Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ဂျော်နီဆိုတဲ့ ကောင်
Chapter 1
မိုးသက်ဟန်

ဂျော်နီဆိုတဲ့ကောင်ဟာ ကမ္ဘာကြီးထဲ မြင်းစီးပြီး ထွက်လို့လာတယ်။ မြင်းတစ်ကောင်ရဲ့ ကျောပေါ်ကနေ မြင်နေရတဲ့ မြင်ကွင်းတွေက ဂျော်နီအတွက်တော့ အထူးအဆန်းတွေချည်းပဲ။ ဂျော်နီဟာ ကမ္ဘာကြီးရဲ့ လေထုကိုရှူရှိုက်ပြီး လိုအပ်တဲ့အခါ မြေကြီးပေါ်မှာ မစင်စွန့်တယ်။ ဂျော်နီဟာ သူ မသိသေးတဲ့ ကမ္ဘာကြီးကို ပိုပိုသိရဖို့ အတွက် တစ်ခါတလေမြင်းကို အသော့နှင်တယ်။ တစ်ခါတလေ ခပ်နှေးနှေးစီး တယ်။ စိမ်းလန်းတဲ့ တောင်မတ်မတ်တွေ၊ လွင်ပြင်ကျယ်ကျယ်တွေ၊ မက်ထရိုပိုလီ တန်မြို့ကြီးတွေ၊ ဖုန်းဆိုးမြေတွေ၊ ဂျော်နီဟာ ခရီးဆက်နေတယ်။ ဂျော်နီနဲ့ မြင်းတစ်ကောင်ဟာ အမြဲတမ်း ရွေ့လျားနေတယ်။ ဂျော်နီဟာ သူ မသိသေးတဲ့ ကမ္ဘာကြီးနဲ့ သူ မသိသေးတဲ့ သူ့ကိုယ်သူသိဖို့ ခရီးဆက်နေတယ်။ ဒါပေမဲ့ မသေချာဘူး။ သူ ဘာကိုရှာဖွေနေသလဲဆိုတာ သူ မသိဘူး။ ဂျော်နီဟာ မြင်းတစ်ကောင်နဲ့ ခရီးထွက်နေတယ်။ေ၈ျာ်နီဟာ ဘာကိုရှာဖွေမှန်းမသိဘဲ ခရီးဆက်နေတယ်။ ဂျော်နီဟာ ဂျော်နီ့ကို တွေ့မှာလား။ ဘာမှန်းမသိတဲ့ ကမ္ဘာကြီးကိုတွေ့ရှိမှာလား။ သေချာတာက ဂျော်နီခရီးထွက်နေတယ်။ ဂျော်နီဟာ လမ်းခုလတ်မှာ၊ ဒဏ်ရာတွေပြည့်နေတဲ့ ကမ္ဘာကြီးရဲ့ ကျောကုန်းပေါ်မှာ၊ ကိုယ့်အနာကိုယ်ပြန်လျက်နေတဲ့ သမိုင်းရဲ့ ကုပ်ပိုးပေါ်မှာ၊ လူထူတဲ့ လွင်တီးခေါင်တစ်ခုမှာ။ဂျော်နီဟာ ဂျော်နီ့ကို . . .။ သစ်ခြောက်ပင်တွေ သီးပွင့်နေတဲ့ တောအုပ်ကြီးတစ်ခုရဲ့ အလယ်ကောင်မှာ ဂျော်နီရဲ့ တယ်လီဖုန်းဟာ ထမြည်လာတယ်။ သူ့မြင်းက စမ်းချောင်းအစပ်မှာ ရေသောက်နေတယ်။ ဂျော်နီကတော့ သစ်ပင်တစ်ပင်ကို ကျောမှီရင်း ငိုက်မျဉ်း နေချိန်မှာပေါ့။ “မင်္ဂလာပါ . . . ဂျော်နီ။ ကျွန်တော်ကကမ္ဘာကြီးပါ” ကမ္ဘာကြီးဟာ ကမ္ဘာကြီးလိုမနေဘဲ တယ်လီဖုန်းဆက်လာတော့ ဂျော်နီ အံ့အားသင့်သွားရတယ်။ ကမ္ဘာကြီးက သူနဲ့ စကားပြောချင်တယ်ပေါ့။ ဂျော်နီ့အနေနဲ့ ဘာပဲဖြစ်ဖြစ် စကား ပြန်ပြောရတော့မှာပေါ့။“မင်္ဂလာပါ၊ တွေ့ရတာ ၀မ်းသာပါတယ်။ ဘာကိစ္စများရှိလို့ပါလဲ။ ကျွန်တော် ဘာကူညီပေးရမလဲ”ဂျော်နီရဲ့ အသံမဆုံးခင်မှာ တယ်လီဖုန်းလိုင်း ကျသွားတယ်။ ဂျော်နီ ဘာမှ မတတ်နိုင်ဘူး။ သူ ဘာများတတ်နိုင်ဦးမှာလဲ။ဂျော်နီဟာ ကမ္ဘာကြီးဆီ ဖုန်းပြန်ခေါ်ချင်ပေမယ့် တယ်လီဖုန်းနံပါတ်က မပေါ်လေတော့ ဘာမှမတတ်နိုင်ဘူး။ ခုနကလိုပဲ ပြန်ငိုက်မျဉ်းနေလိုက်တယ်။ဂျော်နီ ငိုက်မျဉ်းနေတယ်။ ဂျော်နီငိုက်မျဉ်းနေတာ အပြစ်တစ်စုံ တစ်ရာရှိလား။ ဂျော်နီ မသိဘူး။ ဂျော်နီ ငိုက်မျဉ်းပစ်လိုက်တယ်။ ကမ္ဘာကြီးဟာ သူ့ဆီကို တစ်နေ့မှာ ဖုန်းထပ်ဆက်ဦးမှာပါလေ။ ကမ္ဘာကြီးက လိုအပ်ရင်တော့ ဂျော်နီ ကူညီပေးမှာပေါ့။ခုတော့ ဂျော်နီ ငိုက်မျဉ်းနေတယ်။ဂျော်နီ ငိုက်မျဉ်းနေတယ်။ ဂျော်နီဟာ မက်ထရိုပိုလီတန်မြို့ကြီးတစ်မြို့မှာ မြင်းကြီးတကားကားနဲ့ လျှောက်သွား နေတယ်။ ဂျော်နီအတွက်တော့ အရာရာဟာ အထူးအဆန်းတွေချည်းပဲ။ တွေ့သမျှ မြင်သမျှ အားလုံးအတွက် ဂျော်နီဟာ မျက်စိသူငယ်၊ နားသူငယ် ဖြစ်နေရတယ်။ ဒါပေမဲ့ ဂျော်နီဆိုတဲ့ကောင်က မခေဘူး။ အားလုံး အေးဆေးဖြစ်အောင် လုပ်နိုင်တယ်။မြို့ထဲမှာ မြင်းကြီးတကားကားနဲ့ လျှောက်သွားနေတဲ့ ဂျော်နီကို လူတွေက အရူးလို ၀ိုင်းကြည့်ကြတယ်။ ဒီလောက် ကားတွေရှုပ်တဲ့ လမ်းပေါ်မှာ ဂျော်နီဆိုတဲ့ ကောင်က မြင်းခွာသံတခွပ်ခွပ်နဲ့ လျှောက်သွားရဲတယ်။ သူက မခေဘူးဆိုတော့ မီးပွိုင့်နီရင် မြင်းကိုရပ်တယ်။ မီးစိမ်းတော့မှ သူ့မြင်းကြီးကို ဆက်သွားခိုင်းတယ်။ကားပေါ်လူတွေ၊ လမ်းသွားလမ်းလာတွေ အားလုံးက ဂျော်နီကို ရာစုနှစ် တစ်ခုလောက် နောက်ကျပြီးမှ မြို့ပေါ်တက်လာတဲ့ လူတစ်ယောက်လို ၀ိုင်းကြည့် ကြတယ်။ ဂျော်နီ မမှုပါဘူး။ အေးဆေးပဲလေ။ ဂျော်နီဆိုတဲ့ကောင်က ဇာတ်လိုက် မဟုတ်လား။မြို့ကြီး ဘယ်လောက်ပဲကြီးကြီး၊ ဘယ်သူတွေ ဘာကြီးပဲဖြစ်ဖြစ် ဂျော်နီဆိုတဲ့ကောင်က ဂရုမစိုက်ဘူး။ ဂျော်နီဆိုတာ ဂျော်နီပဲလေ။မိုးလောက်မြင့်တဲ့ အဆောက်အအုံကြီးရှေ့မှာ ဂျော်နီက သူ့မြင်းကို ကြိုးချည်ထားလိုက်တယ်။ ပြီးတော့ ဓာတ်လှေကားတွေစီးပြီး တစ်ထပ်ပြီးတစ်ထပ် လျှောက်ကြည့်နေလိုက်သေးတယ်။ ဂျော်နီဆိုတဲ့ကောင်က ဘာပဲဖြစ်ဖြစ် အေးဆေးပဲလေ။ ဒီတော့ သူ့ကိုလူတွေက ဂြိုဟ်သားတစ်ယောက်လို ကြည့်နေကြတာကို လည်း သူက အေးဆေးပဲ။ မက်ထရိုပိုလီတန် မြို့ကြီးဟာ မက်ထရိုပိုလီတန်မြို့ကြီးလို ရပ်တည် နေသလို၊ ဂျော်နီဆိုတဲ့ကောင်ကလည်း ဂျော်နီဆိုတဲ့ကောင်လို့ပဲပေါ့။အားလုံး အေးဆေးပဲ။ေ၈ျာ်နီဟာ လေချွန်ရင်း၊ မြင်းစီးရင်း၊ နားဝေတိမ် တောင်ဖြစ်ရင်း၊ ဘာမှမသိရင်း အေးအေးဆေးဆေးပဲ လျှောက်သွားနေ တယ်။ ဂျော်နီဆိုတဲ့ကောင်လေ။ သိတယ်မဟုတ်လား။ ဂျော်နီဆိုတဲ့ကောင်ဟာ အိမ်စာ ပုံမှန်မလုပ်တဲ့ ကျောင်းသားငပျင်းလေး တစ်ယောက်လည်း ဖြစ်တယ်။ ဂျော်နီဟာ ကျောင်းစာ မတော်ဘူး။ ဒါပေမဲ့ ဂျော်နီဆိုတဲ့ကောင်က အေးဆေးဖြစ်အောင်တော့ လုပ် တတ်တယ်။ အချိန်တန်ရင် စာမေးပွဲအောင်အောင် ဖြေတတ်တယ်။ ဘာပဲပြောပြော ဂျော်နီဆိုတဲ့ကောင်က စာညံ့တဲ့ကောင်ပဲ။ ဂျော်နီရဲ့အဖေဟာ အလုပ်ကနေ အိမ်ကိုပြန်ရောက်တော့ သူ့သားရဲ့ ရီပို့ ကတ်စာလတ်ခံပုံးထဲရောက်နေတာ တွေ့လိုက်ရတယ်။ သူ့သားဟာ စာသင်ခန်းမှာ အညံ့ဆုံး ကျောင်းသားစာရင်းဝင်နေတာ တွေ့တော့ ရှက်မိတယ်။ ဒေါသထွက်မိတယ်။ ရီပို့ကတ်ကို ကြည့်နေရင်းနဲ့ သူ့သား ဂျော်နီဆိုတဲ့ကောင်ကို ခေါ်လိုက်တယ်။ “ဂျော်နီ” ဂျော်နီရဲ့အဖေဟာ ဂျော်နီဆိုတဲ့ကောင်ကို လှမ်းခေါ်လိုက် တယ်။ ဒါပေမဲ့ ဂျော်နီဆိုတဲ့ကောင်ဆီက ဘာသံမှပြန်မကြားရဘူး။ တယ်လီဖုန်းလိုင်း မမိသလို၊ အင်တာနက်ကော်နက်ရှင် မမိသလို ဂျော်နီဆိုတဲ့သူ့သားကို ဆက်သွယ်လို့မရဘူး။ဂျော်နီဟာ အဖေပြန်မလာခင် တစ်နေရာရာမှာ စတေးသွားရှောင်နေပြီပေါ့။ ဂျော်နီ့ အဖေဟာ ဒေါသတွေနဲ့အတူ ၀ီစကီမော့သောက်ရင်း၊ တယ်လီဗေး ရှင်းကြည့်ရင်းနဲ့ ညတစ်ညကို ဖြတ်သန်းလိုက်တယ်။ ဂျော်နီရဲ့ အမေဟာ ဈေးခြင်းတောင်းထဲ ပြည့်လျှံမို့မောက်အောင် ဟိုဟိုသည်သည်တွေ ၀ယ်ပြီး အိမ်ပြန်တယ်။ ဂျော်နီဆိုတဲ့ ကောင်အတွက် လည်း ကိုကာကိုလာ ပုလင်းကြီးတစ်လုံး ၀ယ်လာတယ်။ ဂျော်နီက ကိုကာကိုလာ အရမ်း ကြိုက်တယ်လေ။ဂျော်နီရဲ့ အဖေဟာ ရေဒီယိုအဟောင်းကြီးကို ကြိုးစားပမ်းစား ပြင်လို့ နေတယ်။ဂျော်နီနဲ့ သူ့အဖေဟာ မကြာသေးခင်ကမှ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ထား တဲ့နိုင်ငံနှစ်နိုင်ငံလို အဆင်ပြေနေတယ်။ “အဖေရာ . . .အဖေ့ရေဒီယို အဟောင်းကြီးကို ပြင်မနေစမ်းပါနဲ့။ ရေဒီယိုကောင်း သွားလို့လည်း အဖေကြားချင်တဲ့ သတင်းတွေကြားရမှာမှ မဟုတ်တာ” ဂျော်နီဆိုတဲ့ကောင် ပြောလိုက်တဲ့စကားက သူ့အဖေရဲ့ ရင်ဘတ်ကြီးကို တည့်တည့်ထိမှန်သွားတယ်။ ဂျော်နီရဲ့အဖေဟာ သူသားရဲ့ခေါင်းကို ပွတ်ပြီး ရေဒီယိုပြင်နေတာကို ရပ်လိုက်တယ်။နောက်တော့ ၀ီစကီတစ်ခွက်သွားယူပြီး တယ်လီဗွီးရှင်းရှေ့ကို ရောက်လို့ သွားတယ်။ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။ “ဂျော်နီ . . .မင်းက ဖအေတူသားပဲ” တဲ့။ ဂျော်နီဟာ ကျောင်းသားလေးတစ်ယောက် ဖြစ်တယ်။ ဂျော်နီဟာ ငဘလို လူကြီးတစ်ယောက် ဖြစ်တယ်။ ဂျော်နီဟာ ကျောင်းသားလေးတစ်ယောက် ဖြစ်တယ်။ ဟစ်ဟော့တွေရွတ်ရင် ရွတ်နေတတ်သလို မက်တယ်သီချင်းတွေကို လျှောက်အော်ရင် အော်နေတတ်တယ်။ အဲဒီလို အော်နေရင်းက တိမ်လွှာမို့မို့လွင်ကို ပြောင်းဆိုရင် ဆိုတယ်။ ဘီတဲလ်သီချင်းတွေ ဆိုရင်ဆိုတယ်။ ဂျော်နီဆိုတဲ့ကောင်က လုပ်ချင်ရာ လျှောက်လုပ်နေတတ်တဲ့ ကောင်စားမျိုးပဲ။ဂျော်နီဆိုတဲ့ကောင်ဟာ သူ့မြင်းသူစိုင်းပြီး စစ်ကိုင်းကိုလည်း ရောက်ဖူးပြီး သွားသလို၊ မြောင်းမြ၊ မြောင်းတကာ၊ ကျောက်မြောင်းစတဲ့ မြောင်းတွေကိုလည်း ရောက်ဖူးပြီးသွားပြီ။ ဂျော်နီဟာ မြောင်းတွေကို တော်တော်နှံ့စပ်နေပြီ။ ဒါ့အပြင် ဂျော်နီဟာ ပုလဲမြို့သစ်ကိုလည်း ရောက်ဖူးတယ်။ တောင်ဒဂုံကိုလည်း ရောက်ဖူး သေးတယ်။ ဂျော်နီဟာ နေရာတော်တော်များများ ရောက်ဖူးပေမယ့် နေရာသစ်တွေကို ထပ်ထပ် ရောက်ဖူးချင်နေတယ်။ ဒါကြောင့် ဂျော်နီ ခရီးထွက်နေတယ်။မြင်းတစ်ကောင်ရဲ့ ကျောပေါ်မှာထိုင်ပြီး ဂျော်နီ ခရီးထွက်နေတယ်။ဂျော်နီ ခရီးထွက်နေတယ်။ “ဂျော်နီ . . .မင်းဟာ ဘယ်သူလဲ” “ဂျော်နီဟာ ဂျော်နီပဲပေါ့။ ဂျော်နီအတွက် ဂျော်နီဖြစ်ခြင်းမှာ သက်သေ ပြစရာ လိုသေးလို့လား”ေ၈ျာ်နီဟာ မြင်းကုန်းနှီးပေါ် ရွက်လွှင့်နေတယ်ပဲ ဆိုပါတော့။ ဂျော်နီဆိုတဲ့ ကောင်ဟာ ဂျစ်ပစီလိုပဲ သွားချင်ရာသွားနေတယ်လို့လည်း ပြောလို့ရတယ်။ ဂျော်နီမှာ ပုံမှန်အိပ်စက်စရာ နေရာမရှိဘူး။ ကုန်းတံတားအောက်မှာ အိပ်ရင်အိပ်တယ်။ ဘူတာရုံတွေမှာ အိပ်ရင် အိပ်တယ်။ ဂျော်နီအတွက် ဘာမှမသေချာဘူး။မီးများနဲ့ ကင်းဝေးရာငါ မီးထွန်းပြီးလိုက်ရှာ။ ထူးအိမ်သင် ဂျော်နီဆိုတဲ့ကောင်က အေးဆေးပဲဆိုတဲ့ စကားကို အရမ်းပြောချင်နေတဲ့ ကောင်ပေါ့။ ဘာပဲဖြစ်ဖြစ် သူက အေးဆေးပဲလို့ ပြောလိုက်ရမှ ကျေနပ်တဲ့ ကောင်စားမျိုးပေါ့။ ဂျော်နီဆိုတဲ့ကောင်ဟာ ကမ္ဘာကြီးရဲ့ အလယ်တည့်တည့်ကိုရောက်လို့ နေတယ်။ ဒါပေမဲ့ ဂျော်နီဟာ မြင်းကြီး တကားကားနဲ့ဆိုတော့ ဘယ်နေရာရောက် ရောက် အဆင်မပြေလှပါဘူး။ ဂျော်နီဟာ ဂျော်နီပဲဆိုတော့ အဆင်မပြေမှုတွေကလည်း အဆင်မပြေမှုတွေဘဲလို့ပြောပြီး လက်ခမောင်းတွေခတ်နေတယ်။ဂျော်နီဆိုတဲ့ကောင်ဟာ သနားစဖွယ်။ ဂျော်နီဆိုတဲ့ကောင်ဟာ အူကြောင်ကျား။ ဂျော်နီဆိုတဲ့ကောင်ဟာ နလပိန်းတုံး။ဂျော်နီဟာ သူ့မြင်းကြီးနဲ့အတူ မြေအောက်ရထားပေါ် တက်တယ်။ ဂျော်နီဟာ သူ့မြင်းကြီးနဲ့အတူ ဓာတ်ရထားပေါ် တက်တယ်။ ဂျော်နီဟာ ဂြိုဟ် သားတစ်ယောက်ပေါ့။ ဂျော်နီဟာ တာဇံလိုကောင်ပေါ့။ သတင်းစာကြီးတွေမှာ ဂျော်နီ့အကြောင်း ပါလာတယ်။ဂျော်နီက အေးဆေးပဲလို့ ပြောတယ်တဲ့။ သတင်းထောက်တွေက ဂျော်နီကို မေးကြတယ်။ “ဂျော်နီ . . .ခင်ဗျား ဘယ်နေရာက လာတာလဲ” “ဂျော်နီဟာ ကမ္ဘာကြီးထဲကလာပြီး၊ေ၈ျာ်နီဟာ ကမ္ဘာကြီးထဲလျှောက်သွား နေတယ်။ ဂျော်နီဟာ . . .ဂျော်နီပဲလေ” ဟုတ်ပါတယ်။ ဂျော်နီဟာ . . .ဂျော်နီပဲပေါ့။ ဂျော်နီ့အဖေက ဂျော်နီကို ပုတ္တောဝါဒစကားတွေ ဆိုလို့နေတယ်။ “သား . . .ဂျော်နီ . . .ဘာမှစိတ်မပူပါနဲ့ကွာ။ အားလုံးအဆင်ပြေသွားမှာပါ။ အေးအေးဆေးဆေးပဲ နေစမ်းပါ” တဲ့။ ဂျော်နီဟာ ငဏသိ က သီချင်းတွေနားထောင်နေတော့ ဘာသံမှမကြား ရဘူး။ သူ့အဖေရဲ့စကားတွေ တစ်လုံးမှ မကြားလိုက်ရဘူး။ “ဘာပြောလိုက်တယ် . . .ပြန်ပြောစမ်းပါဦး” ဂျော်နီက ဂျစ်တီးဂျစ်ကန်ဆန်ဆန် ပြန်ပြောလိုက်တယ်။ဂျော်နီရဲ့အဖေဟာ ဒေါသတွေ ဆူဝေလို့သွားတယ်။ “ခွေးမသား . . .ငါ့စကားကို အဖက်မလုပ်ဘူးဟုတ်လား။ ထွက်သွားစမ်းကွာ” ဂျော်နီ့အဖေက ဂျော်နီ့ကို ဆောင့်ကန်ထုတ်လိုက်တယ်။ဂျော်နီဆိုတဲ့ကောင်က အေးဆေးပဲလေ။ တကယ့်ကို အေးဆေးပဲ။ သူ့အဖေကလည်း ၀ီစကီတွေ မူးနေလောက်ပြီ။ ဂျော်နီ လုံးဝဂရုမစိုက်ဘူး။ အေးဆေးပဲ။ဂျော်နီဟာ မြင်းတစ်စီးနဲ့ ကမ္ဘာကြီးထဲ ထွက်လို့လာတယ်။ဂျော်နီ ဘာကိုရှာဖွေနေသလဲဆိုတာ ဘယ်သူမှမသိဘူး။ဂျော်နီကိုယ်တိုင်လည်း မသိဘူး။ဂျော်နီဆိုတဲ့ကောင်ကတော့ အေးဆေးပါပဲ။ အေးဆေးပါပဲလို့ပြောပြီး ဂျော်နီဆိုတဲ့ကောင်ဟာ ခရီးဆက်လို့သွားတယ်။မြင်းခွာသံနောက်မှာ ဖုန်တွေ တထောင်းထောင်းနဲ့ပေါ့။

မိုးသက်ဟန်

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။