သင်္ချိုင်းသည် တိတ်ဆိတ်၏။ ဟိုနားမှာ ခွေးဝဲစားတစ်ကောင် ဝပ်နေသည်။ သုဘရာဇာများကိုပင် မတွေ့ရ။ လူဟူ၍ မရှိ။ တစ္ဆေကြီးလည်း ထွက်သွားပြီ။ မှင်စာကလေး ရောင်နီသည် မိမိ၏ မြေပုံပေါ်ထိုင်ကာ 'ငါမဆော့ပါဘူး၊ ဘယ်သူမှလည်း မသိဘူးနော်၊ ငါဘယ်လိုပြောရမလဲ၊ ဘယ်လိုနေမလဲလို့ ငါ နှိုက်ကြည့်တာပါ၊ မြွေက ဒီလောက်မြန်မယ်မထင်လို့ပါ၊ ငါဆော့တာမဟုတ်ပါဘူးကွ၊ သိချင်လို့ စမ်းကြည့်တာပါ'ဟု တစ်ယောက်တည်း ခံငြင်းရင်း ငိုလေ၏။

ကြည်အေး
(ရှုမဝမဂ္ဂဇင်း ၊ ဇူလိုင် ၊ ၁၉၆၂ )

ပင်မစာမျက်နှာသို့ပြန်သွားမည် >>