contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

သုံးမျက်နှာ
Chapter 1
အရိုး

ဒိုင်ခွက်တွင် လက်တံအတိုတစ်ခု အရှည်တစ်ခုပါသော နာရီတစ်လုံးကို မည်သူမဆို မကြာခဏတော့ ကြည့်လေ့ရှိကြလေ သည်။ ထို့ပြင် စက္ကန့်တံကလေးပါ ပါသောနာရီမျိုးဆိုပါက ၀ါသနာပါသူ အကျင့်ပါနေတက်သူမျိုးဆိုလျှင် စက္ကန့်တံလေးသွားနေသည် ကိုပါ ခဏတော့ ကြည့်မိတက်ကြလေ့ရှိ၏။ သို့သော် အများစုသောလူများကား နာရီမျက်ခွက်နှင့် ကိုယ့်မျက်ခွက် တစ်နေ့တစ်နေ့ မကြာခဏ ဆုံမိတက်ကြစေကာမူ တစ်ခါဆုံလျှင် ခဏသာဆုံမိတက်ကြပါ၏။ အကြောင်းမှာ နာရီကြည့်သည်ဆိုသော ကိစ္စကားလူတိုင်း အတွက် လွန်စွာ မထူးဆန်းလှသော ကိစ္စဖြစ်၍နေသောကြောင့် ဖြစ်၏။ ဘယ်နှစ်နာရီရှိပြီမှန်း သိရလျှင် ဆက်ကြည့်ရန် မလိုတော့။ ကိုယ်လုပ်လက်စ ကိုယ် ဆက်လုပ်ရန်သာ ရှိသည်။ နာရီမျက်ခွက်နှင့် ကိုယ့်မျက်ခွက် ပတ်သက်သမျှသည် ဤမျှလောက်သာရှိသည်။ ဤသည်မှာ နာရီနှင့်လူ ပတ်သက်ခြင်းကိစ္စ၌ သာမန်လူအများစု နာရီအပေါ် သဘောထားကြပုံဖြစ်၏။ သို့သော် ကိုလက်ပိကျ ထိုသို့ မဟုတ်။ ကိုလက်ပိ နာရီအပေါ် သဘောထားပုံကား တစ်မျိုး ဖြစ်လေသည်။

ကိုလက်ပိအား ရူးနေပါသည်ဟုလည်း ပြော၍မရပြန်။ အကြောင်းမှာ တခြားနာရီတွေအပေါ် သူ သဘောထားပုံက တခြားလူ တွေလိုသာ ဖြစ်သောကြောင့် ဖြစ်၏။ အရင်က အမှန်ဆိုရလျှင် လောကကြီးထဲ၌ နာရီဆိုသော ကိစ္စကို ကိုလက်ပိ သိပ်တောင်စိတ်ဝင်စား ခဲ့သည်မဟုတ်။ ယခုမှ တစ်မျိုးလာဖြစ်နေခြင်းဖြစ်၏။ တစ်နေ့ တစ်နေ့ နာရီကို စိတ်ဝင်စားနေလိုက်ပုံများ နာရီသာ သက်ရှိဆိုလျှင် ကိုလက်ပိ စိတ်ဝင်စားနေလှပုံကြောင့် ရှိုးတိုးရှိန့်တန့်ပင် ခံစားရနိုင်၏။ အကြောင်းရင်ခံ အစကား ဤသို့ ဖြစ်လေသည်။

ကိုလက်ပိသည် အင်ဂျင်နီယာ။ လွတ်လပ်စွာနေသူဖြစ်၏။ အိမ်ထောင်မရှိ။ သူ့ဘ၀တွင် စက်ကိရိယာအကြောင်းများသာ ရှိသည်။ သူက အကြီးစား စက်ကိယာပစ္စည်းများကို သိပ်စိတ်မ၀င်စား။ သေးသေးကွေးကွေး ကတ်တီးကတ်ဖဲ့ စက်ကိရိယာလေးများကို ပိုစိတ်ဝင်စား၏။ သူ့အလုပ်ကလည်း အသေးစား အလတ်စား စက်ကိရိယာများ ပြုပြင် ပြင်ဆင်ရာ၌ ကျွမ်းကျင်သူ စပယ်ရှယ်လစ်စ် အ ဖြစ် လုပ်စားနေခြင်းဖြစ်၏။ နာရီတစ်လုံး စက်ဆိုသည်လောက်ကတော့ သူ့အတွက် ကလေးကလား သာသာလောက်သာ။ သိပ်အမှု ထားလှသည်မဟုတ်။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၏ နာရီတွေပျက်လို့လာ လာပြင်ခိုင်းလျှင် ကိုယ်အားနေပါက တက်နိုင် လျှင် ပြင်ပေးလိုက်တာလောက်သာ စိတ်ရှိသူဖြစ်၏။ နာရီတွေမှာ တပ်ထားသော စက်တွေ အလုပ်လုပ်ပုံလောက်က ကိုလက်ပိအတွက် အရေးအရာယူလောက်သည် မဟုတ်ခဲ့။ တစ်နေ့တော့ဖြင့် ကိုလက်ပိတစ်ယောက် ဘ၀ပြောင်းရန် ဖန်လာလေသည်။ တစ်သက်လုံး အ ရေးမစိုက်လှခဲ့သော နာရီဟူသည့် ကိစ္စ ကိုလက်ပိဘ၀ထဲ ၀င်၍ လာလေ၏။

တစ်နေ့လုပ်ရိုးလုပ်စဉ်အတိုင်း ကိုလက်ပိ မြို့ထဲ လမ်းလျှောက်ထွက်၏။ တစ်မြို့လုံး သွားနေလာနေကျဖြစ်၍ ဘာမှ အထွေ အထူးမတွေ့။ သူကလည်း အထွေအထူး တွေ့လိုတွေ့ငြားဟု မျှော်လင့်ချက်ထားသည်မဟုတ်။ အလုပ်ထဲမှာ အိမ်ထဲမှာ စက်ကိရိယာ ကလေးတွေနဲ့ချဉ်း တကုတ်ကုတ်နေနေလျှင် ကြာသော်ချည့်နဲ့သွားမည်စိုး၍ လမ်းလျှောက်ထွက်လာခြင်း ဖြစ်၏။ လမ်းထောင့်တစ်ကွေ့ ရောက်သည်ရှိသော် သိဟောင်းကျွန်းဟောင်းတစ်ယောက်နှင့်တွေ့၏။ ကျူရီယိုဆိုင်ခေါ် ရှေးအဟောင်းအနွမ်းပစ္စည်းများ ရောင်းချသော ဆိုင်ကြီး တစ်ဆိုင်ပိုင်ရှင် ဂျူးအဘိုးကြီးမှ သူ့ဆိုင်ရှေ့ထွက်၍ ကိုလက်ပိအား နှုတ်ဆက်ခြင်း ဖြစ်၏။ ကိုလက်ပိမှာ ထိုဂျူးအဘိုးကြီးနှင့် လွန်စွာ ရင်းနှီး၏။ ထိုသို့ဖြင့် ကိုလက်ပိမှာ အဘိုးကြီး ဖိတ်ခေါ်ချက်အရ ကျူရီယိုဆိုင်ထဲဝင်ကာ ထိုင်ကာနှင့် စကားစမြည် ပြောလေ သည်။ အဘိုးကြီးမှာ အကြောင်းမဲ့ ကိုလက်ပိအား ဖိတ်မန္တကပြုသည်မဟုတ်။ အကြောင်းရှိ၍ ဖြစ်၏။ သူ့ဆိုင်တွင် ယမန်နေ့ညနေက ဤမြို့တွင် တစ်ခါမှ မမြင်ဖူးသော စုတ်တီးစုတ်ပြတ်လူတစ်ယောက်ပေးချင်သလောက်ပေးပါတော့ အဘရယ်ဆိုပြီး လာရောင်းသွား သဖြင့်ငွေနှစ်ဆယ်နှင့် အဘိုးကြီးဝယ်ထားလိုက်သော ရပ်နေသော နာရီကြီးတစ်လုံးကို ခေါ်ပြခြင်းဖြစ်၏။ နာရီကြီးဟု ဆိုရခြင်းမှာ ကြမ်း ပေါ်ထောင်လျက်သားချထားသော အနှီနာရီကြီးအား ငါးပေကိုးလက်မသာသာ အရပ်အမြင့်ရှိသော ကိုလက်ပိဘေးချင်းယှဉ်မက်တတ် ရပ်၍ တိုင်းကြည့်လျှင် ကိုလက်ပိခါးစောင်းသာသာ အရွယ်အစားရှိသဖြင့် ဆိုရခြင်းဖြစ်၏။ ဂျူးအဘိုးကြီးမှာ ကိုလက်ပိ အင်ဂျင်နီယာ စပါယ်ရှယ်လစ်စ်မှန်လည်း သိ၏။ ထို့ပြင် ကိုလက်ပိအား တူလိုသားလိုသာမက “သား”လို “တူ”လိုလည်း ချစ်ခင်လှ၏။ ထို့ကြောင့် သူနှစ်ဆယ်နှင့်ဝယ်ထားသော နာရီကြီးကို ခေါ်ပြခြင်းဖြစ်၏။ ကိုလက်ပိ မြင်ရုံနှင့်အတော် စိတ်ဝင်စားနေပြီဖြစ်သော ဤနာရီကြီးအာ ပြင်၍ရ လျှင်လည်း ပြင်ဆင်ကာ အိမ်တစ်လုံးတွင်သုံးပေရော့ဟု အလကားပေးလိုက်လေတော့၏။ သူ့ဆီမှာ ဒီအပျက်ကြီးအတိုင်း ထားသည် ထက်စာလျှင် ကိုလက်ပိ ပြင်၍ ကောင်းသွားသည်ရှိသော် ပို၍အသုံးကျအံ့ဟု ထင်ပုံလည်းရ၏။ ကိုလက်ပိမှာလည်း ၀မ်းသာအားရ နာရီ ကြီးအား မနိုင့်တနိုင်မကာ အိမ်ပြန်လေ၏။

ဤနေရာတွင် အင်ဂျင်နီယာ ကိုလက်ပိ နာရီတွေဆိုလျှင် သာမန်ကာလျှံကာ သဘောထားခဲ့ပါလျှက်နှင့် ဤနာရီကြီးကျမှ ဘာကြောင့် စိတ်ဝင်စားရသည်ကို ဖော်ပြရန်လိုပေမည် ဖြစ်သည်။

ကိုလက်ပိ ဂျူးအဘိုးကြီးထံမှ မ လာသော နာရီကြီးကား သာမာန်နာရီများနှင့်မတူ။

ဘယ်ခေတ် ဘယ်ကာလက ဘယ်သူက ဘယ်လိုစိတ်ကူးနှင့် လုပ်သွားခဲ့သည်မသိ။ နာရီကြီးမှာ မျက်နှာသုံးဖက်နှင့် ဖြစ်နေ၏။ သူ့ပုံစံမှာ အတော်ရှင်းပြမှ ရုပ်လုံးပေါ်မည် ဖြစ်တော့၏။

နာရီအိမ်ကြီးတစ်ခုလုံးကိုတော့ ၀က်သစ်ချသားနှင့် လုပ်ထား၏။ သို့သော် သုံးမြှောင့်ပုံစံ စပ်ထား၏။ အတွင်းဖွဲ့စည်းပုံခဏ ထား။ ရုတ်တရက်အပြင်က မြင်ရသည်ရှိသော် လူတစ်ယောက်သယ်ပိုးသွားပါက တြိဂံပုံ သစ်သားသေတ္တာရှည်ကြီးတစ်လုံး သယ်သွား သလို မြင်ရမည် ဖြစ်၏။ အကယ်၍ သေချာကြည့်သည်ရှိသော် ဤသို့တွေ့ရပေမည်။ တြိဂံပုံဖြစ်နေသော မျက်နှာသုံးဖက်တွင် မှန်တံခါး သုံးချပ် တပ်ထား၏။ ထိုမှန်တံခါးများ အဖွင့်အပိတ် ချောမောရန်လည်း ကတ်သီးကက်သတ် ပတ္တာများနှင့် စီမံထား၏။ မှန်တံခါးများ ခဏ ထား။ မှန်တံခါးထဲ နာရီတွေဖြစ်အောင် စီမံထားပုံက ဤသို့ဖြစ်၏။

ရှေးနာရီများ၏ထုံးစံ အပေါ်ပိုင်းသုံးပုံတစ်ပုံတွင် နာရီဒိုင်ခွက်လုပ်ထားပြီး အောက်ပိုင်းသုံးပုံနှစ်ပုံတွင် ချိန်သီးအိမ် လုပ်ထား၏။ ထို့ကြောင့် ထိုနာရီကြီးတွင် နာရီ၊ မိနစ် လက်တံပါသော နာရီမျက်ခွက်(ဒိုင်ခွက်)သုံးခုနှင့် ချိန်းသီးသုံးလုံး ပါလေသည်။ နာရီဒိုင်ခွက် သုံး လုံးစလုံးတွင်လည်း သံပတ်ပေးရန် အပေါက်များ ပါသေး၏။ ထိုသည်သာမက နာရီထိုးသံမြည်ရန် သံပတ်ပေးရသော အပေါက်လည်း နာရီတစ်လုံးထဲတွင် တစ်မျက်နှာ တစ်ဒိုင်ခွက် တစ်ပေါက် ပါသေး၏။ အထဲကို မြင်ရသလောက် ချောင်းကြည့်ပြန်တော့လည်း နာရီတစ် လုံးထဲမှာတောင် သူ့မျက်နှာစာနှင့်သူ အချိန်တန် နာရီသံထိုးရန် အသံချောင်းကလေးတွေ၊ တူကလေးတွေ တပ်ထားသည်ကို တွေ့ရသေး တော့၏။ ဤတွင် ကိုလက်ပိ စဉ်းစားလေ၏။

အတွင်းက မက္ကနစ်ဇင် ဘယ့်နှယ်လုပ်ထားသည် ခဏထား။ အပြင်ကတွေ့ရသလောက်တော့ဖြင့် တစ်လုံးထဲဖြစ်နေပါလျှက် တစ်မျက်နှာနဲ့ တစ်မျက်နှာ၊ တစ်ဖက်နှင့် တစ်ဖက် အတော် ကဏ္ဍကောစနိုင်တဲ့ နာရီအစားပါလားဟ။ လုပ်ထားပုံကလည်း ကြည်ရှု ကောင်းအောင်နှစ်ဖက်တို့ လေးဖက်တို့လည်း မဟုတ်ဘူး။ သုံးဖက်ကြီး။ ဘယ့်နှယ့်ကောင်စားလုပ်သွားတဲ့ဟာလည်းမသိ။ စက်မှုဗေဒ သဘော အခြေခံမှာ “စုံ”အလုပ်လုပ်ခိုင်းတာက ကိစ္စမရှိလှဘူး။ “မ” အလုပ်လုပ်ခိုင်းမှဖြင့် အိုးနင်းခွက်နင်းဥစ္စာ။ အိုကွာ… အိမ်ရောက် တော့မှ သေချာဖွင့်ဖြုတ် ကြည့်ဦးမှ။

ဖွင့်ကြည့်သည်ရှိသော်တွေ့၏။ တွေ့သော် ဦးနှောက်ခြောက်လေ၏။ စက်က တစ်လုံးတည်း။ စက်အလုပ်လုပ်ကြောင်း ပြယုဂ် အနေနဲ့ ပေါ်နေတဲ့ မျက်နှာစာက သုံးဖက်။ ပျက်စီးနေသည်လည်း သိပ်မရှိ။ ကိုလက်ပိ ချေးလေးဘာလေးဆေးပြီး ပြန်ပြင်လိုက်တော့ နာရီက သွားရှာသည်။ ချောက် ချောက် ချက် ချက် နှင့်။ သို့သော် ခက်နေသည်က ဘယ်မျက်နှာစာ အပေါက်က သော့တံထိုးပြီး သံပတ် ပေးရကောင်းမလဲ တွေးမရ။ ကိုယ် ကိုယ်တိုင်လည်း ဒီနာရီ သေချာပြင်ထားတာပါ။ ၀မ်းထဲက စက်ကလည်း တစ်ခုတည်း။ ဒါပေမဲ့ မျက် နှာသုံးဖက်က မိနစ်လက်တံတွေက ပြ ပြနေတာ ဘယ်နှယ်မညီသတုံး။ အင်ဂျင်နီယာ ကိုလက်ပိ ဦးနှောက်ခြောက်တယ်။ အဲဒီကစပြီး ကို လက်ပိ နာရီကို မျက်ခြေမပြတ် ဂရုစိုက်နေတော့တာပဲ။ နာရီဒိုင်ခွက် မျာက်နှာသုံးဖက် တစ်ခုနဲ့တစ်ခု မညီတညီ ဖြစ်နေတာတော့ ကို လက်ပိလည်း ဘယ့်နှယ်လုပ်ရင်ကောင်းမလဲ ကြံနေတာပဲ။
တစ်နေ့ကျ သူ့နာရီနဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်နှင့်ပြောရင်း ကိုလက်ပိ နိုင်ငံရေးသမား ဖြစ်သွားတယ်ဆိုပဲ။

ဟုတ်တယ်လေ။

သူက လွတ်လပ်တယ်။

သူ့နာရီ မျက်နှာသုံးဖက်ကလည်း ဘယ်လိုပြင်ပြင် မညီဘူး။

အစကပြောခဲ့သလို ကိုလက်ပိ နာရီကို သဘောထားပုံကလည်း တစ်မျိုးတစ်မည်ရယ်။

မျက်နှာသုံးဖက်ရှိတဲ့ သူ့နာရီကြီးကတော့ အိမ်မှာ လူမသိသူမသိ ချောက် ချောက် ချောက် ချောက်နဲ့ သွားနေလေရဲ့။ သူပြင် ထားတာကိုး။

အရိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။