Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

အနီရောင်နေ့စွဲ
Chapter 1
တာရာမင်းဝေ

ထူးထူးဆန်းဆန်းမက်မိတဲ့ အိပ်မက်ထဲမှာအင်္ဂါ ဂြိုဟ်က ကိုယ့်ကိုနီနီမောင်းမောင်းစူးစိုက် ကြည့်လို့။သူ့အကြည့်တွေနဲ့တင် ကိုယ်ပြာကျသွားမလားမဆိုနိုင်ဘူး။နိုးလာတော့ မနက်ခင်း ကအနီရောင် ..။ပြတင်းပေါက်ကနေ ကန့်လန့်ကာကို စိမ့်ဝင်ဖြတ်သန်းလာတဲ့ နေရောင် ခြည်ကိုကနီရဲတောက်ပလို့။ဘုရားသခင် အနီရောင်ဟာ ဘာကိုများ ကိုယ်စားပြုပါသလဲ။

အိမ်ကနေအထွက်မှာ အိမ်ရှေ့မှာရပ်ထားတဲ့ ကားအနီရောင်ကိုစိတ်ပျက်လက်ပျက် ကြည့် နေမိတယ်။မတတ်နိုင်ပါဘူး။သူက နဂိုတည်းက နီနှင့်ပြီးသားပဲ။ဒိထက်ပိုစိတ်ပျက်စရာ ကောင်းတာက ကားမှန်မှာမြင်နေရတဲ့ ကိုယ့်ရဲ့စပို့ရှပ်နီနီပါပဲ။ကြည့်လေ အယောင်ယောင် အမှားမှားတွေကကို အနီရောင်တောက်နေခဲ့တာ။(ကိုယ်မှ အနီရောင်ဝတ်လေ့မရှိတာ..)

ကျောင်းရောက်တော့ ကင်တင်းက စားပွဲထိုးက ကိုယ့်ကို ထီးအနီကြီးအောက်မှာ နေရာချ ပေးတယ်။ပြီးတော့ ဘာမှမပြောမဆိုနဲ့ ကိုယ့်ရှေ့ကို နီရဲနေအောင်ကြော်ထားတဲ့ငရုတ်သီး ခွက်တစ်ခွက်လာချတယ်။ကိုယ့်ဒေါသက အနီရောင်ပြောင်းသွားပြီ။
“ငါ..အနီရောင်မစားဘူး..”
ကိုယ့်ရဲ့အနီရောင်အသံကို စားပွဲထိုးက အူတူတူနဲ့တုံ့ပြန်တယ်။ကိုယ့်မှာက သူ့ကိုဖြေရှင်း နေဖို့အချိန်မရှိပါဘူး။ထမင်းချိုင့်ထဲမှာ ကိုယ့်ကိုအိမ်က ဆီပြန်ဟင်းနီနီရဲရဲတွေ ထည့်ပေး လိုက်လေမလားတွေးပြီး..ကျောထဲတောင်စိမ့်သွားမိတယ်။

တမင်တကာ ဒီနေ့မှ မှာသောက်မိတဲ့ နွားနို့ကတောင် အနီရောင်စွက်ချင်သလိုလို။ဘေးဝိုင်း မှာထိုင်နေတဲ့ကောင်မလေးကလည်း ကိုင်စရာရှားလို့ လက်ကိုင်ဖုန်းအနီရောင်နဲ့။သူ့လေသံ တွေကလည်း တဝှီးဝှီး တဖျတ်ဖျတ်နဲ့ လေနီကြမ်းဆန်လိုက်တာ။ သူ့နောက်မှာမုန်တိုင်းတစ် ခုပါလာမယ့်လေနီကြမ်းမျိုးပေါ့။ကိုယ် အတန်းထဲပြန်ဝင်နေတာကောင်းမယ်ထင်တယ်။လေနီကြမ်း တွေကို ကိုယ်ကကြားနာနေကျလေ။ကိုယ့်အိမ်မှာကို ချစ်လို့လက်သပ်မွေးထားမိတဲ့ မုန်တိုင်းနီနီတစ်ခု ကံမကောင်းစွာရှိနေခဲ့တာ။
ညက အိပ်မက်အရ အင်္ဂါဂြိုဟ်များ ကမ္ဘာနားကပ်လာသလားမသိပါဘူး။သူက အမြဲတမ်းနီ မောင်းနေခဲ့တယ်ဆိုတာကိုး။အကုသိုလ် ဆိုတာကလည်း လာရင်အဖော်အပေါင်းနဲ့မှဆိုပဲ။ ဘုရားသခင် အကုသိုလ်ဆိုတာကရော အနီရောင်များလား။

ကိုယ်အတန်းထဲဝင်လိုက်တယ်။အလိုလေး…Hall 2 တစ်ခုလုံး ဂျပန်အလံတွေရဲလို့။အဖြူခံ ပေါ်မှာအနီရဲရဲ နေလုံးနဲ့အလံတွေ တစ်ခန်းလုံးပြည့်လို့။ဂျပန်တန်းကလူတွေ ပွဲတော်နီနီ တစ်ခုကျင်းပထားကြပုံရတယ်။Hall 2 ရဲ့မနက်ပိုင်းအချိန်ပိုင်းအတန်းက ဂျပန်တန်းလေ။ ကိုယ်တို့ သရဲနီနီခြောက်တယ်ဆိုတဲ့ 403 ကိုပြန်ပြောင်းကြဖို့ ပါမောက္ခကို အရေးဆိုသင့်ပြီ ထင်တာပဲ။

စိတ်ရှိလက်ရှိအလံတွေကို ဆွဲခွာပစ်လိုက်တာ..ကိုယ့်လက်တွေတောင်နီလာတယ်။ကံကြမ္မာက ဆေးသားသိပ်မကောင်းဘူး။ ကိုယ်က အနီရောင်ကိုမုန်းတယ်။ကိုယ့်ကိုအနီရောင် တွေနဲ့မနှိပ်စက်ကြပါနဲ့တော့။သိပ်ညံ့ဖျင်းလွန်းတဲ့ကံတရားကို ကိုယ်က ဘယ်လိုသင်ကြားပြ သပေးရမှာတဲ့လဲ။ဟော..ဟိုမှာ မိုးသားတိမ်လိပ်တွေ တရွေ့ရွေ့လှိမ့်ဝင်လာနေပြီ။ကောင်းကင်ကြီးက မှောင်မည်းလာရမယ့်အစား နီမောင်းပျိုးလက်လို့။မိုးရွာလာရင်ကောင်းမှာပဲ။ကိုယ့်လက်တွေကို မိုးရေနဲ့ဆေးချင်တယ်။ ဟော..ရွာချလိုက်ပါပြီ။ကိုယ်တံစက်မြိတ်ဆီပြေးသွားလိုက်တယ်။
“ဟင်..ရေတွေက အနီရောင်တွေ..”
ကိုယ်ရေနီစက်တွေကို ဆက်စုပ်ရွံရှာ ခါချလိုက်မိတယ်။တစ်ရှုးစဖြူဖြူလေးနဲ့သုတ်လိုက်တဲ့ အခါ တစ်ရှုးဖြူဖြူလေး သေဆုံး သွားတယ် ။ ဒဏ်ရာနီနီတွေ ဗရပွနဲ့ပေါ့။

မိုးခြိမ်းသံကလည်း အနီရောင်။
လျှပ်စီးကြောင်းတွေက အနီရောင်။
ကောင်းကင်ကလည်း အနီရောင်။ အို..ဘာတွေဖြစ်ကုန်ကြပြီလဲ။

ကိုယ် အတန်းထဲပြန်ဝင်ခဲ့လိုက်တယ်။
ဘုရားရေ..အတန်းထဲမှာလည်း အနီရောင်တွေက စုပံအေးခဲလို့။ အတန်းသိပ်မမှန်တတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတောင် အနီရောင်အကျီ င်္နဲ့။ကြေးမုံမြင့် ကလည်းအနီရောင်။မေသန္တာမြင့် ကလည်းအနီရောင်။အိုး ကိုယ်ကလည်းအနီရောင်။

ဘုရား..ဘုရား..။

ဒီနေ့ဟာ တစ်ခုခုမှားယွင်းခဲ့လို့ ကြက်ခြေခတ်ခံထားရတဲ့နေ့တစ်နေ့များလား။ကိုယ်တစ်ခန်းလုံးကိုလှည့်ပတ် ကြည့်နေမိတယ်။
အတန်းမဝင်တဲ့ ဆရာမဆီသွားမေးပြီး ပြန်လာတဲ့ ကိုကြည်စင်ရဲ့မျက်နှာမှာလည်းအနီရောင်..။ဆရာမ ဒေါသကလည်း အနီရောင်။ဦးတိုင်းကျော်ဝါးနေတဲ့ ကွမ်းသွေးတွေကလည်း အနီရောင်။မိုးကောင်းရဲ့ လွယ်အိတ်ကလည်း အနီရောင်။ သူသူအောင်ရဲ့နှုတ်ခမ်းကလည်း အနီရောင်။Book Review ကိုတည်းဖြတ်ပေးနေတဲ့ ဆရာမရဲ့မျက်လုံးတွေကလည်းအနီ ရောင်။Vocabularies အသစ်တွေကလည်းအနီရောင်။Group Discussion မှာသုံးတဲ့ Usage တွေကလည်းအနီရောင်။ Listening Tape ထဲက ခုန်ပေါက်ထွက်လာတဲ့ အသံတွေ ကလည်းအနီရောင်။

ကိုယ်..မေ့မျောသွားမတတ် တုန်လှုပ်လာတယ်။
ခက်တာက ကိုယ့်ရဲ့တုန်လှုပ်မှုကလည်း အနီရောင်။
မဖြစ်ဘူး။ကိုယ်ပြန်မှပဲ။

ကားပါကင် နေရာကိုအပြေးလာခဲ့လိုက်တယ်။သေတော့မှာပဲ..။များလိုက်တဲ့ကားအနီရောင် တွေ။ကိုယ့်ကားကလည်းအနီ။ သိန်းဝင်းညိုကားကလည်းအနီ။ကြေးကြေးကားကလည်းအနီ ဟေမာန့်ကားကလည်းအနီ။ကားစောင့်နေတဲ့လူတွေကလည်း
နီတီတီနဲ့ကိုယ့်ကိုကြည့်လို့။သေချာပါတယ်။အင်္ဂါဂြိုဟ်ဟာ ကိုယ့်ဆီတန်းတန်းမတ်မတ်ပျံသန်းလာနေခဲ့ပါပြီ။တစ်နေ့လုံး ခပ်ညံ့ညံ့ ကလေးတစ်ယောက်ရဲ့ လေ့ကျင့်ခန်းစာအုပ်လို အနီရောင် ကြက်ခြေခတ်တွေက ရဲပတောင်းခတ်လို့။ဆေးရောင်မစုံတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဒေါသတွေ စွန်းပေနေတဲ့ ပန်းချီကားတစ်ချပ်ဟာ ကိုယ့်ဘဝထဲလာပြီး နီမောင်းနေလိုက်တာ..။
နေဝင်တော့မယ်။ဝင်ခါနီးထိတောင် အစွမ်းကုန်နီရဲတောက်ပနေတဲ့ နေလုံးကြီးကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးရဲရဲတွေနဲ့ ကိုယ်ကြည့်လိုက်မိသလားမသိဘူး။နေက ဝင်သွားခဲ့ပြီးတာတောင် အနီ ရောင်တွေက စွန်းပေကျန်ခဲ့တုန်း။

ကိုယ်..အိမ်ပြန်ပါရစေ။အဖြူရောင်တွေပဲရှိတဲ့ မေမေ့အိမ်ကိုပေါ့။

ကိုယ့်အိမ်ကိုပြန်ပို့ပေးမယ့် မြေနီလမ်းကလေးရေ..တစ်နေ့တစ်လေပဲဖြစ်ဖြစ် ဒီတစ်နေ့ တော့ ကိုယ့်အတွက် အရောင်ပြောင်း ပေးစမ်းပါ။ကိုယ် အိမ်ပြန်ချင်လှပြီ။ နီကျင်ကျင်မီးရောင်တချို့ လမ်းမပေါ်ဖြာကျနေတယ်။ အနီရင့်ရင့်ညဟာကိုယ့်အတွက်တော့ သေစေနိုင်တဲ့ အဆိပ်တစ်မျိုးပါပဲ။အဲဒီအတွက် ဖြေဆေးကို ဒီနေ့မတိုင်ခင်ကိုယ်ရနိုင်ပါ့ မလား။အဲဒီဖြေဆေးကရော အနီရောင် ဆေးလုံးတွေဖြစ်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ ဘူး။ အနာဂတ်နီနီတွေကို ကိုယ်အလိုမရှိဘူး။ကျန်းမာခြင်းနီနီတွေကို မုန်းတယ်။ပစ္စုပ္ပန်နီနီတွေ ကနေ ကိုယ့်ကို ဘယ်သူကများကယ်တင်ပေးမှာလဲ။

ကျေးဇူးပြု၍ အနီရောင်လက်များ ဝေးဝေးနေပေးကြပါ။ ဒေါသကြောင့် နီမောင်းနေမယ့် ကိုယ့်မျက်လုံးတွေကို ရာသက်ပန် အနားပေးချင်လှပြီ။ကိုယ့် မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်။ကံကြမ္မာက အသားမသေလိုက်ပုံများ..ဟိုးဝေးဝေး ကနေကိုယ့်ဆီလာနေတဲ့ အိပ်မက်တွေကတောင် အနီရောင်လက်ဝေလို့။

ကိုယ်..အရှုံးပေးလိုက်ရတော့မှာလား လေနီကြမ်းရေ။

မနော်ဟရီ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။